သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းဝင်သူပိုင် ဟော်တယ် နိုင်ငံခြားရေးဝန်ကြီး Kerry တည်းခို


အာဆီယံဒေသတွင်း အစည်းအဝေးတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ နေထိုင်စဉ် အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားသူတစ်ဦး ပိုင်ဆိုင်တဲ့ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် ရန်ကုန်မှာတော့ လူပြောများတဲ့ သတင်းတပုဒ်ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး တည်းခိုဖို့ို စီစဉ်ဆောင်ရွက်ပေးသူဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ အစည်းအဝေးတက်ရောက်စဉ်အတွင်း Lake Garden ဟိုတယ်မှာ တည်းခိုခဲ့သလို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကိုလည်း အဲဒီ ဟိုတယ်မှာပဲ ပြုလုပ်ခဲ့တာပါ။ ဒီ ဟိုတယ်ကို ဦးဇော်ဇော်ပိုင်တဲ့ Max Myanmar ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်တယ်ဆိုတာကို Max Myanmar တာဝန်ရှိသူတွေကို ကိုးကားပြီး ရန်ကုန်အခြေစိုက် Myanmar Times သတင်းမှာ ရေး သားဖော်ပြလိုက်တာကြောင့် ရန်ကုန်မှာ လူပြောများတဲ့ သတင်း တပုဒ် ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၀၈ ခုနှစ် JADE လို့ လူသိကြတဲ့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှု ဥပဒေအရ ပြစ်ဒဏ်ခတ် ခံစာရင်းထဲမှာ ဦးဇော်ဇော်ကိုရော သူ့ရဲ့ Max Myanmar ကုမ္ပဏီကိုပါ ၂၀၀၉ခုနှစ်မှာ စတင် ထည့်သွင်းထားတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဲဒီ စာရင်းကို ထပ်မံဖြည့်စွက်တော့လည်း ဦးဇော်ဇော်ရဲ့နာမည်က ပါနေတုန်းပါ။

“Foreign Ministers meeting ပေါ့။ အဲဒါနဲ့တွဲလုပ်တဲ့ ARF ပေါ့လေ၊ Asean Region Forum ပေါ့၊ လာတဲ့အချိန်မှာ သူတို့က တည်းတဲ့ဟော်တယ်လ်က အမေရိကန်အစိုးရက Sanction လုပ်ထားတဲ့သူရဲ့ ဟော်တယ်လ် ဖြစ်နေတယ်လေ။ အဲဒီဟာက ဟိုးလေးတကြော် ဖြစ်သွားတာပေါ့။ ပထမတော့ လူတွေက မယုံဘူးပေါ့၊ နောက်တော့မှ မီဒီယာတွေကလည်း သေသေချာချာ ထည့်ရေးလိုက်တဲ့အချိန်ကျတော့မှပဲ လူတွေက တအံ့တသြ ဖြစ်ရတာပေါ့လေ။”

ဦးဇော်ဇော်အပါအဝင် အရင်စစ်အစိုးရနဲ့ နီးစပ်ပတ်သက်မှုရှိတဲ့ ခရိုနီစီးပွားရေးသမားတွေကို အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားအရေးယူမှု စာရင်းထဲမှာ ထည့်ထားပြီး ဒီ လူတွေနဲ့ စီးပွားရေးပတ်သက်တာ ငွေကြေးအလွဲှအပြောင်းလုပ်တာတွေအပေါ် အမေရိကန်ပြည်ထောင်စုက တားမြစ် ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို စုံစမ်းမေးမြန်းရာမှာတော့ ဒီခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး တည်းခိုနေရာချထားဖို့ ကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဖက်က စီစဉ်ဆောင်ရွက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် IEEPA ခေါ်တဲ့ International Emergency Economic Power Act အရဆိုရင် ထူးခြားတဲ့အခြေအနေတရပ်အောက်မှာ အမေရိကန်တာဝန်ရှိသူတွေ အထူးသဖြင့် ခရီးသွားလာရတဲ့အခါမှာ ဒီတားမြစ်ကန့်သတ်ချက်အပေါ် ယာယီ ဖြေလျှော့ခွင့်ပေးတဲ့ အချက်ရှိတယ်လို့လည်း နိုင်ငံခြားရေးဌာန အရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့်လို့ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံမရောက်ခင်မှာ သူ တည်းခိုမယ့်ဟိုတယ်ဟာ ဦးဇော်ဇော်ပိုင် ဟိုတယ်ဆိုတာ ကြိုသိထားသလား၊ ဒါမှမဟုတ် အဲဒီအတွက် ယာယီဖြေလျှော့ခွင့်ယူထားလားဆိုတာတွေကိုတော့ အသေအချာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

XS
SM
MD
LG