သုံးရလွယ်ကူစေသည့် Link များ

မြန်မာမှာ ကန်တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Kerry ထောက်ပြ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ၁၂ နိုင်ငံ စေ့စပ်ညှိနှိုင်းနေတဲ့ TPP ခေါ် ပစိဖိတ်ဒေသဝန်းကျင် မိတ်ဖက် ကုန်သွယ်ရေး သဘောတူညီမှု ရရှိဖို့ အလားအလာကောင်းနေတဲ့အကြောင်း စင်္ကာပူမှာရောက်ရှိခိုက် ပြောသွားပါတယ်။ ဒီသဘောတူညီမှုကို အကောင်အထည်ဖော်ရာမှာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တာဝန်သိသိ ရင်းနှီးမြှုပ်နှံကြတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေအတွက်လည်း အကျိုးဖြစ်ထွန်းစေတယ်လို့ မြန်မာနိုင်ငံကို ဥပမာပေးပြီး ပြောဆိုသွားပါတယ်။ ဒေါ်လှလှသန်းက အကြောင်းစုံကို တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ၁၂ နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ် Hawaii မှာ စေ့စပ်ညှိနှိုင်းခဲ့တဲ့ TPP ခေါ် ပစိဖိတ်ဒေသဝန်းကျင် မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီမှုနဲ့ ပက်သက်ပြီး အကျိုးရလဒ်တွေကို စင်္ကာပူမှာရောက်ရှိစဉ် အခုလို သူက လျာထား ဖော်ပြသွားပါတယ်။

“TPP သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံတကာအလုပ်သမားနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံထားချက်တွေကို လိုက်နာကြရမှာဖြစ်သလို ကလေး လုပ်သား အသုံးပြုမှုနဲ့ ဘေးအန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာ အလုပ်စေခိုင်းမှု စတာတွေကို ရှောင်ရှားကြရမှာ ဖြစ်တဲ့အပြင် ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင်လုပ်ငန်းတွေ တရားမျှတစွာ ယှဉ်ပြိုင်မှုကိုလည်း ရရှိကြစေရမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ ပက်သက်လို့ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေကိုလည်း တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။”

ဒီစေ့စပ် ညှိနှိုင်းမှုမှာ စင်္ကာပူနဲ့ အမေရိကန် ပြည်ထောင်စုအပြင် ပစိဖိတ်ဝန်းကျင် တခြား ၁၀ နိုင်ငံတို့ ပါဝင်တာဖြစ်ပြီး ဒီနိုင်ငံအားလုံးတို့ ပေါင်းရင် ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေး Policy ဟာလည်း စီးပွားရေး Policy ပေါ်မှာ အခြေပြုတာဖြစ်တဲ့အတိုင်း အမေရိကန်ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံရာမှာ စီးပွားရေးအရ အောင်မြင်ကြတဲ့အပြင် အထူးသဖြင့် အရှေ့တောင် အာရှမှာဆိုရင် သက်ဆိုင်ရာနိုင်ငံတွေ အတွက်လည်း အကျိုးရှိစေခဲ့တယ်လို့ ဝန်ကြီး Kerry က ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့် အာဆီယံနိုင်ငံများမှာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေဟာ အဓိက ရင်းနှီးမြုပ်နှံရှင်တွေဖြစ်ကြပြီး ဒီနိုင်ငံတွေမှာ အမေရိကန်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ တရုတ်၊ ဂျပန်၊ ကိုးရီးယား ရင်းနှီးမြှုပ်နှံမှု အားလုံးပေါင်းထက်များတာဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း ၂၀၀၁ ကနေ ၂၀၁၂ ခုနှစ်အထိ အာဆီယံဘက်က အမေရိကန်မှာ လာရောက် ရင်းနှီးမြှုပ်နှံတာဟာလည်း ကမ္ဘာ့ဒေသ အားလုံးပေါင်းထက် ပိုများတာတွေ့ရတယ်လို့ ဝန်ကြီး Kerry ကပြောပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပမာဏအရများရုံသာမက အရည်အသွေး ထိန်းချုပ်မှုလည်း ရှိတယ်လို့ ဝန်ကြီး Kerry က ထောက်ပြခဲ့ပါတယ်။

