သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား


KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား
KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာအစိုးရစစ်တပ်တွေဟာ ဝိုင်းမော်မြို့နယ်မှာ မနေ့ နေ့လည်ပိုင်းက တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ထိလည်း တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲဟာ အစိုးရတပ်တွေက KIA ဗဟိုဌာနချုပ်အနီးမှာ ထိုးစစ်အတွက် ပြင်ဆင် လှုပ်ရှားမှုတွေ လုပ်တဲ့အတွက် နှောက်ယှက်တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း KIO ဘက်က ပြောဆိုသလို အစိုးရတပ်တွေဟာ ကချင်ပြည်နယ် နေရာအတော်များများမှာ စစ်ဆင်ရေးအတွက် ပြင်ဆင်တာတွေ ရှိနေတယ်လို့လည်း ပြောဆို ပါတယ်။ KIA နဲ့ အစိုးရတပ်အကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတာတွေဟာ ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်က စတင် ရပ်စဲနေခဲ့တာဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIA နဲ့ မြန်မာအစိုးရစစ်တပ်တွေ လတ်တလော တိုက်ပွဲဖြစ်တဲ့နေရာကတော့ KIO အခြေစိုက်ရာ လိုင်ဇာမြို့နဲ့ ၁၅ မိုင်လောက်အကွာ ဝိုင်းမော်မြို့နယ်တွင်းမှာဖြစ်ပြီး နားဖော့ကနေ ဆင်းလာတဲ့ အစိုးရစစ်ကြောင်းတွေကို KIA ဘက်က ကြားဖြတ် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“မနေ့က နေ့လည်ပိုင်းကနေပြီးတော့ စတာ။ ဒီနေ့မနက်အထိလည် မပြီးနိုင်သေးဘူး။ အခုထိပဲ။ ဖြစ်တာကတော့ သူတို့ နားဖော့စခန်းကို ရိက္ခာပို့တာရယ်၊ နောက်ပြီးတော့ လွန်ခဲ့တဲ့ လေးငါးရက် တုန်းကတော့ သူတို့အထဲမှာ ဟိုက်စကီးတစင်းသွားတယ်။ အဲဒီ ဟိုက်စကီးအတွက် သူတို့လုံခြုံရေး ယူပေးရင်းနဲ့ ထွက်တာ။ ခလရ (၃၇) ရယ်၊ ခလရ (၂၉) ရယ်၊ ခလရ (၄၃၈)၊ အဲဒီစစ်ကြောင်း သုံးကြောင်း ပေါင်းထားတဲ့ လှုပ်ရှားတပ်ဖွဲ့ကို သူတို့ရဲ့ တပ်စခန်းကို ပြန်ဆုတ်လာတဲ့လမ်းကြောင်းမှာ ဖြစ်ပွားတာပါ။”

တိုက်ပွဲအစီရင်ခံစာ မရသေးတာကြောင့် အထိအခိုက်၊ အကျအဆုံး အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

ဒီလို အစိုးရစစ်ကြောင်းတွေကို တိုက်ခိုက်ရတဲ့အကြောင်းကိုတော့ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“သူတို့ စစ်ကြောင်း ထိုးတယ်၊ ဝင်တယ်ဆိုရင်တော့ ဒါ ကျနော်တို့ ပစ်တာခတ်တာ လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ နားဖော့စခန်းဆိုတာကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်နဲ့ တော်တော်လေး နီးနေပြီလေ။ ဗဟိုဌာနချုပ်ကစခန်းကိုလည်း သူတို့ နားဖော့စခန်းကနေပြီးတော့ ထိန်းထားလို့ရတယ်လေ။ အဲဒီတော့ ဒီ နားဖော့စခန်းကို ရိက္ခာဖြည့်တာမျိုး၊ လူအင်အား ဖြည့်တင်းတာမျိုး ကျနော်တို့ဘက်ကတော့ လုံး၀ ခွင့်မပြုနိုင်ဘူး။ အမှန်တကယ်ပဲ ထိုးစစ်မလုပ်ပေမဲ့ ထိုးစစ်အတွက် ပြင်ဆင်နေတဲ့အချိန်မှာတော့ သူတို့ရဲ့ လှုပ်ရှားမှုကိုလည်း ကျနော်တို့ ဖြစ်နိုင်သလောက် အနှောက်အယှက်ပေးရမှာပဲ။ ဒီအတိုင်း လက်ပိုက်ပြီးတော့ ထိုင်ကြည့်နေမယ်ဆိုရင် အဲဒီ စစ်ဆင်ရေးပြင်ဆင်မှုမှာ နောက်တချိန်ကျရင် ကျနော်တို့အတွက် အများကြီး အခက်အခဲတွေဖြစ်သွားနိုင်တယ်။ ဒါကြောင့်မိုလို့ သူတို့ရဲ့ စစ်ပြင်နေတဲ့ကာလ သူတို့ရဲ့ တပ်လှုပ်ရှားမှုတွေမှာ ဖြစ်နိုင်တဲ့နည်းနဲ့ ပျောက်ကျားနည်းနဲ့ အနှောက်အယှက် ပေးတာပါပဲ။ ”

ဒီလ ၁၄ ရက်နေ့ကလည်း မိုးမောက်မြို့နယ် KIA နယ်မြေတွင်းကို ဗန်းမော်အခြေစိုက် ခလရ (၄၇) က အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာကြောင့် KIA နဲ့ ၁ နာရီကျော်ကြာ တိုက်ပွဲတကြိမ် ဖြစ်ခဲ့ပါတယ်။ KIA ဘက်ကတော့ အစိုးရစစ်တပ်တွေဟာ ကချင်ပြည်နယ်တွင်းက နေရာအနှံ့မှာ စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

“နေရာဒေသအနှံ့ပါပဲ သူတို့ လုပ်နေကြတာ။ တပ်မဟာ (၃) ဘက်မှာလဲ ရှိပါတယ်။ တပ်မဟာနဲ့ တပ်ရင်း (၅) ဘက်မှာလဲ လုပ်နေပါတယ်။ နောက်ပြီး တပ်ရင်း (၁၁) နမ်မဟီး ပေါ့နော်။ အဲဒီဘက်မှာလည်း သူတို့လှုပ်ရှားရင်းနဲ့လည်း တပ်အင်အား ဖြည့်တင်းတာတို့၊ လက်နက်အင်အား ဖြည့်တင်းတာတို့၊ ရိက္ခာဖြည့်တင်းတာတို့ လုပ်နေကြတယ်။ သူတို့ကတော့ အမြဲတမ်း အဆင်သင့်ဖြစ်နိုင်အောင် လိုအပ်တဲ့ရိက္ခာတွေ၊ တပ်ကို အရေးပေါ် ချီတာမျိုး အမြဲတမ်းလုပ်နေကြတာပါ။ အဲဒီလိုမျိုး လုပ်ဆောင်တဲ့နေရာမှာ အရင်တုန်းက သူတို့က အယောက် ၁၀၊ ၂၀ တို့ သွားရင်းနဲ့လုပ်ကြတာ။ အခုနောက်ပိုင်းကျတော့ အင်အား ၁၀၀ ကျော် ၂၀၀ ကျော်နီးပါး အမြဲတမ်း ထားပြီးတော့မှ ပြင်ဆင်မှုတွေကို အမြဲတမ်း လုပ်ဆောင်နေတာပါ။”

ပြီးခဲ့တဲ့လ ၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် KIA နဲ့ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ အစိုးရဘက်က စစ်ရေးပြင်ဆင်တာ၊ စစ်ရေးလှုပ်ရှားတာတွေ ပိုများလာနေတယ်လို့ KIA ဘက်က ပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

လောလောဆယ်မှာ မြန်မာအစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင် ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားတဲ့အပေါ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လက်မခံကြပါဘူး။ KIO ကတော့ အပစ်အခတ် ရပ်စဲရေးအတွက် ဆက်လက် ဆွေးနွေးမယ်လို့ ပြောဆိုပေမဲ့ ၁၉၄၇ ပင်လုံ သဘောတူညီချက်ကို အခြေခံပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရနဲ့ KIA အကြား ၁၉၉၄ ခုနှစ်က သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒီနှစ် ဇွန်လတွင်းမှာ ပျက်ပြယ်သွားခဲ့ပြီး တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။ ၃ လကျော် တိုက်ပွဲကာလအတွင်းမှာ တရုတ်-မြန်မာ နယ်စပ်ဒေသနဲ့ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့မြို့တွေကို ထွက်ပြေးနေတဲ့ ကချင်ဒုက္ခသည်ပေါင်း ၃ သောင်းကျော်လောက် ရှိနေပြီး ဆေးဝါးနဲ့ ရိက္ခာအခက်အခဲ တွေလည်း ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေးကူညီသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG