သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ဝေဖန်မှုအပေါ် Khan ဇနီးမောင်နှံတုန့်ပြန်


Trump ဝေဖန်မှုဖြင့် သတင်းကြီးသူ Khan ဇနီးမောင်နှံနှင့် VOA တွေ့ဆုံမေးမြန်း
Trump ဝေဖန်မှုဖြင့် သတင်းကြီးသူ Khan ဇနီးမောင်နှံနှင့် VOA တွေ့ဆုံမေးမြန်း

ပြီးခဲ့တဲ့သတင်းပတ်က Philadelphia မှာကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီညီလာခံမှာ သမ္မတလောင်း ဟီလာရီကလင်တန်အတွက် ထောက်ခံစကားပြောပေးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ Khizr Khan လည်း ပါဝင်ပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြောင်းရွှေ့ အခြေချနေထိုင်ကြတဲ့ မိသားစုဖြစ်ပြီး သူတို့ထဲက သားဖြစ်သူ အမေရိကန် စစ်မှုထမ်း ဗိုလ်ကြီး Humayun S. M. Khan ဟာအီရတ်နိုင်ငံအတွင်းက စစ်ပွဲအတွင်း ကားဗုံးဖောက်ခွဲတိုက်ခိုက်မှုမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။ ဒီမိုကရက်ပါတီညီလာခံမှာ Mr. Khan က ရီပါပလင်ကန်သမ္မတလောင်း Donald Trump ကို ဝေဖန်ပြစ်တင်ခဲ့တဲ့အတွက် Trump ကလည်း ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ Khan နဲ့ဇနီးဖြစ်သူတို့ဟာ တနင်္လာနေ့က ဗွီအိုအေကိုရောက်လာပြီး Urdu ဌာနနဲ့ ရုပ်သံတွေ့ဆုံမေးမြန်း ခန်းပြုလုပ်ခဲ့ရာ မှာ ပြောကြားချက်တွေကို ဒေါ်လှလှသန်း က ကောက်နုတ်တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ဒီမိုကရက်ပါတီညီလာခံ နောက်ဆုံးနေ့မှာ ပါကစ္စတန်နွယ်ဖွား Khizr Khan က ဇနီးဖြစ်သူ Ghazala Khan နဲ့အတူ စင်မြင့်ပေါ်မှာတက်ပြီး သမ္မတလောင်း ဟီလာရီကလင်တန်ကို ထောက်ခံကြောင်း ပြောကြားခဲ့ရာမှာ ရီပါပလင်ကန်သမ္မတလောင်း Donald Trump ကိုပါဝေဖန်ခဲ့တာဖြစ်ပါတယ်။ ခုလိုဝေဖန်မှုကြောင့် Donald Trump ကတနင်္ဂနွေနေ့က ABC ရုပ်မြင်သံကြားသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့အနေနဲ့ နိုင်ငံအတွက် အလုပ်ကိုင်ပေါင်း သိန်းနဲ့ချီပြီး ဖန်တီးပေးခဲ့သလို အဆောက်အဦးပေါင်း သောင်းနဲ့ချီပြီးတော့လည်း ဆောက်ခဲ့တာဖြစ်လို့ စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီးပြုလုပ်ခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ ဒါအပြင် ဒီမိုကရက်ပါတီညီလာခံမှာ ခင်ပွန်းသည် Khan ကမိန့်ခွန်းပြောကြားစဉ် စင်ပေါ်မှာ ဇနီးဖြစ်သူ Ghazala Khan ကလည်း ဘေးမှာရပ်နေပေမယ်လို့ ဘာမှပြောကြားခဲ့ခြင်းမရှိတဲ့အပေါ်မှာလည်း သူ့ကို ပြောခွင့်မပေးလို့ဖြစ်နိုင်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ Ghazala Khan ကတော့ သူ့အနေနဲ့ စကားမပြောခဲ့တာက ၂၀၀၄ခုနှစ်က အီရတ်မှာ အမေရိကန်စစ်မှုထမ်းအဖြစ် ကျဆုံးခဲ့တဲ့ (၂၇)နှစ်အရွယ် သားဖြစ်သူ ဗိုလ်ကြီး Humayun S. M. Khan ကိုဆုံးရှုံးခဲ့တဲ့ မိခင်တဦးရဲ့ နာကျင်မှုဝေဒနာကို သူဘာမှ ထုတ်မပြောပေမယ်လို့လည်း ကမ္ဘာကြီးနဲ့အတူ အမေရိကန်တနိုင်ငံလုံးက ထပ်တူထပ်မျှခံစားကြမယ်လို့ သူယုံကြည်တဲ့အကြောင်း စာနဲ့ရေးသားပြီး ဖေါ်ပြခဲ့ပါတယ်။ ခန့်ရဲ့အခုလိုပြောဆိုမှုတွေကြောင့် သတင်းပတ်ကုန်အတွင်း အင်တာနက်ပေါ်မှာ နဲ့ လေလှိုင်းတွေပေါ်မှာ အခြေအတင်ပြောဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ဗွီအိုအေ အမေရိကန်အသံကိုလာရောက်ခဲ့တဲ့ Khan နဲ့ဇနီးမောင်နှံတို့ကို Urdu ဌာနက ရုပ်သံလွှင့်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့သား အီရတ်မှာ ကျဆုံးခဲ့တာ အဲဒီနေ့က (၁၂)နှစ် တလ နဲ့ (၂၄)ရက် တင်းတင်းပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ Donald Trump ရဲ့အပေါ် ပြောဆိုတုန့်ပြန်မှုတွေနဲ့ပတ်သက်လို့ Mr. Khan ကအခုလိုဖြေကြားခဲ့ပါတယ်။

“ဒီအတွက် ရီပါပလင်ကန်ပါတီဝင်အများစုက Trump ကိုစကားကြည့်ပြောဖို့၊ လူနည်းစုတွေအပေါ် နှိမ်ချပြောဆိုမှုတွေမလုပ်ဖို့၊ မွတ်စလင်တွေအပေါ်သာမက အမျိုးသမီးတွေ၊ တရားသူကြီးတွေ၊ ဒီနိုင်ငံရဲ့ တရားရေးစနစ်တွေနဲ့ပတ်သက်လို့ သတိထားပြောဖို့ ဝိုင်းပြောလာကြတာ တွေ့ရပါတယ်။ Trump ဘက်ကလည်း သတိထားပြောဆိုစပြုလာပြီးဆိုတော့ သက်ရောက်မှုတော့ တွေ့နေရပါပြီ။”

အခုလို ဒီမိုကရက်ပါတီညီလာခံမှာ မွတ်စလင်တဦးအနေနဲ့ မိန့်ခွန်းပြောကြားရာမှာ ဂယက်ရိုက်မှုတော့ရှိမှာကို သူ့အနေနဲ့ ကြိုတင်ပြီး မိသားစုနဲ့ တိုင်ပင်ဆွေးနွေးခဲ့တာဖြစ်တယ်လို့လည်း Mr. Khan ကပြောခဲ့ပါတယ်။

“ ပါတီညီလာခံမှာ ကျနော်မိန့်ခွန်းမပြောမှီက ကျနော်တို့မိသားစုတွေ ဝိုင်းထိုင်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ မွတ်စလင်အနေနဲ့ ကျနော်တို့အခုလို ပါဝင်သင့်သလားဆိုတောပေါ့။ ကျနော်တို့ ဆုံးဖြတ်ခဲ့တာကတော့ ဘယ်လိုဂယက်ရိုက်ခတ်မှုဒဏ် ခံရပါစေ အတူခံမယ်၊ ရှေ့ကိုဆက်လှမ်းသွားမယ်ဆိုတာပါပဲ။”

ကျဆုံးစစ်သည်တဦးရဲ့ မိဘနှစ်ပါးကို ခုလိုဝေဖန်ခဲ့တဲ့အတွက် Trump အပေါ် Arizona ပြည်နယ် ဝါရင့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း ပြစ်တင်လိုက်ပါတယ်။ ၁၉၆၀ခုနှစ်များက ဗီယက်နမ်မှာ စစ်သုံ့ပန် ဖြစ်ခဲ့တဲ့အပြင် ၂၀၀၈ခုနှစ်က ကိုယ်တိုင်လည်း ရီပါပလင်ကန်သမ္မ တလောင်းဖြစ်ခဲ့တဲ့ မစ္စတာမက်ကိန်းက Trump ရဲ့ပြောဆိုမှုဟာ ရီပါပလင်ကန်တွေရဲ့ အမြင်ကို ထင်ဟပ်ပေါ်လွင်စေခြင်းမရှိတဲ့အကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒါအပြင် နိုင်ငံအတွက် အသက်ပေးခဲ့တဲ့ သားဖြစ်သူကိုလည်း နိုင်ငံအနေနဲ့ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့အကြောင်းလည်း မစ္စတာကိန်းက ဖေါ်ပြခဲ့ပါတယ်။

အလားတူပဲ Trump ရဲ့ဒုသမ္မတလောင်း Mike Pence ကလည်း အသက်ဆုံးရှုံးခဲ့တဲ့ စစ်မှုထမ်း Khan ဟာ သူရဲကောင်းတဦးဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။ အခုလို Trump အပေါ် သူ့ပါတီကဝေဖန်မှုတွေ ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး Mr. Khan က--

“သူ့အပေါ် ရီပါပလင်ကန်တွေက ဝိုင်းပြောခဲ့ကြတဲ့အတွက် ကျနော်အားတက်မိပါတယ်။ ဒီသမ္မတကိုယ်စားလှယ်လောင်းဟာ မှားတဲ့ဘက်လိုက်ပြီး အမှန်ဘက်ကို မလိုက်ပါဘူး။ ဒါကြောင့် ဝါရင့် ရီပါပလင်ကန်ခေါင်းဆောင်ပိုင်းရဲ့ ထောက်ခံမှုကို သူဆုံးရှုံးနေတာ တွေ့ရပါတယ်။ သူနဲ့ခပ်ခွာခွာ၊ ခပ်ကင်းကင်းနေကြတဲ့ ပုဂိုလ်တွေ စာရင်းကိုကြည့်ရင် ဒီလိုသမ္မတလောင်းမျိုး ဘယ်လိုရွေးကောက်ခံရမလဲလို့ မေးစရာဖြစ်လာပါတယ်။”

ဒီမိုကရက်ပါတီညီလာခံ စင်မြင့်ပေါ်မှာ ခင်ပွန်းရဲ့ဘေးနားရပ်ပြီး စကားတလုံးမှ မပြောခဲ့လို့ ဝေဖန်ခြင်းခံခဲ့ရတဲ့ Ghazala Khan က သားဖြစ်သူ ဗိုလ်ကြီး Humayun S. M. Khan နဲ့ပတ်သက်လို့ အခုလို မိခင်တဦးအနေနဲ့ ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“ကျမသားနဲ့ပတ်သက်လို့တော့ ကျမဘယ်တော့မှ မေ့မရပါဘူး။ ကျမရင်ထဲမှာ အမြဲပဲခံစားချက်တွေရှိနေမှာပါ။ ကျမနောက်ဆုံး သူနဲ့စကားပြောခဲ့စဉ်က သူက အီရတ်မှာ မိခင်များနေ့က ကျမကိုခေါ်ပြီး နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ကျမက သူ့ကို သူရဲကောင်းကြီး သွားမလုပ်နဲ့၊ ဘေးကင်းအောင်နေ၊ စခန်းထဲမှာပဲနေ၊ အပြင်မထွက်ပါနဲ့၊ အမေဒါပဲ မှာပါရစေလို့ပြောခဲ့တယ်။ သူက ကျမကိုပြန်ပြောခဲ့တာကတော့ သူ့မှာ သူစစ်သားတွေ၊ သူ့လူမျိုးတွေအတွက် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဒါကြောင့် သူ့အနေနဲ့လည်း ခုလို အသက်ပေးသွားရတာ ဖြစ်တယ်လို့” မိခင်ဖြစ်သူ Ghazala Khan က ဗွီအိုအေကိုေ ပြာကြား ခဲ့တာဖြစ်ကြောင်းပါရှင်။

Trump ဝေဖန်မှုအပေါ် Khan ဇနီးမောင်နှံတုန့်ပြန်
please wait

No media source currently available

0:00 0:06:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG