သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုသာ KIA လိုလား


စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုသာ KIA လိုလား
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုသာ KIA လိုလား

ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမှန်တကယ် ရပ်ဆိုင်းကြပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို စကားပြန်လိုက်ပါတယ်။ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးသိန်းဇော်က သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကချင်လွတ်လပ်ရေးအဖွဲ့ အခြေစိုက်ရာ လိုင်ဇာကို စေလွှတ်ပြီး အပစ်အခတ် ရပ်စဲထားကြောင်း ပြောကြားခဲ့တဲ့ အခါမှာ KIO ဘက်က စကားပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာဌာနချုပ်ကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးသိန်းဇော်က သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ အဖြစ် ကချင် အတိုင်ပင်ခံ အဖွဲ့ဝင် ၄ ဦးကို စေလွှတ်ပြီး မြန်မာစစ်တပ်တွေကို အပစ်အခတ် ရပ်စဲဖို့ ညွှန်ကြားထားပြီ ဆိုပြီး ပြောကြားစေခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က အခုလို ပြောပါတယ်။

“ဆွေးနွေးတဲ့အပိုင်းတော့ မဟုတ်ဘူးခင်ဗျ။ ဝန်ကြီးဟောင်း ဦးသိန်းဇော်ကနေ ကချင်အတိုင်ပင်ခံ အဖွဲ့က ပုဂ္ဂိုလ် ၄ ဦးကို စေလွှတ်လိုက်တာပါ။ စေလွှတ်လိုက်တာကလည်း ဦးသိန်းဇော်က နေပြီးတော့ သူ့ရဲ့သဘောထားကို လာပြီးတော့ ပြောပြခိုင်းတဲ့ အပိုင်းပါပဲ။ သူ့သဘောထားကတော့ ကျနော်တို့ဒေသမှာ အပစ်အခတ် ရပ်ဆိုင်းပြီး လုံး၀ ငြိမ်းချမ်းရေး ဖြစ်တဲ့အထိ ဆွေးနွေးသွားရအောင် ဆိုတဲ့ အပိုင်းတွေပါ။

“သူပြောဆို ပါးလိုက်တဲ့ စကားမှာတော့ သူက သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ဟာလည်း ပြောဆိုသွားတယ်။ အဲဒီကျတော့ အစိုးရ အဖွဲ့ဝင်ထဲမှာ မပါပေမဲ့ ကြားကနေပြီးတော့ ဒေသတည်ငြိမ်ရေး၊ အေးချမ်းရေးအတွက် သူကနေ တဖက်တလမ်းက ကြိုးစားကြည့်တဲ့ သဘော ဖြစ်ပါလိမ့်မယ်။”

တိုက်ပွဲတွေကို မြန်မာအစိုးရဘက်က တဖက်သတ် အပစ်အခတ် ရပ်စဲဖို့ ညွှန်ကြားထားကြောင်း လာရောက် ပြောဆိုတာကို တရားဝင် အထောက်အထားပြဖို့ ဆိုပြီး KIO ဘက်က စကားပြန်လိုက်တယ်လို့လည်း သူက ပြောပါတယ်။

“အခုထိတော့ ဆွေးနွေးပွဲဆိုတဲ့ အဆင့်တော့ မရောက်ပါဘူး။ သူပြောလိုက်တဲ့ စကားတွေကို ကျနော်တို့ နားထောင်တယ်။ ပြီးတော့ ကျနော်တို့ လိုချင်တဲ့ အချက်အလက်တွေကို ပြန်ပြီးတော့ စကားပါးလိုက်တာ ရှိတယ်။ ကျနော်တို့ လိုချင်တဲ့ အချက်ကတော့ ဗမာစစ်တပ်တွေရဲ့ ရှေ့တန်းတွေကို တိုက်ခိုက်တာတွေ ရပ်ဖို့ ညွှန်ကြားပြီးပြီဆိုတဲ့ စကားတခုပါတယ်။ အဲဒီကျတော့ ကျနော်ကပြောတယ်၊ အပစ်အခတ် ရပ်ထားပြီးပြီ ဆိုတာကို သက်သေနဲ့ စာရွက်စာတမ်းနဲ့ လိုချင်တယ်ဆိုတဲ့ ပြန်ကြားချက် ပြန်ပို့လိုက်တယ်။ စာရွက်စာတမ်းနဲ့ သက်သေ အထောက်အထား တခုမှမရှိတဲ့ တဖက်သတ် အပစ်အခတ် ရပ်ဆိုင်းတာကို ကျနော်တို့က ယုံကြည်မှု မရှိဘူး။

