သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး Kerry နဲ့ အီရတ်ဝန်ကြီးချုပ် တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ရောက်လာချိန်ကို စောင့်နေတဲ့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki (လယ်)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ရောက်လာချိန်ကို စောင့်နေတဲ့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki (လယ်)
ဆူနီသူပုန်ထနေတဲ့ အီရတ်နိုင်ငံမှာ ကွဲပြားတဲ့အစုအဖွဲ့တွေအားလုံးပါဝင်တဲ့ အစိုးရတရပ်ဖွဲ့စည်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရတ်က ရှိရတ်ထိပ်တန်းခေါင်းဆောင်တွေကို ဖိအားပေးနေပါတယ်။ တချိန်တည်းမှာ ဆူနီ အစ္စလာမ်မစ်သူပုန်တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့အနောက်ခြမ်း ဒေသအတော်များများကို သိမ်းယူထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အီရတ်နိုင်ငံကို ကြိုတင်ကြေညာခြင်းမရှိဘဲ ရောက်ရှိခဲ့ပြီး အီရတ်ဝန်ကြီးချုပ် Nouri al-Maliki နဲ့ တနာရီခွဲကြာအောင် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ ရှိရတ်ဘာသာရေးခေါင်းဆောင်တဦးနဲ့ အကြီးတန်း ဆူနီလွှတ်တော်အမတ်နှစ်ဦးတို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။
အစိုးရသစ်တရပ်ကို ဇူလိုင် ၁ ရက်နေ့ နောက်ဆုံးထား ဖွဲ့မယ်ဆိုပြီး အီရတ်ခေါင်းဆောင်တွေက အာမခံ ပြောဆိုခဲ့တယ်လို့ မစ္စတာကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း ဆူနီသူပုန်တွေ ပိုပြီး ရှေ့မတိုးလာနိုင်ခင်မှာ တားဆီးဖို့ အလျင်အမြန်ဆောင်ရွက်ဖို့ လိုမယ်လို့ မစ္စတာကယ်ရီက သတိပေးခဲ့ပါတယ်။

ဆူနီသူပုန်တွေဖက်က မြို့တမြို့ပြီး တမြို့သိမ်းယူကာ ရှေ့တိုးလာတာဟာ အီရတ်နိုင်ငံကိုသာမကဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ မစ္စတာ Maliki က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့လည်း အီရတ်သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဒါကြောင့် သူပုန်တွေကို နှိမ်နင်းဖို့ အမေရိကန်ဖက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့ အီရတ်ခေါင်းဆောင်တွေက တိုက်တွန်းမေတ္တာရပ်ခံနေပါတယ်။
အမေရိကန်ဖက်ကတော့ ဒါကို စဉ်းစားသုံးသပ်နေပါတယ်။

သမ္မတအိုဘားမားအနေနဲ့ လုပ်ဆောင်နိုင်ခြေ နည်းလမ်းအတော်များများကို သုံးသပ် စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း စစ်ရေးတုံ့ပြန်ဖို့ နည်းကိုတော့ အီရတ်က အုပ်စုကွဲ အခြေအနေတွေပေါ်မှာ စဉ်းစားမှာမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအကျိုးစီးပွားအပေါ်မှာ အခြေတည်ပြီး စဉ်းစားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
XS
SM
MD
LG