“တချို့နိုင်ငံတွေမှာ သွားရောက်ရင်းနှီးမြှုပ်နှံရသူတွေနဲ့ မတူဘဲ Microsoft ကအစ Pepsi အဆုံး အမေရိကန်ကုမ္ပဏီတွေဟာ ဒေသခံလူတွေကို သင်တန်းပေးရပါတယ်။ ငှားရမ်းကြရပါတယ်။ ပတ်ဝန်းကျင်မထိခိုက် မပျက်စီးအောင် ဂရုစိုက်ရတဲ့အပြင် သန့်ရှင်းတဲ့ စွမ်းအင်သုံးဖို့အတွက် အမေရိကန်ကုမ္ပဏီတွေဟာ တိုးပြီးတော့ ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ ဒေသခံပတ်ဝန်းကျင်အပေါ် အန္တရာယ် မဖြစ်စေရအောင် သတိထားပြီးတော့ လုပ်ဆောင်ရပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုမှာ အားပေးရာမြောက်အောင် အမေရိကန်နိုင်ငံသားတဦးအနေနဲ့ ပြည်ပမှာ အဂတိလိုက်စားမှုရှိခဲ့ရင် အရေးယူနိုင်ဖို့လည်း ဥပဒေချမှတ်ထားပြီးတော့ ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။"

မြန်မာနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေရဲ့တာဝန်သိ ရင်းနှီးမြှုပ်နှံမှုကိုလည်း ဝန်ကြီးကယ်ရီက ဥပမာပေး ပြောကြားသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာစပြီးတော့ သွားရောက် ရင်းနှီးမြှုပ်ကြတဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ထင်သာမြင်သာရှိမှုနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကြရမယ့် စံသတ်မှတ်ချက်တွေကို ဘယ်လို လိုက်နာနေကြသလဲဆိုတာ လူသိရှင်ကြား အစီရင်ခံကြရတာဖြစ်ပါတယ်။ ဥပမာ ကိုကာကိုလာကုမ္ပဏီဆိုရင် လူ့အခွင့်အရေး လေးစားလိုက်နာရမယ့် စံထားချက်တွေ ချမှတ်ထားသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာလည်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် နေတာ ဖြစ်ပါတယ်။ နောက်ပြီး ဒေသခံလူ့အဖွဲ့အစည်းတွေကို အထောက်အကူပြုစေဖို့ မြန်မာကျေးရွာနဲ့မြို့တွေအတွက် ရေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ ပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက်လည်း ဒေါ်လာ သန်းနဲ့ချီပြီးတော့ အကုန်အကျခံနေတာ ဖြစ်ပါတယ်။”

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအများစုကို ရုပ်သိမ်းပေးခဲ့ပြီးတဲ့နောက် အမေရိကန်ကုမ္ပဏီတွေဟာ စတင် ရင်းနှီး မြှုပ်နှံခဲ့ရာမှာ ၂၀၁၂ ခု၊ ဇူလိုင်လကစလို့ အမေရိကန်ဒေါ်လာ ၆၁၂ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ CSR လို့ အတိုကောက်ခေါ်တဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ လူမှုရေးတာဝန်သိမှု စံနှုန်းတွေ အပေါ် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေနဲ့ ကိုကာကိုလာဟာ ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံခဲ့ပြီး လုပ်ငန်းပေါင်း ၂ သောင်း၊ ၂ ထောင်ကိုလည်း ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုပညာပေး စသဖြင့်တို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ အခုလို အမေရိကန်က ရင်းနှီးမြှုပ်နှံရာမှာ ပတ်ဝန်းကျင်မပျက်စီးရလေအောင် ထိန်းသိမ်းနိုင်ရေးနဲ့ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ကိုလည်း ထောက်ခံအားပေးဖို့ ဝန်ကြီးကယ်ရီက ပြောခဲ့ပါတယ်။ ဝန်ကြီးကယ်ရီအနေနဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့ စတင်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံကိုလည်း တက်ရောက်ဖို့ ရှိပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG