သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တိုက်ပွဲဆက်၊ ဒေသခံတွေ တရုတ်နယ်ထဲ တိမ်းရှောင်


ကချင်ပြည်နယ် တိုက်ပွဲဆက်၊ ဒေသခံတွေ တရုတ်နယ်ထဲ တိမ်းရှောင်
ကချင်ပြည်နယ် တိုက်ပွဲဆက်၊ ဒေသခံတွေ တရုတ်နယ်ထဲ တိမ်းရှောင်

စနေနေ့ညနေက ပြန်လည်စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေကြားက တိုက်ပွဲဟာ ဒီကနေ့ ညနေပိုင်းထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရာမှာ အခုတကြိမ်က အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံးတိုက်ပွဲ ဖြစ်နေပါတယ်။ ဒီကနေ့မှာတော့ ဒေသခံပြည်သူ ၂,၀၀၀ နီးပါးလောက် တရုတ်ပြည်ဘက် ထွက်ပြေးကြသလို တာပိန်မြစ် ရေကာတာနဲ့ မြစ်ဆုံရေကာတာ စီမံကိန်းမှာ အလုပ်လာလုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေလည်း ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရာ ဒေသအတွင်း စနေနေ့ ညနေပိုင်းက စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဟာ ဒီကနေ့ ညနေပိုင်းအထိ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကိုတော့ KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“အခုအချိန်ထိ သူတို့က လက်နက်ကြီးနဲ့ ပစ်တုန်းပဲခင်ဗျ။ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းထုနေတယ်။ ခြေမြန်တပ်တွေ နီးနီးကပ်ကပ် ချီတက်လာတာမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ လက်နက်ကြီးနဲ့ပစ်တာ ရှိတယ်။ လက်နက်ငယ်နဲ့ လက်လှမ်းမီသလောက် ဖြစ်နိုင်သလောက်တော့ ခုခံတဲ့ အပိုင်းတွေ ရှိတယ်။ သူတို့ကလည်း လက်နက်သုံးတဲ့ နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ် အားလုံးသုံးတယ်။ လူအင်အားလည်း တော်တော်သုံးတယ် ဆိုတော့ ဒီတခေါက်က အကြီးကျယ်ဆုံး စစ်ဆင်ရေး ဖြစ်လာလိမ့်မယ်။ ကျနော်တို့ဘက်မှာလည်း ဒါက အကြီးကျယ်ဆုံး ခုခံမှုပေါ့။ ၉၄ နောက်ပိုင်းမှာ အကြီးကျယ်ဆုံး ခံစစ်တိုက်ပွဲလို့ ပြောရမှာပေါ့။”

နှစ်ဘက် အထိအခိုက် အကျအဆုံး သတင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို လေ့လာနေတဲ့ ဦးအောင်ကျော်ဇောကတော့ အစိုးရစစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ စစ်အင်အား တိုးချဲ့လာတာကြောင့် ရေကာတာ တည်ဆောက်နေတဲ့ တရုတ်လူမျိုးတွေနဲ့ ဒေသခံတွေဟာ တရုတ်ပြည်ဘက်ကို ဒီကနေ့ လူ ၂,၀၀၀ လောက် ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ပြောပါတယ်။

“တပ်တွေကတော့ အများကြီးပဲ။ လူထုကို ခြိမ်းခြောက်တာ တပ်တွေ အများကြီး ထုတ်ပြထားတယ်။ မနက်က တနေကုန် အမြောက်နဲ့ ပစ်နေတာ။ လူထုက အမြောက်သံ တနေကုန်ကြားနေတော့ မခံနိုင်ဘူးလေ။ မြန်မာတပ်ကို ကြောက်တော့ ပြေးကြတာ။ ထူးဆန်းတာက ဒီတခေါက် လူအများဆုံး ထွက်ပြေးလာတယ်၊ လူ ၁၈၀၀ ကျော်ကျော်လောက် တရုတ်နယ်စပ်ကို သူတို့ရဲ့ ကလေးငယ်တွေနဲ့ ထွက်ပြေးလာတယ်။ တာပိန် ရေအားလျှပ်စစ်က လူ ၁၀၀ ကျော် မနေ့ကတည်းက ထွက်လာတယ်။ သူတို့လုပ်ငန်းတွေ တရုတ်ပြည်ထဲက လုပ်မယ်ဆိုပြီး ထွက်လာကြတာ။”

ဦးအောင်ကျော်ဇောက လောလောဆယ်မှာတော့ KIA ဘက်က မိုးမောက်မြို့နယ် အတွင်းက သူတို့တပ်စခန်းကိုသာ ကာကွယ်နေပြီး တခြားဒေသတွေကို တန်ပြန် ထိုးစစ်ဆင်တာ မရှိသေးသလို အစိုးရတပ်ဘက်ကလည်း တာပိန် ရေအားလျှပ်စစ် စီမံကိန်းဒေသက KIA ရဲ့ တပ်စခန်းကို ဖယ်ရှားဖို့သာ ရည်ရွယ် တိုက်ခိုက်နေတဲ့ အခြေအနေ ရှိတာကြောင့် ဒေသတခုလုံး တိုက်ပွဲကြီးအထိ မဖြစ်နိုင်သေးကြောင်း သုံးသပ်ပါတယ်။

အခြားသုံးသပ်သူ တယောက်ကတော့ KIA ဘက်က နယ်မြေဒေသ အသီးသီးက သူတို့တပ်တွေ အားလုံးကို အရေးပေါ် တပ်လှန့်ထားသလို သူတို့ရဲ့ မြို့ပေါ် အခြေစိုက် ကိုယ်စားလှယ်ရုံးတွေနဲ့ စီးပွားရေး ကုမ္ပဏီရုံးတွေကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တခြားဒေသတွေကိုပါ ကူးစက်လာနိုင်တယ်လို့ ပြောပါတယ်။

၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲခဲ့တဲ့ KIA ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတာကြောင့် ပြီးခဲ့တဲ့နှစ်က စပြီး အစိုးရစစ်တပ်နဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာတော့ KIA နဲ့ အစိုးရတပ်တွေကြားမှာ ၉ ရက်နေ့က တကြိမ်နဲ့ ၁၁ ရက်နေ့ကတကြိမ် ၂ ကြိမ် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ ဒီနေ့ထုတ် သတင်းစာမှာတော့ နေပြည်တော်မှာ ဗုံးပေါက်ကွဲတဲ့ သတင်းကိုသာ ဖော်ပြထားပေမဲ့ ကချင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲသတင်းကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

XS
SM
MD
LG