“အဲဒါကြောင့် ယုံကြည်မှု ရှိအောင်နဲ့ နောက်တဆင့် ဆွေးနွေးပွဲဆိုတဲ့ အဆင့်ကို ရောက်အောင် အစိုးရ စစ်ဘက်ဆိုင်ရာက သက်ဆိုင်ရာ ပုဂ္ဂိုလ်တဦးကနေ ရှေ့တန်းမှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေကို အပစ်အခတ်ရပ်ဖို့ ညွှန်ကြားထားတဲ့ အမိန့်စာ ဒါမှမဟုတ် အဲဒီအဓိပ္ပာယ် သက်ရောက်တဲ့ တရားဝင် စာတခုကို ကျနော်တို့ကို ပို့ပေးဖို့ တောင်းဆိုထားတာ ရှိတယ်။”

လတ်တလောမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တလွှားမှာ ဖြစ်နေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေက ရပ်ဆိုင်းနေပေမဲ့ နှစ်ဘက် အသင့်အနေအထားမှာ ရှိနေပါတယ်။ တိုက်ပွဲ အသေးလေးတွေကတော့ ကြိုးကြား ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကတော့ စစ်ပွဲတွေ ရပ်စဲဖို့က ပထမဆုံး လုပ်ဆောင်ဖို့ လိုအပ်ပြီး ဒီကမှတဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်လိုတယ် ဆိုပြီးလည်း ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ လိုချင်တာတော့ အခုဖြစ်နေတဲ့ ပြဿနာကို အရင်ဦးဆုံး ပစ်ခတ်တာတွေ ရပ်တန့်အောင် လိုချင်တယ်။ ဒါပေမဲ့ အဲဒီကတဆင့် နိုင်ငံရေး ဆွေးနွေးမှု အဆင့်ကို ရောက်သွားချင်တယ်။ အဲဒီလိုမျိုး နိုင်ငံရေးအဆင့် ဆွေးနွေးပွဲမှာ ကျနော်တို့ KIO အဖွဲ့အစည်း တခုတည်းသာမကဘဲ အခု လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ ဒေသအားလုံး ကိုယ်စားပြုနေတဲ့ တိုင်းရင်းသားအားလုံးရဲ့ အရေးနဲ့ ပါဝင်ပတ်သက်နိုင်တဲ့ အဖွဲ့အစည်းက နေပြီးတော့ တွေ့ဆုံ ဆွေးနွေးမှုမျိုးကို ကျနော်တို့ လိုချင်တယ်။

“နောက်ပြီးတော့ အဲဒီလို တွေ့ဆုံဆွေးနွေးမှု လုပ်တဲ့အခါမှာလည်း လွန်ခဲ့တဲ့ နှစ်တွေမှာ၊ ငြိမ်းချမ်းရေး ကာလတွေမှာ၊ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ၊ အဲဒီတုန်းက လုပ်ခဲ့တဲ့ဟာတွေမှာ ကျနော်တို့ လက်နက်ကိုင် အင်အားစုတွေနဲ့ အစိုးရ ၂ ခုကြားမှာပဲ နားလည်မှု ယူပြီးတော့ လက်မှတ်ထိုးပြီး လုပ်ခဲ့ကြတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက် ဘာမှ အာမခံချက် မရှိဘဲနဲ့ ပြဿနာတွေက ပိုပေါ်လာတယ်။ ဒါကြောင့် ကျနော်ကတော့ ဆွေးနွေးပွဲအဆင့် ရောက်လာပြီဆိုရင် အဲဒီဆွေးနွေးပွဲကို ပြင်ပနေ အဖွဲ့အစည်း တခုခု၊ ဒါမှမဟုတ်လည်း အိမ်နီးချင်းနိုင်ငံ တခုခုကနေ ကြားဝင် စေ့စပ်ပေးတာမျိုး အဲဒီအချက်ကို ကျနော်တို့ လိုချင်တာပါ။”

ဇွန်လ ၉ ရက်နေ့ကစပြီး ဖြစ်ပွားနေတဲ့ နှစ်ဘက် တိုက်ပွဲတွေက ကချင်ပြည်နယ် မိုးမောက်၊ ဝိုင်းမော်၊ မိုးညှင်း စတဲ့ ဒေသတွေအပြင် ရှမ်းပြည်နယ်တွင်းမှာလည်း ဖြစ်ပွားနေတာပါ။ စစ်ပွဲတွေကြောင့် ဒုက္ခသည် ထောင်သောင်းချီပြီး တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေကြရပါတယ်။

ဒီနောက်မှာတော့ အမေရိကန် အစိုးရက မြန်မာအစိုးရတပ်တွေ KIA ကို ထိုးစစ်ဆင်နေတာကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ ပြောဆိုလိုက်ပါတယ်။ တဆက်တည်း တရုတ်အစိုးရကလည်း နှစ်ဘက် ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တရုတ်အနေနဲ့ လိုလားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG