သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်းခမာနီခေါင်းဆောင် ၃ ဦး ရုံးတင်စစ်ဆေးမှုစတင်


ခမာနီအဖွဲ့ မူဝါဒရေးရာခေါင်းဆောင်အဖြစ် ထင်ရှားသူ Nuon Chea (ဝဲ)၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Ieng Sary (လယ်)၊ ခမာနီအစိုးရခေါင်းဆောင်ဟောင်း Khieu Samphan (ယာ)။ (နိုဝင်ဘာလ ၂၁၊ ၂၀၁၁)
ခမာနီအဖွဲ့ မူဝါဒရေးရာခေါင်းဆောင်အဖြစ် ထင်ရှားသူ Nuon Chea (ဝဲ)၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Ieng Sary (လယ်)၊ ခမာနီအစိုးရခေါင်းဆောင်ဟောင်း Khieu Samphan (ယာ)။ (နိုဝင်ဘာလ ၂၁၊ ၂၀၁၁)

ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီခေါင်းဆောင်ဟောင်း ၃ ဦးကို ၂၀ ရာစုအတွင်း အဆိုးရွားဆုံး ပြစ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ တရားရုံးတင် စစ်ဆေးနေပါတယ်။ တနင်္လာနေ့က တရားခွင်အဖွင့် လျှောက်လဲချက်မှာတော့ အစိုးရရှေ့နေ Chea Leang က ခမာနီအစိုးရခေါင်းဆောင်ဟောင်း Khieu Samphan၊ ခမာနီအဖွဲ့ မူဝါဒရေးရာ ခေါင်းဆောင်အဖြစ်နဲ့ ထင်ရှားတဲ့ Nuon Chea နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Ieng Sary တို့ဟာ တိုင်းပြည်လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကို သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာအပြင် အသက်ရှင်ကျန်ရစ်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေကို ပျက်စေခဲ့တဲ့ လူသတ်ကွင်းပြင် လှုပ်ရှားမှုကို ကြိုးကိုင်ခဲ့သူတွေအဖြစ်နဲ့ ပြောကြားသွားပါတယ်။

သူတို့ သုံးယောက်စလုံးကို လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသတ်မှုနဲ့ နှိပ်စက်ညှင်းပမ်းမှု အပါအဝင် လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာ ခမာနီတွေအုပ်စိုးခဲ့တဲ့ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်းမှာ လူ ၂ သန်းလောက်အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ခုလို ခုံရုံးတင်စစ်ဆေးတာဟာ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ နောင် မျိုးဆက်သစ် လူငယ်တွေကို သူတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို နားလည်လာအောင် အထောက်အကူပြုလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီပီလေး က ပြောပါတယ်။ ဒီလို ခုံရုံးတင်စတင်စစ်ဆေးတာကို သူက ကြိုဆိုလိုက်တာပါ။ နောက်နောင် အလားတူ သတ်ဖြတ်မှုတွေ မပေါ်ပေါက်ရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုတွေကို ပိုပြီးထိရောက်အောင် အားဖြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ပြောပါတယ်။

တရားရုံးတင်ခံနေရတဲ့ ခမာနီခေါင်းဆောင်ဟောင်း ၃ ယောက်စလုံးကို အမြင့်ဆုံး ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်အောင်လို့ အစိုးရရှေ့နေတွေက တရားစွဲဆိုမယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG