သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ အစိုးရတပ်ကြား တိုက်ပွဲဆက်ဖြစ်ဆဲ


ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်လင်းပါရွာမှာ မနေ့က ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ အစိုးရတပ် အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး ဒုက္ခသည် ၂,၀၀၀ ကျော်လောက်ဟာ နန့်လင်းပါရွာကနေ ထွက်ပြေးနေကြတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ KIA နဲ့ အစိုးရတပ်အကြားမှာ မနေ့ မနက်ကနေ ညအထိ တိုက်ပွဲတွေဖြစ်ခဲ့သလို ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ KIA အရာရှိက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်လောက်ကတည်း ကြိုးကြား ကြိုးကြားဖြစ်နေရာကနေ ဒီရက်ပိုင်းတွေ အတွင်း တိုက်ပွဲတွေဟာ ပြန်လည် ပြင်းထန်လာနေတာဖြစ်ပါတယ်။
လောလောဆယ် တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွာသူရွာသားတွေနဲ့ စစ်ရှောင် စခန်းက ဒုက္ခသည်၂,၀၀၀နီးပါးဟာ နန့်လင်းပါရွာက ထွက်ပြေးနေကြရပြီး တချို့တွေဟာ ရွာအတွင်းမှာ ကျန်ရှိနေဆဲဖြစ်တယ်လို့ ဝမ်ပေါင်နိန်ထွဲခေါ် ဒုက္ခသည်အရေးကူညီဆောင်ရွက်နေတဲ့အဖွဲ့က တာဝန်ခံ ဒေါ်မေရီတွမ်က ပြောပါတယ်။

“အခု နန့်လင်းပါမှာက ည ၉ နာရီ၊ ၁၀ နာရီအထိ တိုက်ပွဲရှိတယ် ပြောတယ်။ လက်ကျန် ၂၀၀ လောက် ပတ်ဝန်းကျင် ရှိတယ်။ သူတို့က တောလမ်းကနေပြီးမှ အခုထွက်လာတုန်း၊ အခု လမ်းပေါ်ရောက်နေပြီ။ တချို့ကတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးလာတဲ့သူတွေရှိတယ်။ သူတို့ကတော့ ဗန်းမော်ဘက်ကို ပြန်သွားမယ်။ နောက်ပြီးတော့ လမ်းမှာလည်း အခုက ၂ ထောင်ကျော်ရှိတယ်။ အခု တောထဲမှာ တောက်လျောက်ပဲ။ အခု လမ်းလျှောက်ပြီးတော့ လာနေကြတယ်။ နန့်လင်းပါ ကနေ မန်စီမြို့နယ် ဒီဘက်ကနေပြီး တောင်ဆင်းပီး ထွက်ပြေးလာရတဲ့သူ ရှိတယ်။ ဗန်းမော်ဘက် ပြေးတဲ့သူ ရှိတယ်။ ဒါပေမဲ့ များသောအားဖြင့်က ဒီဘက် နန့်လင်းပါဘက်ကို ပြေးလာကြတယ်။”

ဝမ်ပေါင်နိန်းထွဲအဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ်ဒေသ မိုင်ဂျာယန်မှာ အခြေစိုက်တဲ့အဖွဲ့ဖြစ်ပါတယ်။ ဗန်းမော်မြို့က ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူတဦးကလည်း နန့်လင်းပါရွာက အခြေအနေကို အခုလို ပြောပါတယ်။

“နန့်လင်းပါမှာတော့ အခုတော့ ရွာသားတွေ တစ်ယောက်မှ မရှိတော့ဘူး။ စနေနေ့ညကတည်းကနေ ရွာသားတွေ ပြေးနေပြီ။ စနေနေ့က ၁၂ နာရီ ကျော်ကျော်လောက်မှာ စစ်ကြောင်းက လေးဘက်လေးတန်ကနေပြီးပေါ့နော် - စစ်ကြောင်းတွေ ဝင်လာတော့ အဲလိုပဲ ထွက်ပြေးသွားတာ။ ကြောက်လို့။ ဟိုးဘက် မန်ဝိန်းကြီးဘက်ကို ပြေးနေပြီ။ သတင်းအရ လူအင်အားပေါ့လေ-နော-၁ ထောင်၊ ၂ ထောင်ဝန်းကျင်လောက်က အခု မန်ဝိန်းကြီးကို သွားနေတယ်။ တချို့ လမ်းပေါ်မှာ၊ တချို့ကတော့ မန်ဝိန်းကြီးကို ရောက်ခါနီးပြီလို့ ပြောတယ်။”

မန်ဝိန်းကြီးဒေသဘက်ကို ရောက်လာကြမယ့် ဒုက္ခသည်တွေအတွက်လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“လောလောဆယ်တော့ မန်ဝိန်းကြီးမှာ အရေးပေါ်အခြေအနေ လူအင်အား ၂ ထောင်လောက် ရောက်လာလို့ရှိရင် ချက်ခြင်း အကူအညီပေးနိုင်ဖို့က အခုလောလောဆယ် ယာယီတဲလေးတွေကို ဒေသခံတွေက ဆောက်နေတယ်။ တခြားအကူအညီတွေလည်း ပေးနိုင်အောင် ဒီမနက်ပဲ UN အဖွဲ့အစည်းတွေရော၊ ဒေသခံအဖွဲ့အစည်းတွေရော၊ INGO တွေရော အကုန်လုံး ဗန်းမော်မှာ အစည်းအဝေး လုပ်ပြီးကြပါပြီ။”

မန်စီမြို့နယ်အတွင်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ဒေသခံတွေ ကတော့ စနေနေ့က ဗန်းမော်ကနေ ကူညီကယ်ဆယ်ရေးယာဉ်တန်း ဝင်ရောက် လာပြီးတဲ့နောက် နန့်လင်းပါရွာကို အစိုးရတပ်တွေက ဝင်ရောက်လာခဲ့တယ်။ ရွာသားတွေ ထွက်ခွာသွားချိန်မှာ သေနတ်ပစ်ဖောက်တဲ့နောက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဒီနေ့ထုတ် 7days သတင်းစာမှာတော့ အစိုးရတပ်က နန့်လင်းပါ စစ်ရှောင် စခန်းကို ကူညီရေးသွားတဲ့ ယာဉ်တန်းကို စောင့်ရှောက်ဖို့ လိုက်ပါခဲ့တယ်၊ နောက် ရွာအတွင်းရောက်ရှိပြီးတဲ့နောက် ရွာသားတွေ ထွက်ခွာသွားချိန်မှာ KIA ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အမည်မဖော်တဲ့ ထိပ်တန်းအရာရှိတဦးကို ကိုးကားပြီး ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို VOA က ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုမယ့် အရာရှိ မရှိသေးကြောင်း တာဝန်ကျသူတဦးက ပြန်ကြားခဲ့ပါတယ်။

KIA ဘက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အစိုးရတပ်ဘက်က နယ်မြေ စိုးမိုးရေးအတွက် ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ကြောင်း KIA တပ်မဟာ ၃ တပ်ရင်း ၁၂ က တပ်ရင်းမှူး ဗိုလ်မှူးဂျွန်အောင်က တုံ့ပြန်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေကို သူက အခုလို ပြောပါတယ်။

“မနေ့ကတော့ ၇ နာရီခွဲကနေ မနေ့ည ၁၀ နာရီလောက်အထိ ပစ်တယ်။ ဒီမနက်ကတော့ ၇ နာရီမှာ ဖုန်ဂျာမှာတစ်ခါ၊ နန့်လင်းပါမှာ ၁၁ နာရီမှာ တစ်ခါဖြစ်တယ်။ ၂ ခါ ဖြစ်တယ်။”

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မုန်းဒိန်ပါ ရွာသား ၅၀၀ လောက်ဟာ ဗန်းမော်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို့ တချို့က နန့်လင်းပါနဲ့ မန်ဝိန်းကြီးဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေက KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့မှာ တပြည်လုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တိကျတဲ့ သဘောတူညီချက်တော့ မရခဲ့ပါဘူး။

KIA နဲ့ အစိုးရစစ်တပ်အကြားဖြစ်ပွားတဲ့ ၂ နှစ်ကျော်ကြာ စစ်ပွဲကာလ အတွင်းမှာတော့ စစ်ရှောင်ဒုက္ခသည် ၁ သိန်းခွဲ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး နယ်စပ်ဒေသနဲ့ ကချင်ပြည်နယ် မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။

ဒီအတောအတွင်းမှာပဲ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်က အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ သူတွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၅ သန်း ကူညီ ထောက်ပံ့မယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် နေရာထိုင်ခင်းတွေ ဆောက်လုပ်ဖို့ အိမ်တွေကို ပြန်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ၊ အာဟာရပြည့်ဝရေးဆိုင်ရာတွေအတွက် အထောက်အပံ့ ပေးသွားမယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG