သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွား


KIA Bigade 3 at frontline
KIA Bigade 3 at frontline

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကတော့ မုံးကိုးဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းကြားမှာလည်း CNA/ CDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန် ပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မူဆယ်မြို့နယ် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးရဲ့ အရှေ့ဘက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရဲ့ တပ်မဟာ ၆၊ တပ်ရင်း ၉ နယ်မြေမှာ ဒီကနေ့ အောက်ကိုဘာလ ၁၈ ရက် မနက်ပိုင်းက စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ဒီကနေ့ကတော့ ရှမ်းမြောက်ဘက်မှာ ကျနော်တို့ တပ်မဟာ ၆ နယ်မြေဘက်မှာ ခုခံတိုက်ပွဲရှိပါတယ်။ တပ်ရင်း ၉ နယ်မြေဘက်မှာ။ တနိုင်း၊ ဒီမာ အဲဒီဘက်မှာ ဖြစ်ပါတယ်။ မူဆယ်ကနေ ကွတ်ခိုင်ဘက်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမပေါ့နော်။ အဲဒီ အရှေ့ဘက် ကျပါတယ်။ ၁၆ ရက်နေ့ကနေ သူတို့ တပ်မတော်ဘက်ကနေ ထိုးစစ် ဝင်လာတာ ရှိပါတယ်။ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ ထိုးစစ်ပြန်ရှိပါတယ်။ ”

တိုက်ပွဲအခြေအနေအသေးစိတ် မသိရသေးသလို အထိအခိုက်စာရင်းလည်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မူဆယ်မြို့နယ် အရှေ့ပိုင်း တရုတ်နယ်စပ်အနီးက မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ MNDA ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်နေသလို လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“မုံးကိုးဘက်မှာလည်း တိုက်ပွဲကတော့ MNDAA နဲ့ ရှိပါတယ်။ မုံးကိုး၊ ဖောင်းဆိုင်က ဆုတောင်း တောင်ပေါ်မှာ ဟိုနေ့က တိုက်ပွဲဖြစ်တာ အခုထက်ထိကတော့ အဲဒီဘက်မှာ စစ်ရေးအခြေအနေက တင်းမာနေဆဲ ဖြစ်ပါတယ်။”

မုံးကိုးဒေသခံတစ်ဦးကတော့ ဖောင်းဆိုင်မှာ မနေ့က ညနက်ပိုင်းထိ တိုက်ပွဲတွေဖြစ်ခဲ့ပေမဲ့ ဒီနေ့တော့ ပစ်ခတ်သံတွေ မကြားရဘူးလို့ ပြောပါတယ်။

“ဒီနေ့ကတော့ ဘာမှ မကြားဘူး။ မနေ့ကတော့ ဖြစ်တယ်ဗျ။ ဖောင်းဆိုင်မှာ။ မနေ့က ဖြစ်တာက ဖောင်းဆိုင်မှာ ဖြစ်တာ။ မနေ့က ညထိ ဖြစ်တာပေါ့။ ည တနာရီ၊ နှစ်နာရီ ထိပေါ့။”

တနင်္ဂနွေနေ့က ဖောင်းဆိုင်မှာ ဖြစ်တဲ့တိုက်ပွဲဟာ စစ်ကောင်စီရဲ့ တပ်မ ၉၉ စခန်းကို MNDAA က လာရောက် တိုက်ခိုက်တာဖြစ်ပြီး အရပ်သားတဦး လက်နက်ကြီး ကျည်ထိမှန်ကြောင်း ကချင်သတင်းဌာန KNG ထုတ်ပြန် ထားပါတယ်။ ဒီလ ၁၂ ရက်နေ့ မုံးကိုးမှာ ဖြစ်တဲ့တိုက်ပွဲတုန်းကတော့ အသက် ၂ နှစ်ကျော်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၆ ဦး လက်နက်ကြီး ထိမှန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ထဲက မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း) ၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသမှာ ဇူလိုင်လဆန်းတည်းက စတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်း ဘက်မှာလည်း ဒီရက်ပိုင်းအတွင်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

ကလေးမြို့ဘက်ကတက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ချင်းတပ်ဖွဲ့တွေက ကားလမ်းတလျှောက် ကြားဖြတ် တိုက်ခိုက်နေကြတာပါ။ မနေ့တနင်္ဂနွေနေ့က တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးနဲ့ဖလမ်းကြား တာလ်ကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: Chin News Journal)
ချင်းပြည်နယ်၊ ဟားခါးနဲ့ဖလမ်းကြား တာလ်ကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: Chin News Journal)

“ဒီနေ့ အခြေအနေကတော့ ဘာမှ မရှိသေးဘူး။ နေ့လည်ကတော့ လမ်းပြင်ဖို့လာတဲ့ JCB စက်ကြီး၊ လယ်ထွန်စက်ကြီးကိုတော့ ပစ်လိုက်တယ်။ ပစ်တော့ ပြန်လှည့်သွားတယ်။ လမ်းမပြင်ရဲဘဲနဲ့ ။ မနေ့ကတော့ တားလ် ကျေးရွာအနီး၊ အနီးပတ်ဝန်းကျင်လောက်မှာ။ ကြားဖြတ်တိုက်တာဟုတ်တယ်။ ကြားဖြတ်တိုက်တာ။ ဟားခါးနဲ့ ဖလမ်း လမ်းမကြီးပေါ်မှာ။ အချိန်ကတော့ ည ၈နာရီနောက်ပိုင်းမှာဖြစ်တာဗျ။ စစ်ကားတွေနဲ့ အဲဒီမှာ ၃ရက်လောက်ရှိပြီ ညှပ်မိနေတာ။ အဲဒီမှာ တိုက်တာက CNF လည်းပါမယ်။ CDF လည်းပါမယ်။ ကျနော်တို့ ၃ ဖွဲ့ပေါင်းပြီး တိုက်တာပေါ့။ ”

ဒီတိုက်ပွဲမှာ စစ်ကား ၉ စင်းဖျက်ဆီးခဲ့ကြောင်းနဲ့ အရာအရှိ အပါအဝင် ထိခိုက်ကျဆုံးသူများကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ချင်းပြည်နယ်ကို မကွေးတိုင်း ပခုက္ကူကနေ မင်းတပ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ ဘက်ကနေ ဖလမ်း၊ ဟားခါး၊ စသဖြင့် စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်တပ်တွေ ဒီလ ၁၂ ရက်နေ့ထဲက စစ်ချီလာနေပြီး ၁၄ ရက်နေ့မှာ တိုက်ပွဲတွေ စဖြစ်နေတာပါ။

ထန်တလန်မြို့နယ် CNA ချင်းအမျိုးသားတပ်ဖွဲ့ ဌာနချုပ်အနီးကစစ်ကောင်စီရဲ့ လုံလဲရ်တပ်စခန်းကို CNA နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သိမ်းယူလိုက်တဲ့နောက် ချင်းပြည်နယ်အတွင်းမှာ စစ်ရေးတင်းမာမှုတွေ ပိုမို မြင့်တက်လာနေတာဖြစ်ပါတယ်။


----------

{{Unicode}}














ချင်းပြည်နယ်၊ ဟားခါးနဲ့ဖလမ်းကြား တာလ်ကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: Chin News Journal)
ချင်းပြည်နယ်၊ ဟားခါးနဲ့ဖလမ်းကြား တာလ်ကျေးရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: Chin News Journal)





#MyanmarMilitary #MyanmarViolence #KIA #MNDAA #CNA #VOABurmese

XS
SM
MD
LG