သုံးရလွယ်ကူစေသည့် Link များ

ကုလ-မြန်မာ့မိတ်ဖက်နိုင်ငံများ အစည်းအဝေး ဝန်ကြီးဦးခင်ရီ တက်ရောက်


လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ယာ-အစွန်)
မြန်မာနိုင်ငံဟာ သူ့နိုင်ငံရဲ့သမိုင်းကို ပုံဖော်နေတဲ့ အချိန်ရောက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ကို မြန်မာ့မိတ်ဖက်နိုင်ငံများအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်
တွေ့ဆုံဆွေးနွေးပွဲမှာ Mr. Ban Ki Moon က ခုလို ပြောသွားတာဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်တဲ့
ဆွေးနွေးပွဲမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအများအပြားလုပ်နေတဲ့ မြန်မာနိုင်ငံဟာ သမိုင်းဝင် အသွင်ကူးပြောင်းမှုကို စတင်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာအစိုးရဲ့ ဆောင်ရွက်ချက်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အလုပ်ဖြစ်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့တဲ့အပေါ် ဆွေးနွေးပွဲ တက်ရောက်ကြတဲ့ မြန်မာ့မိတ်ဖက်နိုင်ငံတွေဖက်ကလည်း အကောင်းဘက်သွားနေတဲ့ ခြေလှမ်းတွေအဖြစ် မြင်ကြတယ်လို့ ဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။


ဒီမိုကရေစီဖော်ဆောင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရေးအတွက် ဆောင်ရွက်နေတဲ့ နေရာတွေမှာ
ဆက်ပြီးအားပေးထောက်ခံသွားမယ်လို့လည်း မြန်မာ့မိတ်ဖက်နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေက ပြောကြားခဲ့ကြပါတယ်။


တချိန်တည်းမှာပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဘက်အားလုံးက နိုင်ငံရေးစိတ်ဆန္ဒရှိမှုကို ပြသဖို့လည်း တိုက်တွန်းပါတယ်။

တခါ ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်မှုမှန်သမျှကို အစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့
ထောက်ပြပါတယ်။ လူမှုအသိုင်းတွေကြား ရှိနေတဲ့ တင်းမာမှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ နိုင်ငံသားသတ်မှတ်ရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရေးဟာ တန်းတူညီမျှမှုရှိပြီး အားလုံးပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အရေးတကြီးဆောင်ရွက်သင့်တာတွေဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း အနှစ် ၃၀ အတွင်း ပထမဆုံးကောက်ခံတဲ့ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေ၊ ၂၀၁၅
ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်လာနိုင်ဖို့
ညှိုနှိုင်းနေကြတဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ်အပြင် တခြားဒေသတွေမှာ ဘာသာရေးနဲ့ မတူညီတဲ့လူမှုအသိုင်းအဝိုင်းတွေကြား တင်းမာမှုတွေဟာ
မြန်မာနိုင်ငံရင်ဆိုင်နေရဆဲဖြစ်တဲ့ စိန်ခေါ်မှုတွေဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့အဆင့်ကို ရောက်နေတဲ့ကာလမှာ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေကို ကုလသမဂ္ဂက ဆက်ပြီး ထောက်ခံသွားမယ်ဆိုတာကို မြန်မာ့မိတ်ဖက်နိုင်ငံများ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထပ်ပြီး အာမခံသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG