သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေဆဲ


ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဒေသတွေမှာ KIO ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ အကြား တကျော့ပြန်တိုက်တွေဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ မနေ့က ရှမ်းပြည်နယ်မုန်းကိုးဒေသအတွင်းတိုက်ပွဲမှာ မြန်မာ့တပ်မတော်သားတွေ အပါဝင် အရပ်သားတွေထိခိုက်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင် မုန်းကိုးဒေသအတွင်းမှာ မြန်မာ့တပ်မတော်နဲ့KIOကချင်လွတ်လပ်ရေး တပ်အတော်တို့ အကြားမှာ မိုင်းတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

မနေ့က မြန်မာ့တပ်မတော်စစ်ကြောင်းတွေကနေ မုန်းကိုးကနေ မုန်းပေါ်ကိုသွားတဲ့ မန်ကျန်လမ်းခွမှာ KIAအဖွဲ့ကနေ ဆွဲမိုင်း နဲ့ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်တပ်မတော်ဘက်ကထိခိုက်မှုတွေများနေတယ်လို့ မုန်းပေါ်ဒေသခံဦးမုန်ရာကပြောပါတယ်။

"အခုကျွန်တော်သိရသလောက်တော့ ထိခိုက်တာတော့ KIOဘက်က ထိခိုက်မှုတော့မရှိဘူးလို့ကြားရတယ်။ တပ်မတော်ဘက်က ထိခိုက်တာ သုံး လေးယောက်ရှိတယ်လို့ကြားရတယ်။ ဒဏ်ရာရတာက(၄)ယောက်။ သေဆုံးတာတော့(၃)ယောက်လို့ကြားရတယ်။"

မနေ့ကပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းထိခိုက်အခြေအနေကိုပြောဆိုဖို့ခက်ခဲနေပေမဲ့ မိုင်းထောင်တဲ့သူလို့ယူဆရတဲ့ လူတဦးကို တပ်မတော်ကနေ ပစ်ခတ်ခဲ့တယ်လို့ မူဆယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ကဆိုပါတယ်။

"မနေ့ကတိုက်ပွဲဖြစ်တာ မိုင်းထောင်တဲ့ဟာတော့ရှိပါတယ်ဗျ။ ဆွဲမိုင်းနဲ့တိုက်တာတို့ရှိတယ်။ ထိခိုက်မှုအခြေအနေကတော့ ကျွန် တော်တို့လဲတပ်ဖက်ကိစ္စကျတော့ ပြောဖို့ကျ နဲနဲခက်တာပေါ့နော်။ ကျွန်တော်တို့ကြားတဲ့သတင်းအရတော့ ဒီမိုင်းထောင်တယ်လို့ ယူဆရတဲ့တယောက်က ပြေးလို့ဆိုပြီးတော့ တပ်ကနေပြီးမှရပ်ခိုင်းတဲ့အချိန်မရပ်ဘဲနဲ့ ထွက်ပြေးတာဖြစ်တဲ့ အတွက် ပစ်လိုက်တာေ တာ့ထိတယ်လို့ကြားတယ်ခင်ဗျ။"

ဒါပေမဲ့တပ်မတော်ဘက်ကပစ်ခတ်ဖမ်းဆီးခဲ့တဲ့သူဟာ မိုင်းထောင်တဲ့ KIOအဖွဲ့ဝင်မဟုတ်ဘဲ မုန်ပေါ် ဝင်းဆိုင်ရွာသားတဦး ဖြစ် တယ်လို့ မုန်းပေါ်ဒေသခံဦးမုန်ရာကပြောပါတယ်။

ထိခိုက်သွားတဲ့ရွာသားက သူတို့တိုက်ပွဲဖြစ်ပွါးနေတဲ့အတွင်းမှာပေါ့နော်။ အဲဒီမှာသူက မုန်းပေါ်ဝင်းဆိုင်ကနေ ဆိုင်ကယ်စီးပြီးလာ တာပေါ့နော။ တပ်မတာ်က စစ်သားတွေကသူတို့ကိုတားထားခိုင်းတယ်။ ကောင်လေးကျတော့တားတာရပ်မပေးဘူး။ ကြောက်လို့ နေမှာပေါ့နော။ တခါထဲဆိုင်ကယ်မောင်းပြေးတယ်။ သူတို့သေနတ်နဲ့လိုက်ပစ်တော့ လည်ပင်းနောက်ကြောကနေ ကျည်ဝင်ပြီး တော့ ပါးစပ်ပေါက်ကနေထွက်သွားတယ်လို့ကြားတယ်။ ဆေးရုံမှာဆေးကုသမှုခံနေရတယ်။

မနေ့ကပစ်ခတ်တိုက်ခိုက်မှုနဲ့ပက်သက်လို့တပ်မတော်ဘက်ကနေ သတင်းထုတ်ပြန်တာမျိဲူမတွေ့ရသေးပါဘူး။

ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်အတွင်းမှာလဲ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန် စွာဖြစ်ပွါးနေပါတယ်။

မနေ့က မိုးကောင်းဖါးကန့်လမ်းဘက်မှာ တပ်မတော်ကနေ လေကြောင်းအကူသုံးရတဲ့အထိတိုက်ပွဲပြင်းထန်ခဲ့သလို တနိုင်းဘက် မှာလဲ စစ်ရေးအခြေအနေရှုပ်ထွေးနေဆဲလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

"မနေ့ကလဲ မိုးကောင်းဖါးကန့်လမ်း။ အဲဒီမှာ KIOနဲ့တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းလောက်မှာလေယဉ်နဲ့ပြန်တိုက်တယ်လို့ သိရ တယ်။ တနိုင်းဖက်မှာလဲဘဲ အဲဒီမှာ မနေ့ကတော့ဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ကြားကဘဲ ပြည်သူလူထုကပိတ်မိတယ်လို့ဘဲသိရတယ်။"

လက်ရှိကချင်ပြည်နယ်အတွင်း တနိုင်း ဖါးကန့် ဆွမ်ပရာဘွမ် မံစီနယ်ဘက်တွေမှာတိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်သလို နှစ်ဖက်တင်း မာ နေဆဲ အခြေအနေရှိနေတယ်လို့KIOပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

"ကျွန်တော်တို့ကနေရာတကာမှာပေါ့နော။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းတော့ရပါတယ်။ စစ်ကြောင်းတွေလဲပြန်ရုပ်တာမရှိဘူး။ တင်းမာနေတုန်းဆိုတော့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာပေါ့။"

မြန်မာ့တပ်မတော်နဲ့KIOတို့တိုက်ပွဲပြင်းထန်နေချိန်မှာ တရုတ်အစိုးရရဲ့ ကြားဝင်အကူညီ ပေးမှုနဲ့ KIO ဥက္ကဌသစ် ဗိုလ်ချုပ်ကြီး Nban La ဦးဆောင်တဲ့ကိုယ်စားလှယ် အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေးဌာန အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သောတပ်မတော် ကိုယ်စားလှယ် အဖွဲ့တို့ မနေ့က တရုတ်နိုင်ငံ ယူနန်ပြည် နယ်မှာတွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီတွေ့ဆုံမှုကို ၎င်းအနေနဲ့မသိရှိဘူးလို့ KIOပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

KIOဟာ NCAလမ်းကြောင်းကိုလက်မခံတဲ့ UWSAဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဝင်ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်လဲဖြစ်ပါတယ်။

ဒီကနေ့မှာ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ဝတပ်ဖွဲ့ မိုင်းလားအဖွဲ့ ကိုးကန့်တပ်ဖွဲ့တို့ကနေ တရုတ်နယ်စပ်မှာ တွေ့ဆုံဆွေးနေကြ တယ်လို့ သတင်းတွေပေါ်ထွက်နေပါတယ်။

XS
SM
MD
LG