သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ရှေ့တန်းဌာနချုပ်ကို မြန်မာအစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်


KIA ရှေ့တန်းဌာနချုပ်ကို မြန်မာအစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်
KIA ရှေ့တန်းဌာနချုပ်ကို မြန်မာအစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ ရှေ့တန်းဗဟိုဌာနချုပ်နေရာကို အစိုးရ စစ်တပ်ဘက်က ဒီကနေ့ ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အခု အစိုးရ စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး တွေဟာ KIA ဗဟိုဌာနချုပ် စခန်းအတွင်းထဲ ကျလာတာမရှိဘဲ တဘက် တရုတ်နယ်စပ်ထဲကိုသာ ကျရောက် ပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ KIA အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကချင်ပြည်နယ်တွင်းက နောက်ဆုံး အခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ ညနေ ၃ နာရီခွဲကနေ ညနေ ၅ နာရီခွဲကျော်လောက်အထိ ကချင်ပြည်နယ်ထဲက မြန်မာအစိုးရ စစ်တပ်အဖွဲ့ဟာ KIA ကချင်လွတ်လပ်ရေးအဖွဲရဲ့ ရှေ့တန်းဗဟိုဌာနချုပ်ရှိတဲ့ ပါဂျောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ၅ ကြိမ်မက KIA ရှေ့တန်းဗဟိုဌာနချုပ်ဆီကို ပစ်ခဲ့ပြီး အခုညပိုင်းမှာတော့ စစ်တပ်ဘက်က ထပ်ပစ်တာတော့ မရှိသေးဘူးလို့ KIA အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“သူတို့ဘက်ကနေ ကျနော်တို့ရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ ကျနော်တို့ သတင်းရတယ်။ အဲဒါ ကျနော်တို့ သတင်းရတဲ့အချိန်ကတော့ ၃ နာရီခွဲလောက်မှာ။ အဲဒီမှာ သူတို့ရှိတဲ့စစ်တပ်ကတော့ ခလရ (၈၆) ပါ။ အဲဒီဘက်မှာ ရွာတွေကတော့ မရှိဘူးခင်ဗျ။ အဲဒီနေရာက အရင် ၁၉၈၀ ခုနှစ်ကျော်တုန်းက သူတို့ ဗဟိုဌာနချုပ် တည်ရှိရာဒေသပေါ့နော်။ အဲဒီမှာ သူတို့က ၁၉၈၇ ခုနှစ်တုန်းက သူတို့စခန်းတွေကို ဝင်ပြီးတော့ နေရာယူထားတာ။ အဲဒီစခန်းကနေပြီးတော့ ကျနော်တို့ အခု ဗဟိုဌာနချုပ်ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပေါ့ဗျာ။”

အခုလို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေပေမဲ့ KIA ဘက်ကတော့ ပြန်လည်ပစ်ခတ်တာ မလုပ်သေးဘူးလို့ ပြောပါတယ်။ အခု စစ်တပ်ဘက်က ပစ်နေတဲ့ လက်နက်ကြီးတွေဟာ KIA ဗဟိုဌာနချုပ် စခန်းထဲကို မကျဘဲ တဘက် တရုတ်နိုင်ငံ နယ်စပ်ထဲကိုသာ ကျနေတယ်လို့လည်း ပြောပါတယ်။

“သူတို့ရဲ့ ပစ်မှတ်ကို ထိထိမိမိ လာထိတာတော့ မရှိသေးဘူးလို့ ကြားတယ်ခင်ဗျ။ ကျနော်တို့က တောင်ကုန်း တလျှောက်မှာ နေရာယူထားတယ်ဆိုတော့ အဲဒီတောင်ကုန်းကို ကျော်ပြီးတော့ တရုတ်ပြည်ဘက်ခြမ်းကို ကျတာများတယ်လို့ အဲဒီလိုပဲ ကြားတယ်။ အခုထက်ထိတော့ တရုတ်တွေက သိမှာမဟုတ်သေးဘူး။ တရုတ်အစိုးရက သူတို့ဘက်မှာ လက်နက်ကြီးတွေ ကျတယ်ဆိုတာကို ရုတ်တရက်တော့ မသိနိုင်သေးဘူး ခင်ဗျ။ တရုတ်ပြည်ဘက်မှာကလည်း အဲဒီနေရာမှာ ရွာတော့မရှိဘူး။ နယ်စပ်ဆိုတော့ တောတောင်တွေပါပဲ။ အဲဒီဘက်မှာ ကျပြီးတော့ ပေါက်ကွဲတာပေါ့နော်။ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကလည်း သူတို့ ပစ်သေးတယ် ခင်ဗျ။ အဲဒီတုန်းကလည်း တရုတ်ပြည်ဘက်မှာ ပေါက်ကွဲတာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့အတွက်ကြောင့် မိုလို့ အပစ်ရပ်ဖို့ ညှိနှိုင်းဖို့တော့ ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။ သူတို့က လက်နက်ကြီးနဲ့ပစ်တယ် ဆိုပေမဲ့ ကျနော်တို့က လောလောဆယ်တော့ နည်းနည်း ရှောင်နေယုံပဲ ရှိတာပေါ့။ သူတို့အတွက် ပိုပြီးတော့ အခွင့်သာတဲ့အချိန်မှာတော့ ကျနော်တို့လည်း လုပ်စရာရှိတာ ပြန်ပြီးတော့ လုပ်ပါလိမ့်မယ်။”

အခုလို တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးတွေ ကျနေတယ်ဆိုပေမဲ့ အခုအချိန်ထိတော့ တရုတ်နိုင်ငံဘက်က တစုံတရာ ပြောဆိုတာမရှိသေးဘူးလို့ ဦးလာနန်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကစလို့ ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ KIO ကချင်အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေတာရှိပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး။ KIA အဖွဲ့ဘက်ကတော့ မနေ့ ဇူလှိုင်လ ၈ ရက် သောကြာနေ့က နှစ်ဘက်အပစ်အခတ် ရပ်ဆဲရေးကိစ္စအတွက် အဆိုပြုချက်စာတစောင်ကို မြန်မာအစိုးရ အာဏာပိုင်ဆီကို ပေးပို့ခဲ့အပြီး ဒီကနေ့ အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ စပစ်နေတာ ဖြစ်တယ်လို့ ဦးလာနန်က ပြောပါတယ်။

“ကျနော်တို့ဘက်ကနေ မနေ့က ၈ ရက်နေ့နေ့စွဲနဲ့ သူတို့ကို စာတစောင် ရေးပို့ထားတာ ရှိတယ်။ အဲဒီစာထဲမှာ တော့ ကျနော်တို့ လိုချင်တဲ့ အပစ်အခတ် ရပ်စဲရေးသဘော ကျနော်တို့ အဆိုပြုထားတာ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီ အပစ်အခတ် ရပ်စဲရေးကို သူတို့သဘောတူတယ်ဆိုရင် ယာယီ အပစ်အခတ် ရပ်စဲရေး တခုလုပ်ကြမယ်။ ယာယီ အပစ်အခတ်ရပ်စဲရေး ဆိုတာ ကာလသတ်မှတ်ချက် ရှိရမယ်။ အဲဒီ သတ်မှတ်ထား တဲ့ ကာလအတွင်းမှာလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု တစုံတရာ လမ်းဖွင့်ပေးရမယ်။ အဲဒီအချက်အလက်တွေကို သူတို့ သဘောတူ လက်ခံတယ်ဆိုရင် ယာယီ အပစ်အခတ်ရပ်စဲရေးတခုကို ကျနော်တို့ လက်မှတ်ရေးထိုးကြမှာပေါ့။ ဒါပေမဲ့ အခု အပစ်အခတ် ရပ်ဆိုင်းတဲ့ဟာက သူတို့ပြောသလိုပဲ နုတ်နဲ့ပဲပြောပြီးတော့ ကြိုက်တဲ့အချိန်မှာ ရပ်ပြီးတော့ ကြိုက်တဲ့အချိန် ပြန်ပစ်တာမျိုး မဖြစ်စေချင်ဘူး။ ခိုင်ခိုင်မာမာနဲ့ နှစ်ဘက်သဘောတူညီမှုတွေက ရှိကိုရှိရမယ်။ အခုထက်ထိက နှစ်ဘက် တွေ့ဆုံရေးက သဘောတူညီချက်ရတဲ့အဆင့် တခုမှမရောက်သေးဘူး။”

KIA အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလာနန်က ကချင်ပြည်နယ်ထဲက နောက်ဆုံး အခြေအနေတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာ အခုဆိုရင် ၁ လကျော် ရှိနေပြီဖြစ်သလို ဒေသခံ ရွာသူရွာသားတွေဟာ သူတိုရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြရတာပါ။ သူတို့ကို KIA အဖွဲ့က ဒုက္ခသည်စခန်းတွေ ဖွင့်ပြီး ကူညီတာရှိသလို တရုတ်-မြန်မာနယ်စပ်က ရွာတွေမှာလည်း နေထိုင်နေကြရပါတယ်။ အခုဆိုရင် အချိန်ကာလ ကြာလာပြီမို့ နေရေးစားရေးနဲ့ ဆေးဝါးပြဿနာတွေမှာ အဆင်မပြေဘဲ အခက်အခဲ ရှိလာပြီလို့ ကချင်ဒုက္ခသည်ကူညီရေး လုပ်နေသူတွေက ပြောပါတယ်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေ၊ ကလေးငယ်တွေနဲ့အတူ ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားရေး ကိစ္စတွေမှာ ပိုပြီး အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG