သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA စခန်းကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIO သုံးသပ်


KIA စခန်းကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIO သုံးသပ်
KIA စခန်းကို ပစ်ခတ်မှု ရန်စတဲ့ လုပ်ရပ်ဟု KIO သုံးသပ်

မြန်မာအစိုးရ တပ်တွေက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ တပ်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်ပြီး လုပ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ တာပိန်မြစ်အနီးမှာရှိတဲ့ KIA တပ်ရင်း ၂၅ ကို ပစ်ခတ် တိုက်ခိုက်တာတွေ ဒီနေ့ နေ့ခင်းပိုင်းမှာ ပြုလုပ်ခဲ့သလိုပဲ အရှေ့ဘက် တရုတ်၊ မြန်မာ နယ်စပ်က ရှေ့တန်းစခန်းကိုလည်း မနေ့ညပိုင်းတုန်းက ပစ်ခတ်ရာမှာ တရုတ်နိုင်ငံ နယ်နိမိတ်ထဲ ထိအောင် ကျရောက် ပေါက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထား ပါတယ်။

နေ့လယ် ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီဝန်းကျင်အထိ တာပိန်မြစ် မြောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၂၅ တည်ရှိတဲ့ နေရာကို လှမ်းပြီး ပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာမှ ထိခိုက်တာ မရှိတဲ့အတွက် KIA ဘက်က တုံ့ပြန် ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ မနေ့ ညဘက်ကတော့ တရုတ်၊ မြန်မာ နယ်စပ် ဖြစ်တဲ့ ဘဒန်ဂေါင်နဲ့ ဘုံဂျောင်း ရှေ့တန်းစခန်းတွေကို လက်နက်ကြီး အလုံးရေ ၁၀ လုံးကျော် ပစ်ခတ်ခဲ့တယ် လို့ KIO အဖွဲ့ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၂ နာရီ ပတ်ဝန်းကျင်ကနေပြီးတော့ တာပိန် ရေအားလျှပ်စစ်ရှေ့မှာ တာဝန်ယူထားတဲ့ သူတို့ လုံခြုံရေးတပ်ဖွဲ့က နေပြီးတော့ ကျနော်တို့ KIA တပ်ရင်း ၂၅ ရဲ့ ရှေ့တန်းစခန်းကို လက်နက်ကြီးနဲ့ ပစ်တာ ၃ နာရီ ပတ်ဝန်းကျင်လောက်အထိ ကြိုးကြား ကြိုးကြား ပစ်နေတာ ရှိတယ်။

“နောက်တခုက မနေ့ည နဖွတ်စခန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတော့ အားလုံး ၁၄ လုံး ရှိတယ်။ နပွတ်စခန်းကနေပြီးတော့ ဘဒန်ဂေါင်ဆိုတဲ့ ကျနော်တို့ ရှေ့တန်းစခန်းကို ၇ လုံးပစ်တယ်။ ပြီးတော့ ပါချောင် ဆိုတဲ့ သူတို့စခန်းကနေပြီးတော့ ဘုံချန်ဆိုတဲ့ ကျနော်တို့ရဲ့ ဌာနချုပ်ဟောင်းပေါ့၊ အဲဒီနားမှာရှိတဲ့ စခန်းကို ၇ လုံးပစ်တယ်။”

လက်နက်ကြီး ကျည်တွေဟာ တရုတ်နိုင်ငံအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အဲဒီနေရာတွေကို တရုတ် အာဏာပိုင်တွေက သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းရရှိကြောင်း ဦးလနန်က ပြောပါတယ်။ ဘယ်လိုတုံ့ပြန်တယ် ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အခုလို KIA ကို လှမ်းပြီး ပစ်ခတ်နေတာဟာ တာဆန်း ရေအားလျှပ်စစ် စီမံကိန်း တည်ရှိတဲ့ နေရာကနေ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေက ပြုလုပ်နေတာဖြစ်ပြီး KIA ဘက်က ပြန်ပြီးတော့ ပစ်ခတ်ရင် စက်ရုံ အဆောက်အဦးတွေ ထိခိုက်နိုင်ကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ရမယ်ရှာ၊ ရန်စနေတာ ဖြစ်နိုင်တယ်လို့ KIO ဘက်က သုံးသပ်ပါတယ်။

“သူတို့ ဒီနေ့ ညနေပိုင်းက စပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာဟာ အဲဒီ သူတို့ တာပိန်ရေအားလျှပ်စစ် စီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ကနေပြီးတော့ တာပိန်မြစ်ရဲ့ မြောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၂၅ ရဲ့ ရှေ့တန်းစခန်းကို လက်နက်ကြီးနဲ့ ပစ်တာ။ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စက်ရုံ အဆောက်အဦးတွေ တော်တော်ရှိတယ်။ အဲဒီမှာ သူတို့က အကာအကွယ်ယူပြီးတော့ ပစ်တယ်။ အဲဒီကျတော့ ကျနော်တို့ဘက် ကလည်း သူတို့ကို ပြန်ပြီးတော့ လုပ်လိုက်မယ်ဆိုရင် စက်ရုံတွေ ထိသွားနိုင်တယ်။

“စက်ရုံတွေ ထိသွားတဲ့အခါမှာ သူတို့တွေ သတင်းစာမှာ ဖော်ပြနေသလို သူတို့ အစိုးရစီမံကိန်းကို လုံခြုံရေးရယူတဲ့ ကန့်သတ်တဲ့ တိုက်ပွဲ လုပ်တဲ့သဘောလို့ သူတို့ သတင်းစာမှာ ထည့်ထားတာ ရှိတယ်။ အဲဒီကျတော့ ကျနော်တို့ ပြန်ပြီးတော့ တုံ့ပြန်လိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ လက်နက်တွေ သူတို့ဘက်မှာ ကျသွားတာ အခန့်မသင့်ရင် စက်ရုံတွေကို ထိသွားနိုင်တယ်။ အဲဒီကျရင် သူတို့ပြောတာ မှန်သလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အခု သူတို့လုပ်တာ စက်ရုံ အဆောက်အဦးကို ကာဗာယူပြီး ကျနော်တို့ဘက်ကို ပစ်နေတာ။ ဒါ ရန်စတဲ့သဘောပါ။ သူတို့ လိုရာ ပြောဆိုနိုင်အောင် ဆွဲသွင်းတဲ့ သဘောလို့ပဲ ယူဆနိုင်ပါတယ်။”

နှစ်ဘက်အကြား အပစ်အခတ် ရပ်ဖို့အတွက် KIO ဘက်က လိုလားချက်တွေကို ပြီးခဲ့တဲ့ ၈ ရက်နေ့က စာရေးပြီး အကြောင်းကြားထားခဲ့ပေမဲ့ မြန်မာအစိုးရဘက်က တုံ့ပြန်မှု တစုံတရာ မတွေ့ရဘူးလို့လည်း ဦးလနန်က ပြောပါတယ်။

“ကျနော်တို့ကတော့ ၈ ရက်နေ့မှာ သူတို့ကို ကျနော်တို့ လိုချင်တဲ့ အခြေအနေ ပုံစံတွေကို စာရေးပြီး ပေးပို့ ထားတာ ရှိတယ်။ ဒါပေမဲ့ အခုထက်ထိ သူတို့က စာရရှိကြောင်းလည်း ပြန်ကြားတာ မရှိသေးဘူး။ သူတို့ အထက်ကို တင်ပြနေတာလား၊ ဒါမှမဟုတ် ကျနော်တို့ ပြောဆိုချက်ကို သူတို့ပဲ သဘောမတူတာလားတော့ မသိသေးဘူး။”

KIO ဌာနချုပ်ရှိရာမှာ သွားရောက် ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေ ၁,၀၀၀ ကျော်လောက် ပါပြီးတော့ အဲဒီကလေးတွေရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်စရာ ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိလည်း ပြင်ပကနေ အကူအညီ ထောက်ပံ့မှုတွေ မရရှိသေးတဲ့အကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဗွီအိုအေကို ပြောဆိုပါတယ်။

XS
SM
MD
LG