သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအပေါ် ဖိအားပေးဖို့ ဝန်ကြီးကယ်ရီတိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye (မေ ၁၈၊ ၂၀၁၅)

ကိုရီးယားကျွန်းဆွယ်လုံခြုံရေးနဲ့ အမေရိကန်၊ ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerryဟာ တောင်ကိုရီးယားသမ္မတ Park Geun-hye ၊နိုင်ငံခြားရေးဝန်ကြီး Yun Byung-se တို့နဲ့ Seoul မြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်အနေနဲ့နှစ်ဘက် ဆွေးနွေးပွဲကျင်းပရေး အစပျိုး လုပ်ဆောင်နိုင်အောင် မြောက်ကိုရီးယားက သူ့ရဲ့ Nuclear အစီအစဉ်ကိုထိန်းချုပ်ဖို့ ဘာမှ လုပ်ပုံမရဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကယ်ရီက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပြီး မြောက်ကိုရီးယားအပေါ် ဖိအား တိုးပေးမှရမယ်လို့ ဆိုပါတယ်။

"မြောက်ကိုရီးယား နိုင်ငံအနေနဲ့ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် သတ်မှတ်ချက်တွေ၊ ကတိကဝတ်တွေနဲ့ အညီ လုပ်ဆောင်ဖို့ စစ်မှန်တဲ့ဆန္ဒရှိတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေတဲ့ အရေးကြီးကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိတယ် ဆိုတာကို ပြသနိုင်ရင် အမေရိကန်နဲ့ ပိုမိုကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ထားရှိနိုင်အောင် ဆက်လုပ်သွားမှာပါ။ ဒါပေမဲ့ မကြာသေးခင်က ရန်လိုတဲ့ လုပ်ရပ်တွေနဲ့အတူ အခုချိန်ထိကတော့ မြောက်ကိုရီးယားအစိုးရဟာ ဒီလို ပြသနိုင်တဲ့ အနေအထား အနည်းအကျဉ်းတောင်မရှိတဲ့အပြင် နျူကလီယား လက်နက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေကို ဆက်လက် စမ်းသပ် လုပ်ဆောင်နေပါတယ်” - လို့ မစ္စတာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီ ဒုံးကျည်နဲ့ နျူကလီယား စမ်းသပ်မှုတွေကြောင့်လည်း ကုလသမဂ္ဂက မြောက်ကိုရီးယားကို အကြီးအကျယ်ဖိအားပေးနေပါတယ်။ မစ္စတာ Kerry ကလည်း မြောက်ကိုရီးယားအနေနဲ့ အခုလို လူအခွင့်အရေးတွေကို ဆက်လက် ချိုးဖောက်နေမယ်ဆိုရင် နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံးကို တိုင်ကြားခံရနိုင်တယ်လို့ ပြောပါတယ်။

မစ္စတာ ကယ်ရီဟာ တနင်္ဂနွေနေ့တုန်းကတော့ တရုတ်သမ္မတရှီကျင်းဖျင်နဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ဦးကကိုရီးယား ကျွန်းဆွယ်မှာ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် သေချာကြိုးပမ်းကြဖို့ ဆွေးနွေးတိုင်ပင်ပြီး မြောက်ကိုရီးယားအပေါ် ဆက်ပြီး ဖိအား ပေးထားဖို့ အရေးကြီးတယ်ဆိုတာကို ပြောဆိုခဲ့ကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG