သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအတွက် ရွှေချောင်းနဲ့ ဒေါ်လာတွေ စီစဉ်ပေးခဲ့လို့ ဦးဖြိုးမင်းသိန်းဇနီး ထွက်ဆို


ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်။ (ယခင်ပုံဟောင်း)
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

NLD ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တောင်းဆိုမှုအရ ဒေါ်အောင်ဆန်းစုကြည်ကိုပေးဖို့ ရွှေချောင်းနဲ့ ဒေါ်လာတွေ စီစဉ်ပေးခဲ့ရတယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှုအတွက် ကြားနာပွဲမှာ ဒီနေ့ ထွက်ဆိုခဲ့ပါတယ်။

အဂတိလိုက်စားမှုတွေအတွက် အထူးတရားရုံးမှာ သောကြာနေ့တိုင်း ကြားနာစစ်ဆေးနေတာမှာ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်မှာဒေါ်ခင်မိမိကြွယ်က အမှုတခုအတွက် တရားလိုသက်သေအနေနဲ့လာရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်ခင်မိမိကြွယ်က သူမ ခင်ပွန်း ဖြစ်သူတောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပေးဖို့ ရွှေချောင်းနဲ့ ဒေါ်လာတွေ စီစဉ်ပေးခဲ့ရတယ်လို့ ပြောပေမယ့် ဒါတွေကို ဘယ်လိုရခဲ့သလဲ၊ ဘယ်နေ့က စီစဉ်ပေးခဲ့ရတာလဲ၊ ဘယ်နေ့၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ ပေးခဲ့သလဲဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ခြင်း မရှိဘူးလို့ စုံစမ်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်ဆိုတာမှာလည်း သူကိုယ်တိုင် လိုက်သွားခဲ့တာမဟုတ်တဲ့အတွက် မသိဘူးလို့ တရားခွင်မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ဒေါ်ခင်မိမိကြွယ် တရားလိုသက်သေအဖြစ် ထွက်ဆိုဖို့ အရင် ရုံးချိန်းတွေတုန်းက ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ခဲ့ခြင်း မရှိဘဲ ၄ ခေါက်မြောက်ဖြစ်တဲ့ ဒီနေ့ရုံးချိန်းကျမှ လာရောက်ထွက်ဆိုတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဘယ်လို တုံ့ပြန်မေးခွန်းတွေ မေးခဲ့သလဲဆိုတာကိုတော့ မသိရပါဘူး။

နေပြည်တော်ကလာတဲ့ သတင်းတွေအရ ဒီနေ့ အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အဂတိလိုက်စားမှု ၄ မှုထဲက လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် အဂတိလိုက်စားတယ်ဆိုတဲ့ အမှုကိုလည်း ကြားနာခဲ့ပါတယ်။ ဒီအမှုအတွက် နေပြည်တော် လူမှုဖူလုံရေးကော်မတီက တာဝန်ရှိသူတဦး စစ်ကောင်စီဘက်က သက်သေအနေနဲ့ လာရောက်ထွက်ဆိုခဲ့တာကို စစ်ဆေးကြားနာခဲ့တယ်လို့သိရပါတယ်။

အဂတိလိုက်စားမှု ၄ မှုမှာ ကျန်တဲ့ ၂ မှုအတွက် စစ်ကောင်စီဘက်က သက်သေတွေ ရောက်မလာတဲ့အတွက် မစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်တခေါက်ရုံးချိန်ဖြစ်တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကျရင်တော့ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းနဲ့ဒေါ်လာတွေ ပေးတယ်ဆိုတဲ့အမှုအတွက် တရားလိုဘက်က နောက်ထပ်သက်သေတယောက် တင်သွင်းထားတယ်လို့ သိရပေမယ့် ဘယ်သူလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာတွေကို သတင်းမပေးရလို့ ပုဒ်မ ၁၄၄ နဲ့အမိန့်ထုတ်ပြန် တားမြစ်ထားတာကြောင့် ကြားနာပွဲ အသေးစိတ်ကိုတော့ မေးမြန်းနိုင်ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


==========

{{Unicode}}









==========

XS
SM
MD
LG