သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်


ယူနန်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းမှ ကချင်စစ်ပြေးဒုက္ခသည်များ။
ယူနန်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းမှ ကချင်စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာမှာ မနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ စစ်ရပ်စဲရေးကို အမြန်ဆုံး လုပ်ဆောင် ဖို့ ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေကနေ သမ္မတဦးသိန်းစိန် အစိုးရကို တောင်း ဆိုလိုက်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရတပ်တွေက KIA တပ်ဖွဲ့တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထိုးစစ်တွေ ဆင်နွှဲနေ တာမှာ အင်္ဂါနေ့ညက ဖားကန့်မြို့နယ်တွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲက အတော်လေး ပြင်းထန်တယ်လို့ ဒေသ ခံတွေက ပြောပြပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအဝင် လေကြောင်းအကူတွေပါ ရှိခဲ့ပြီး - အဲ့ဒီအနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာ က ပြောပြပါတယ်။

“ဖားကန့်မှာကတော့ နေ့တိုင်းပဲ။ ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေလို့ ဒီမနက် လုံး ည သန်းခေါင် ကနေ ရွာသားတွေက ထွက်ပြေးနေကြတာ။ တဒုံးဒုံး တဒိုင်းဒိုင်း ဖြစ်နေတယ်။ အခု ဖားကန့်ဘက်မှာကျတော့ တောက် လျှောက်လိုဖြစ်နေတာ။ ည ၁ နာရီ ၂ နာရီကနေ ဖြစ်နေတာ မနက် ၉ နာရီ ၁၀ နာရီလောက်အထိ မပြီးသေးဘူး။ လေယာဉ်တွေနဲ့ပါ စစ်တပ်ဘက်က လာကူပေး တယ်။ လာကူတယ်ဆိုတာက လက်နက်တွေ လာချပေးတယ်။ လက်နက်တွေ ကျည်ဆံတွေ လာချပေး တယ်။ ပြီးလို့ရှိရင် အပြန်ကျတော့လည်း ဒီဒဏ်ရာရတဲ့သူတွေကိုလည်း လေယာဉ်နဲ့ပဲ သယ်သွား တာပေါ့။ လိုင်ဇာဘက်မှာလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်။”

ဒါ့အပြင် တိုက်ပွဲအတွင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ ရွာတွေဘက်ကို ကျရောက်တာတွေ ရှိနေပြီး - မီးခိုးလုံးတွေ တက်လာတာ ကိုလည်း တွေ့မြင်နေရတယ်လို့ ဖားကန့်ဒေသခံ ကချင် တိုင်းရင်းသူတဦးကလည်း ပြောပြပါတယ်။

“မနေ့ညကတော့ အကြီးအကျယ်ဖြစ်တယ်။ ဒါကြောင့် မနက်မလင်းခင် ၂ နာရီလောက်ကတည်း ကပေါ့နော် စစ်ပြေးဒုက္ခသည် တွေ ဖားကန့်မှော်ထဲဘက် ထွက်ပြေးကြတာ အကုန်ပဲ။ အခု ညနေ ပိုင်းမှာလည်း --နားက ကုမ္ပဏီရှိတဲ့ဘက်မှာ မီးခိုးလုံးတွေ ထ နေတာ အခုထိကို မငြိမ်းသေးဘူး။ အဲ့ဒီ မီးခိုးလုံးတွေကတော့ မြင်နေရတာပေါ့။ ကျမတို့ ကြိုးတံတားကနေ ကြည့်နေရတာကိုး။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး အဖြေရှာဖို့ကို ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ကနေ သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကချင်ကျောင်းသား လူငယ်သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆိုင်းက အခုလို ပြောပါတယ်။

“အဓိကအချက်ကတော့ အခု လက်ရှိ ထိုးစစ်ကို ချက်ခြင်း ရပ်တန့်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို ဒီ ထိုးစစ်ကြောင့် ဒုက္ခသည်လည်း ပိုပို များလာတယ်လေ။ ဒီ ထိုးစစ်ကို ရပ်ပြီးမှ ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီ စောင့်ရှောက်ပေးဖို့ဟာ ကို အဓိကထားပြီး ပြောစေချင်တယ်ပေါ့။ အဓိက-ကတော့ နိုင်ငံရေးအရ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးမှပဲ တတိုင်းတပြည်လုံး ငြိမ်းချမ်းနိုင် မယ့် အနေအထားဖြစ်တာပေါ့။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့နော်- တိုင်းရင်းသားတွေနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရင် တိုင်းပြည်တခုလုံး အေးချမ်းသွားမယ်လို့ အဲလိုပဲ ယုံကြည်တယ်။”

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့နဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ မောင်းမထုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဂျူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနေတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG