သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးခွန်ထွန်းဦးကို သူရဲကောင်းဆု တိုင်းရင်းသားအဖွဲ့ ချီးမြှင့်


ဦးခွန်ထွန်းဦးကို သူရဲကောင်းဆု တိုင်းရင်းသားအဖွဲ့ ချီးမြှင့်
ဦးခွန်ထွန်းဦးကို သူရဲကောင်းဆု တိုင်းရင်းသားအဖွဲ့ ချီးမြှင့်

နှစ်ရှည် အကျဉ်းချခံထားရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံထဲက တိုင်းရင်းသား အဖွဲ့တွေက စုပေါင်းပြီး သူရဲကောင်းအဖြစ် ဂုဏ်ပြုလိုက်ကြပါတယ်။ ဒီဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ မနေ့က ရန်ကုန်မြို့မှာရှိတဲ့ ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားးပါတယ်။

ကချင်ပြည်နယ် ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေဟာ တိုင်းရင်းသားတွေအားလုံး အတွက်ရော မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူတွေ အားလုံးအတွက်ပါ စံပြသူရဲကောင်းတယောက် ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါကြောင့် ဦးခွန်ထွန်းဦးကို တိုင်းရင်းသား အဖွဲ့တွေရဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ဒီအခမ်းအနားကို စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ချင်းအဖွဲ့က ဦးထောင်ကိုထန်းက ပြောပါတယ်။

“ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေကို လေ့လာတဲ့ အခါကြတော့ ခွန်ထွန်းဦးက အချက် ၅ ချက်နဲ့ ပြည့်စုံတဲ့အတွက် သူ့ကို သူရဲကောင်းဆု ချီးမြှင့်ရအောင် ဆိုပြီးတော့ ကျနော်တို့ အဲဒီအစီအစဉ်ကို လုပ်လိုက်တာ ဖြစ်ပါတယ်။

“၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဒုတိယ အများဆုံး လွှတ်တော်နေရာ ရရှိခဲ့တဲ့ SNLD ပါတီဥက္ကဋ္ဌ ဖြစ်ခြင်း၊ နံပါတ် ၂ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခြင်း၊ နံပါတ် ၃ ကမ္ဘာ့သမိုင်းတွင် တန်းတူရေးနဲ့ ဒီမိုကရေစီရေးအတွက် ရက်အရှည်ကြာဆုံး ထောင်ဒဏ် ၉၃ နှစ် ကျခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသား ဖြစ်ခြင်း၊ နံပါတ် ၄ မြန်မာ့နိုင်ငံရေး ပြဿနာ အမျိုးမျိုးကို နိုင်ငံရေးနဲ့ ဖြေရှင်းမည်ဆိုလျှင် မရှိမဖြစ် ပါဝင်ရမယ့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်ခြင်း၊ နံပါတ် ၅ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနက် တိုင်းသိ ပြည်သိ နိုင်ငံတကာသိ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်ခြင်း ဆိုပြီးတော့ အဲဒီ အချက် ၅ ချက်နဲ့ ပြည့်စုံတဲ့ ဦးခွန်ထွန်းဦးကို Nationalities Hero Award နဲ့ အထိုက်တန်ဆုံး ပုဂ္ဂိုလ်ဖြစ်၍ ဤဆုကို ချီးမြှင့် ဂုဏ်ပြုခြင်း ဖြစ်သည် ဆိုပြီး ကျနော်တို့က အချက် ၅ ချက် အပေါ်မှာ ရွေးပြီးတော့ ဂုဏ်ပြုတဲ့ဆုကို ချီးမြှင့်တာပေါ့ဗျာ။”

ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ဖြစ်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်ပြီး အမျိုးသားညီလာခံကို တက်ခဲ့သူ ဖြစ်ပေမဲ့ ဒါတွေဟာ နိုင်ငံကို အပြောင်းအလဲ အစစ်အမှန် မဖြစ်နိုင်တာကို သိတဲ့အတွက် အာဏာကို စွန့်လွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။

“ခွန်ထွန်းဦးက အနစ်နာခံတဲ့ ခေါင်းဆောင်ကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း အမျိုးသားညီလာခံ တက်တယ်၊ ဝန်ကြီးတနေရာ သူရမှာပဲလေ၊ ကြံ့ဖွံ့နဲ့ ပေါင်းမယ်ဆိုရင်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး။ သူက ဒီမိုကရေစီအတွက် တစိုက်မတ်မတ် ရပ်တည်ပြီးတော့ ဒီမိုကရေစီအတွက်၊ တိုင်းရင်းသား အခွင့်အရေးအတွက်၊ နအဖကလည်း သူ ဆက်ပြီး အမျိုးသားညီလာခံ မတက်တော့ဘူးဆိုတာ သိတဲ့အခါကျတော့ သူ့ကို ညီလာခံကို သစ္စာဖောက်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၉၃ နှစ် ချတယ်လို့ ကျနော်တော့ ယူဆတယ်။”

ဒီလို အာဏာကို မမက်မောခဲ့သူတဦး ဖြစ်သလို ဝေးလံလှတဲ့ ကချင်ပြည်နယ်က ပူတာအိုထောင်မှာ မြန်မာနိုင်ငံအတွက်၊ တိုင်းရင်းသားတွေအတွက် တိုက်ပွဲဝင် ရပ်တည်နေမှုဟာ အများ နမူနာ ယူစရာ၊ ဂုဏ်ယူစရာတွေထဲက အဓိက အကြောင်းရင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ငွေကြေးလည်း ချမ်းသာတယ်။ ဒါပေမဲ့ နိုင်ငံရေးကို တစိုက်မတ်မတ် အနစ်နာခံပြီးတော့ ထောင်နန်းစံမယ့် လမ်းကို ရွေးတယ်ဆိုတာ အနစ်နာခံမှု တခုပဲလေ။ နိုင်ငံရေး အကျဉ်းသား ခံယူပြီးတော့ ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့် သူဟာ အင်မတန်မှ နိုင်ငံရေးမှာ ပြည်သူတွေရဲ့ ကိုယ်စား ရပ်တည်ပေးနိုင်တယ်၊ ဒီမိုကရေစီအတွက် ရပ်တည်ပေးနိုင်တယ် ဆိုတာ သိရတဲ့ အခါကျတော့ ခေတ်သစ် နိုင်ငံရေးသမားတွေ၊ လူငယ်တွေအတွက် စံနမူနာကောင်းတယောက် ဖြစ်တယ်ဆိုတဲ့ဟာကို၊ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျနော်တို့ တိုင်းရင်းသား အနေနဲ့ ဆုပေးတာပါ။”

ဒီဂုဏ်ပြုပွဲကို မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယန်း၊ ချင်း၊ ကချင်၊ ရှမ်းအပြင် ကရင်အဖွဲ့တွေ စုပေါင်းပြီး ဦးခွန်ထွန်းဦးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုတာ ဖြစ်သလို သူနဲ့အတူ အကျဉ်းကျနေတဲ့ ရှမ်းတိုင်းရင်းသားတွေကိုလည်း ဂုဏ်ပြုပွဲပါ ပြုလုပ်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ရှမ်းပြည်နယ် တိုင်းရင်းသား ခေါင်းဆောင်တွေကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က အမျိုးသားညီလာခံကို နှောင့်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်တားဆီးရန် ဆိုတဲ့ ပုဒ်မနဲ့ ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ပူတာအိုမှာ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောင်တဲ့ ဝေဒနာကိုပါ အပြင်းအထန် ခံစားခဲ့ရတာကြောင့် ကျန်းမာရေး အတော်လေး စိုးရိမ်ရတဲ့ အနေအထားအထိ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG