သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းကတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ ဗန်းမော်ကလိုင်ဇာဘက်ကိုတက်လာတဲ့ မော်တော်ယာဉ် ၂၆ စီးပါ စစ်ယာဉ်တန်းကို ဗုဒ္ဓဟူးနေ့က KIA က ကြားဖြတ်တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ မြစ်ကြီးနားဘက်ကလည်း စစ်ကြောင်းတွေဝင်ရောက်လာတာကြောင့် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ဘက်မှာလည်း တိုက်ပွဲဖြစ်နေကြောင်းပြောပါတယ်။ လတ်တလော KIA ဌာနချုပ်လိုင်ဇာအနီး တိုက်ပွဲသတင်းကို -ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

KIA ဌာနချုပ်လိုင်ဇာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီးစစ်ရေးတင်းမာလာခဲ့ရာက ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီဘက်ကစစ်အင်အားတွေ ပိုမို ဖြည့်တင်းလာသလို KIA ဘက်ကလည်း ကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေပါတယ်။ ဒီလ ၂၉ရက်နေ့က မော်တော်ယာဉ် ၂၆ စီးပါတဲ့ စစ်ယာဉ်တန်းဟာ ဗန်းမော်ကနေ နမ့်ဆန်ယန်ဘက်ကို တက်လာရာမှာ မိုးမောက်မြို့နယ် မြို့သစ်နဲ့ ဒါဆိုင်းကျေးရွာအကြားမှာ တိုက်ခိုက်ခံရပြီးနောက် နွမ်းလန်းမှာ ရပ်နားခဲ့ပါတယ်။

၃၀ ရက်နေ့မနက်မှာတော့ နွမ်းလန်းရွာကနေ ဒေါ့ဖုန်းယန်ဘက်ကို ဆက်လက်ထွက်ခွာလာရာမှာ နွမ်းလန်းနဲ့ ဒေါ့ဖုန်းယံအကြားက အူထန်ယန်ရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက ပါ တိုက်ခိုက်ခဲ့ကြောင်းနဲ့ အူထန်ယန်ရွာသားတွေလည်း တိမ်းရှောင်နေရကြောင်း နွမ်းလန်းဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ဒီနေ့က ကျနော်တို့ရွာကနေ ဒေါ့ဖုန်းယန်ဘက် ပြန်တက်တာလေ။ ဒီမနက်ကနေတက်သွားတာ ကျနော်တို့ရွာအထက် အူထန်ယန်ရွာမှာ၊ ရွာအထက် တံတားညီနောင်ပေါ့။ အဲဒီနားမှာ ချနေကြတယ်တဲ့။ နည်းနည်းအထိနာလို့ပေါ့။ အခု လေယာဉ်ပျံနဲ့ ဗုံးကြဲနေတယ်။ အူထန်ယန်အထက်မှာလေ။ သူတို့ အူထန်ယန်ကဟာတွေလည်း နွမ်းလန်းမှာ ရောက်ကုန်ကြပြီ။”

စစ်ကောင်စီယာဉ်တန်းက အူထန်ယန်အနီး ကျောက်ခွဲနေတဲ့ အိမ်ထောင်စု ၃၀ ခန့်ကလူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိကြောင်းနဲ့ ဒေါ့ဖုန်းယန်က ဆိုင်ကယ်နဲ့လာတဲ့လူငယ်နှစ်ယောက် သတ်ဖြတ်ခံရတာရှိကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ဒီလ ၁၈ ရက်နေ့က ဗန်းမော်မြို့ကို မန္တလေးကနေတက်လာတဲ့ စစ်သင်္ဘောတွေ ဆိုက်ရောက်ခဲ့တာပါ။ ဒီစစ်သင်္ဘောတွေဟာ စစ်ရေးတင်းမာနေတဲ့ လိုင်ဇာဒေသဘက်ကို စစ်ကူလာတာယူဆပြီး ဗန်းမော်-မြစ်ကြီးနား လမ်းတလျောက်မှာ KIA ဘက်က စစ်ရေးပြင်ဆင်စောင့်ဆိုင်းနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဒေါ့ဖုန်းယန်နဲ့ နွမ်းလန်းကြားမှာ အူထန်ယန်နားမှာ ဗန်းမော်ဘက်ကတက်လာတဲ့ စစ်ကူအဖွဲ့တွေကို ခုခံတိုက်ပွဲရှိပါတယ်။ မိုင်းဆွဲတာတွေ၊ နောက် လက်နက်ငယ်နဲ့ ခုခံပစ်တာတွေ ရှိပါတယ်။ အဲဒီ လေကြောင်းလာတဲ့အကြောင်းကတော့ ကျနော် မကြားမိပါဘူး။ မလာဘူးလို့ ကျနော်ကတော့ မပြောလိုပါဘူး။ ဒါပေမဲ့ အဲဒီသတင်းအဆက်အသွယ်တော့ အခက်အခဲရှိပါတယ်။ ကျနော်တို့ ဆီမှာလည်း။ တိုက်ပွဲဖြစ်တာကတော့မှန်ပါတယ်။”

ဗန်းမော်-မြစ်ကြီးနားလမ်းမှာ မြစ်ကြီးနားဘက်က တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ဘက်မှာလည်း ဒီကနေ့ တိုက်ပွဲဖြစ်ပွားကြောင်းနဲ့ ခရာဘွမ်တောင်ဘက်ကနေလည်း စစ်ကောင်စီက နမ့်ဆန်ယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိကြောင်း ဆက်ပြောပါတယ်။
“ နောက်တခုရှိတာကတော့ မြစ်ကြီးနားဘက်ကနေလည်း စစ်ကြောင်းတွေ ထိုးလာတာ။ ဒါကတော့ ဒဘတ်ယန်နဲ့ ကဇု အဲဒီဘက်မှာတော့ ဒီနေ့လည်း တိုက်ပွဲဖြစ်ပါတယ်။ အဲဒီဘက်မှာလည်း။ ဒီနေ့ကတော့ ခရာ၊ ဒီ မဒီးယန်ပတ်ဝန်းကျင်မှာလည်း လက်နက်ကြီးနဲ့ ရမ်းပစ်တာ တနေကုန်လောက်ပစ်တယ်။”

စစ်ကောင်စီတပ်ဘက်က လိုင်ဇာနဲ့ ၁၅မိုင်လောက်အကွာ နမ့်ဆန်ယန်ဒေသကို စစ်အင်အားတိုးချဲ့လာတာဟာ မြစ်ကြီးနား- ဗန်းမော်လမ်းကို ပြန်လည် ထိန်းချုပ်ချင်လို့ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ဒါ သူတို့ မြစ်ကြီးနား- ဗန်းမော်ကားလမ်းကို မရ၊ ရအောင် တိုက်ဖို့ပေါ့။ ထိုးစစ်ဆင်ဖို့ အခုလိုမျိုးစစ်အင်အားတွေ အလုံးအရင်းနဲ့ ပြန်ထိုးတဲ့ သဘောမျိုးရှိပါတယ်။”

ဒီလ ၂၉ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်တိန်ရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို KIA က မိုင်းဆွဲတိုက်ခိုက်တာရှိခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်အွန်ရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

KIA ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:03:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG