သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် ခွန်ထွန်းဦးကိုလျာထား


ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာစဉ်က ကြိုဆိုသူတချို့နဲ့ တွေ့ရပုံ။ (ဇန်နဝါရီလ ၁၃၊ ၂၀၁၂)။
ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာစဉ်က ကြိုဆိုသူတချို့နဲ့ တွေ့ရပုံ။ (ဇန်နဝါရီလ ၁၃၊ ၂၀၁၂)။
အခုလာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အခြေစိုက် NED ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့ရဲ့ ဒီမိုကရေစီ ဆုကို လက်ခံရယူဖို့၊ ဝါရှင်တန် ဒီစီကို ရောက်ရှိနေတဲ့ ဦးခွန်ထွန်းဦးကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါ ဦးခွန်ထွန်းဦးက အခုလို စပြီး ပြောခဲ့ပါတယ်။

“ကျနော့်ကိုတော့ ဓာတ်ပုံ ၂ ပုံနဲ့ ကိုယ်ရေးရာဇဝင် လာတောင်းတယ်ပေါ့လေ။ သက်ဆိုင်ရာ သမ္မတရုံးကနေ တောင်းခိုင်းလို့၊ အဲဒီလူကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ရတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေပြီးတော့ special passport လုပ်မယ်ဆိုပြီးတော့ ကျနော့်ကို ပြောတယ်။ နောက်တချက်က ကျနော်က ဘယ်လို ပြန်ဖြစ်လဲဆိုတော့ သံရုံးသွားတော့ ကျနော် ဒီကိုလာဖို့ စာအုပ်အနီလေးနဲ့ပေါ့ဗျာ ဗီဇာထုတ်ဖို့လာတော့၊ သူတို့က ဟာ - မင်းကို ငါတို့က နှစ်ခုတောင် ပေးရမှာတဲ့။ ဘာဖြစ်လို့လဲ၊ ကျနော် ဘာမှမသိဘူးလို့။ အဲဒီလိုပဲ တောင်းတာတော့ ကျနော် သိတယ်လို့ ဆိုတော့ သူ ရှင်းပြတာက၊ နေဦးတဲ့၊ ခင်ဗျားဟာက နှစ်ခုဖြစ်နေတော့ ကျနော်တို့ ဆွေးနွေးရမယ်ပေါ့လေ။ ကျနော့်ကို ၃ နာရီခွဲ ပြန်လာပါလို့ မှာလိုက်တယ်။ ပက်စ်ပို့ လာယူပေါ့လေ။ ပြောလိုက်သေးတယ်၊ ခင်ဗျား အဲဒါ သွားမယ်ဆိုရင် special passport ကို သုံးပေါ့ဗျာတဲ့။ ကျနော့်ကို လိုက်လုပ်ပေးတဲ့ ဗဟိုကော်မတီကလူကိုလည်း ပြောလိုက်တယ်။ ဒါလောက်ဆိုရင်တော့ ကျနော် ထင်တယ်လေ၊ confirm ဖြစ်ပြီပေါ့ဗျာ။
"ဒါပေမဲ့ သမ္မတ ရုံးကတော့ ဘာမှ မပြောသေးဘူး။ ဦးအောင်မင်းကိုလည်း ကျနော် ဖုန်းဆက်တော့၊ ဝန်ကြီးခင်ဗျာလို့ ကျနော် ဒီလိုတော့ အခြေအနေ ဆိုက်နေတယ်လို့ ဆိုတော့၊ သွားသင့်တာ သွားလိုက်ပါတဲ့။ ဟိုရောက်မှပဲ ဆင်းကြိုတာပေါ့တဲ့။ ဝါရှင်တန် ဒီစီမှာရှိတဲ့ သံအမတ်ကြီးကိုလည်း ကျနော် ဖုန်းဆက်ထားပေးပါမယ်တဲ့။ အဲဒီလို ပြောတယ်။”

အန်ကယ့်ကိုရော ကမ်းလှမ်းထားတာ ရှိပါလား အရင်တုန်းက။ အထွေထွေ ညီလာခံ ကိုယ်စားလှယ် အနေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အနေနဲ့ ပါဝင်ဖို့ ဆိုတာကို။ -

“နောက်ပိုင်း ကျနော် ဟိုဟာတွေ ပါတယ်။ ဦးအောင်မင်းတို့က ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးတယ်။ အခုက ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ဖို့လေ။ ဒါပေမဲ့ အခုလောလောဆယ်က ကျနော့်ကို တရားဝင် ကမ်းလှမ်းထားပြီးတာက ရခိုင် ပဋိပက္ခ ကော်မရှင်မှာ ကျနော် ပါနေတယ်လေ။ အဲဒါပါပဲ။ ကျနော့် အထင်ကတော့ ဒါ နိုင်ငံတကာကိုလည်း ပြချင်တယ်ပေါ့ဗျာ။ ကျနော်တို့ အားလုံးက ပူးပေါင်းဆောင်ရွက် လုပ်နေပါတယ် ဆိုတာကို။”

အန်ကယ် အကယ်၍များ သူတို့ဘက်က ကမ်းလှမ်းလာမယ် ဆိုရင် အန်ကယ့်သဘောထားကရော ဘယ်လိုလဲ။ ပါဝင်မလား။ -

“ပါရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီ process ကိုလည်း၊ ခင်ဗျားတို့လည်း သိပါတယ်၊ အိမ်မှာကလည်း ပြဿနာတွေက ဒုနဲ့ဒေး ကို။ ဟိုမှာကလည်း ကွဲနေတယ်၊ အဲဒီတော့ ကျနော်တို့က moderate ဖြစ်တဲ့ဟာကိုတော့ လုပ်ရမယ့်ကိန်းမျိုး ဆိုက်နေပြီကိုး။ ဟိုကလည်း လွှတ်တော်ကလည်း တမျိုး၊ တပ်ကလည်း တမျိုး ဖြစ်နေတာကိုး။ အဲဒီတော့ တော်တော်လေးကို ကျပ်တည်းတယ်။”

ဟုတ်ကဲ့။ ကျနော်က ဆိုလိုတာက အခု အကယ်၍ အထွေထွေညီလာခံ အဖွဲ့ ကိုယ်စားလှယ် အနေနဲ့ ပါဝင်ခွင့်ရမယ် ဆိုရင် အန်ကယ် ပါမလား။ -

“ပါမယ်ပေါ့ဗျာ။ ပါရမှာပေါ့။ သူက ကျနော့်ကို ခေါ်ပြီပဲဗျာ။ အရင်တုန်းကလည်း ကျနော့်ကို သူ ခေါ်တယ်။ တွေ့တုန်းကလည်း ခေါ်တွေ့ပါတယ်။ ကျနော်တို့တွေ စကားပြောကြတာပဲ။”
သမ္မတက လား။ -

“ဟုတ်တယ်။ သမ္မတက ပေါ့လေ။ ဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ ဒါ ပါတီအနေနဲ့ကတော့ ဒီ တိုင်းပြည် တည်ဆောက်ရေးမှာတော့ ဒီဟာက အပေါင်းလက္ခဏာ ဆောင်တဲ့ဟာမျိုးတွေ လုပ်ပေးရမှာပဲ။ အကုန်လုံး ဝိုင်းဝန်း လုပ်ကြတာချည်းပဲ။ ပြဿနာတွေက။”

ဝါရှင်တန် ဒီစီရောက် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ကိုသားညွှန့်ဦးက မေးမြန်းခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး ပါဝင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းကို နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးကို မေးမြန်းကြည့်တော့ လတ်တလောမှာ အတည်မပြုနိုင်သေးဘဲ မနက်ဖြန် တနင်္လာနေ့မှာတော့ အဲဒီစာရင်းကို ထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ပဲ တုံ့ပြန်ခဲ့ပါတယ်။
XS
SM
MD
LG