သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ၂ ယောက်မူ မြန်မာဝန်ကြီးထောက်ခံမှု အမေရိကန်စိုးရိမ်


မြန်မာနိုင်ငံအတွင်း မူဆလင်တွေအပေါ် အာဏာပိုင်တို့ရဲ့ ပြုမူဆက်ဆံပုံ တချို့နဲ့ ပက်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မူဆလင် လူနည်းစုအပေါ် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ကန်သတ်ချက်နဲ့ ပက်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ms. Jan Pasaki က အခုလို ပြောပါတယ်။

“ရိုဟင်ဂျာ မူဆလင်တွေကို တအိမ်ထောင် ကလေးနှစ်ယောက်ပဲ ယူရမယ်လို့ ကန့်သတ်တဲ့ မူဝါဒကို အတည်ပြု ချမှတ်မယ်၊ ဒါမှမဟုတ် ရှေ့တိုးလုပ်ဆောင်သွားဖို့ အာဏာပိုင်တချို့က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အတွက် ကျမတို့ အတော်စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီလို အတင်းအဓမ္မ ခွဲခြား ဆက်ဆံပြီး ကလေးဖွားမှုနှုန်း ကန့်သတ်တဲ့ မူဝါဒမျိုးတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆန့်ကျင် ကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဒေသန္ဓရအမိန့်ကို ပယ်ဖျက်ပေးဖို့လည်း ကျမတို့အနေနဲ့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိကြီးတွေကို ဖိအားပေး ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။”


မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ကတော့ ဒီလို တအိမ်ထောင် ကလေး ၂ ယာက် သတ်မှတ်တဲ့ ကိစ္စဟာ ဖြစ်သင့်တဲ့ ကိစ္စတခုဆိုပြီး မကြာခင်ကပဲ ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။

ဦးခင်ရီက ရိုဟင်ဂျာလို့ မသုံးနှုံးဘဲ ဘင်္ဂါလီလို့ သုံးနှုန်းပြောဆိုသွားပါတယ်။ အဲ့ဒီ လူမျိုးတွေမှာ တအိမ်ထောင် ကလေး ဆယ်ယောက်၊ ဆယ့်နှစ်ယောက်အထိ မွေးဖွားကြတဲ့အတွက်၊ ကျောင်းထားဖို့၊ ပြုစုပျိုးထောင်ဖို့ အခက်အခဲရှိတဲ့အကြောင်း၊ ဒီလို ကလေး ၂ ယောက်ပဲ မွေးမယ်ဆိုရင် ဘင်္ဂါလီ အမျိုးသမီးတွေအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတာပါ။

ဒီလို တအိမ်ထောင် ကလေး ၂ ယောက်ပဲ ရှိရမယ်ဆိုတဲ့ ရိုဟင်ဂျာတွေအပေါ် ကန့်သတ်တဲ့ သတင်းတွေနဲ့ ပက်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒါဟာ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး ကန့်ကွက်ပြောဆိုနေကြပါတယ်။

အလားတူပါပဲ မကြာသေးခင် သီတင်းပတ်အတွင်းကပဲ မြန်မာအာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအမျိုးသမီး ၃ ယောက် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့ အာဏာပိုင်တွေဘက်က အရေးယူတာတွေ မရှိဘူးလို့လည်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ ဒီဖြစ်ရပ်အပေါ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် စံနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေပြီး၊ ဒီဖြစ်ရပ်တွေနဲ့ ပက်သက်ပြီးတော့လည်း လုံး၀ တာဝန်ယူမှု မရှိကြဘူးလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုသလမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG