သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် သဘောတူညီချက် ခါမေနီ အာမ မခံသေး


အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ။
အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ။

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး၊ အပြန်အလှန် အနေနဲ့ နိုင်ငံတကာ က အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးရေး အနောက်နိုင်ငံတွေ နဲ့ မကြာသေးခင်က ရရှိထားတဲ့ အခြေခံ လုပ်ငန်းစဉ် ဟာ နောက်ဆုံး သဘောတူညီချက် ရနိုင်အောင် အာမ မခံနိုင်သေးဘူးလို့ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။

အီရန်နိုင်ငံနဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရရှိခဲ့တဲ့ ယာယီသဘောတူညီချက်အပေါ် သူ့အနေနဲ့ ထောက်ခံတာပဲဖြစ်ဖြစ် ဆန့်ကျင်တာပဲဖြစ်ဖြစ် သဘောထား မပေးလိုပေမဲ့ ဒါဟာ နောက်ဆုံး သဘောတူညီချက်မဟုတ်သလို၊ မဖြစ်မနေ လိုက်နာရမယ့် သတ်မှတ်ချက် မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက် အားပေးသွားမှာ ဖြစ်သလို၊ အီရန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ အပေးအယူ ညှိနှိုင်းမှုမျိုးတွေ အတွက်လည်း လမ်းဖွင့်ထားတဲ့အကြောင်း အီရန်နိုင်ငံက သြဇာ အကြီးဆုံး ခေါင်းဆောင်တဦးဖြစ်တဲ့ Khamenei က ပြောဆိုခဲ့ ပါတယ်။ နောက်ဆုံး သဘောတူညီချက်နဲ့ ပတ်သက်လို့ အဓိပ္ပါယ် ဖွင့်ထားတဲ့ အချက်အလက်တွေကို အမေရိကန်က ထုတ်ပြန်ခဲ့တဲ့ အပေါ်မှာတော့ မိုက်မဲတဲ့ လုပ်ရပ် အဖြစ်နဲ့လည်း ဝေဖန်ခဲ့တာပါ။

နောက်ဆုံး သဘောတူညီချက် ရရှိတဲ့အခါ အီရန်အပေါ် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်ထားတာတွေကို ဘယ်လောက်မြန်မြန် ဖယ်ရှားပေးမလဲ ဆိုတာအပါအဝင် အရေးကြီးတဲ့ ကိစ္စတော်တော်များများနဲ့ ပတ်သက်လို့တော့ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား သဘောထား ကွဲလွဲမှုတွေလည်း ရှိနေကြပါတယ်။

နိုင်ငံတကာက ဒဏ်ခတ်မှုတွေအားလုံး ဖယ်ရှားရေး အစီအစဉ် မပါပဲနဲ့တော့ နောက်ဆုံး သဘောတူညီချက်ကို လက်ခံမှာ မဟုတ်ဘူးလို့လည်း အီရန်သမ္မတ Hassan Rouhani က ဒီကနေ့ အစောပိုင်း မိန့်ခွန်း ထဲမှာ ပြောဆိုထားတာပါ။

XS
SM
MD
LG