သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ကြားဝင်စေ့စပ်ရေး အတွက် KIO လိုလား


Исторические реконструкции
Исторические реконструкции

ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ အဆုံးသတ်စေဖို့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအဝန်းက ကူညီဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲတွေ ရပ်တန့်ဖို့ မြန်မာအာဏာပိုင်တွေဘက်က တရားဝင်သဘော မဟုတ်တဲ့ ကမ်းလှမ်းချက်မျိုး လုပ်ခဲ့ပေမဲ့ KIO က လက်မခံခဲ့ဘဲ ကြားခံ တိုင်းပြည်တခုမှာ ဆွေးနွေးသွားဖို့သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ KIO နဲ့ မြန်မာစစ်တပ်ကြား ပဋိပက္ခတွေ နောက်ဆုံး အခြေအနေနဲ့အတူ စေ့စပ်ညှိနှိုင်းရေးအတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာကိုတော့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ အဆုံးသတ်စေဖို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အကူအညီနဲ့ ပြည်ပနိုင်ငံ တခုမှာ ဆွေးနွေးရေး KIO ဘက်က လိုလားနေတာ ဖြစ်ပါတယ်။ အရင်တပတ်တည်းကစလို့ မြန်မာစစ်တပ်က KIO အဖွဲ့ရဲ့ စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာရာက လူပေါင်း သောင်းဂဏန်းချီပြီး အိမ်နီးချင်း တရုတ်နိုင်ငံထဲကို ထွက်ပြေးကြရတဲ့အထိ ပြဿနာတွေ ကြီးထွားလာနေချိန်မှာပဲ ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာပါ။

ဒုက္ခသည် ပြဿနာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်စေမယ့် ဆွေးနွေးမှုတွေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ ဒီနည်းလမ်းကို ရွေးချယ်လာကြတာ ဖြစ်တယ်လို့ KIO တာဝန်ရှိသူတွေက ပြောခဲ့တဲ့အကြောင်း ကချင်သတင်းဌာန တခုဖြစ်တဲ့ Kachin News Group ရဲ့ အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။

“ဒုက္ခသည် ပြဿနာတွေလည်း ဖြစ်လာပြီ၊ နောက်တခုကလည်း နိုင်ငံရေး အကြောင်းကြောင့် အဓိက ပြည်တွင်းစစ် ဖြစ်လာတဲ့ အခြေအနေ ပြန်ရောက်သွားတာ ဖြစ်တဲ့အတွက် အခုပြဿနာကို ကချင်နဲ့ အစိုးရကြားထဲမှာ ဖြေရှင်းလို့လည်း မရဘူး။ အဲဒါကြောင့် KIO အပါအဝင် တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစုတွေ အားလုံးနဲ့ အစိုးရ ကြားထဲမှာ ကုလသမဂ္ဂက ကြားဝင်ပြီးတော့ နိုင်ငံရေး ပြဿနာကို တတိယနိုင်ငံမှာ ဆွေးနွေးဖို့၊ အထဲမှာ ဆွေးနွေးရင်တော့ ကျနော်တို့ဘာသာ ဆွေးနွေးမှု ကောင်းကောင်း လုပ်နိုင်မှာလည်း မဟုတ်ဘူး။ အဲဒါကြောင့် တတိယနိုင်ငံမှာ ကုလသမဂ္ဂကပဲ ဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ကြားခံပြီးမှ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းသွားဖို့အတွက် အဲဒီဘက်ကို ဦးတည်ပြီးမှ အခု လုပ်ဆောင်နေတာ ဖြစ်တယ်။”

တိုက်ပွဲတွေ ဖြစ်ပွားနေတာ သီတင်းတပတ်ကျော် ကြာလာတဲ့ သောကြာနေ့မှာတော့ မြန်မာအာဏာပိုင်တွေဘက်က တရားဝင် သဘောမျိုး မဟုတ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တာပါ။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ် တဦးလည်းဖြစ်၊ ကချင်ပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးသိန်းဇော်က KIO တာဝန်ရှိသူတွေနဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကို စေလွှတ်ခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူးလို့ ကိုနော်ဒင်းက ပြောပါတယ်။

“ကြံ့ဖွံ့ပါတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးသိန်းဇော်က မြစ်ကြီးနားမှာရှိတဲ့ ကချင်အတိုင်ပင်ခံ အဖွဲ့က လူကြီး ၂ ယောက်ကို လိုင်ဇာဘက်ကို စေလွှတ်တယ်။ အဲဒီလို စေလွှတ်တဲ့ သူ့ရဲ့ သတင်းစကားကတော့ အစိုးရဘက်က ရှေ့တန်းမှာ ရှိနေတဲ့ အဖွဲ့ဝင်များ အားလုံးကို အပစ်အခတ် ရပ်စဲရေး လုပ်ဖို့အတွက် သူတို့အနေနဲ့ ကြေညာဖို့ အဆင်သင့် အနေအထား ဖြစ်တယ် ဆိုတဲ့ဟာ ပြောပြခိုင်းတာ ဖြစ်တယ်။ လိုင်ဇာကို ရောက်လာပြီး မနက် ၉ နာရီက ညနေ အတော်ကြာတဲ့အထိ သူတို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ သိရတယ်။ ဒါပေမဲ့ တကယ်ပဲ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး ကြေညာဖို့အတွက် သေချာမှု အပိုင်းမှာ လက်တွေ့လုပ်စရာတွေ အများကြီးရှိတယ်ဆိုတဲ့ အပိုင်း KIO က ပြောပါတယ်။”

စေ့စပ်ညှိနှိုင်းဖို့ ပြောနေတဲ့ တချိန်တည်းမှာပဲ KIO တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဟာ သောကြာနေ့အထိ ဆက်လက် ဖြစ်ပွားနေတာ၊ မြန်မာစစ်တပ်က အင်အားတွေ တိုးချဲ့ ဖြန့်ချထားဆဲ အခြေအနေတွေ ရှိနေတာမို့ ကမ်းလှမ်းချက်အပေါ် သံသယ ရှိနေတာကလည်း ဆွေးနွေးမှု မအောင်မြင်ရတဲ့ အကြောင်းတခု ဖြစ်တယ်လို့ ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။ သောကြာနေ့က တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က အကျအဆုံးတွေ ရှိခဲ့သလို လက်ရ ဖမ်းဆီးမိသူတွေလည်း ရှိတယ်လို့ KIO တာဝန်ရှိသူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောဆိုခဲ့တာပါ။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဒေသခံတွေလည်း ဘေးလွတ်ရာ ဆက်လက် ထွက်ပြေးနေကြပြီး အိမ်နီးချင်း တရုတ်နိုင်ငံမှာ ခိုလှုံနေသူပေါင်းဟာ ၁၀,၀၀၀ ကျော်အထိ ရှိနေပါပြီ။ ဒါပေမဲ့လည်း ဝင်ခွင့်မရဘဲ နယ်စပ်မှာ နေထိုင်နေကြရသူတွေလည်း အများအပြား ရှိနေပြီး ဒီလူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ မရနိုင်ဘဲ အခက်အခဲတွေ ကြုံနေရတယ်လို့ အကူအညီပေးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဒေသခံတွေက ပြောပါတယ်။

“တရုတ်က လက်မခံလို့ အထဲကို ပြန်ဝင်လာတဲ့ လူတွေနဲ့ ရောက်လာပြီးတော့ ဟိုဘက်ကိုလည်း သွားလို့မရဘူးဆိုတာ သိလို့ မိုင်ဂျာယန် နယ်စပ်တလျှောက် ကချင် အတွင်းဘက်က ရွာတွေမှာ ခိုလှုံနေရတဲ့၊ တောထဲမှာ ခိုလှုံနေရတာ စုစုပေါင်း ခန့်မှန်းခြေ ၁,၀၀၀ နီးပါးရှိတယ်။ သူတို့က အစားအသောက်တွေ ပြတ်တောက်နေတယ်၊ ကျန်းမာရေး အခြေအနေ ဆေးဝါးလည်း လိုနေတယ်၊ ဆရာလည်း လိုနေတယ်။ ကျမတို့မှာ ဆရာလည်း အလုံအလောက် မရှိဘူး။ မနေ့ကပဲ ကျမတို့ အစားအသောက်တွေ ကိုယ့်မှာရှိတဲ့ဟာတွေ စုပြီး သွားပေးတယ်။ အခု နောက်ထပ် ပြန်ဖြစ်လာရင်တော့ ကျမတို့မှာ ဘာမှ မရှိတော့ဘူး။ ဒီမှာ NGO လည်း ဘာမှမရှိဘူး။ ဘယ်သူမှလည်း လာမကူဘူး။”

တရုတ်အစိုးရကတော့ ဒုက္ခသည်တွေ ခိုလှုံခွင့်ရဖို့ နိုင်ငံတွင်း ဝင်ရောက်တာကို တားမြစ်တယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း ကြာသပတေးနေ့ကပဲ ငြင်းဆိုခဲ့ပါတယ်။ ပဋိပက္ခအတွင်းက ၂ ဘက်စလုံး အနေနဲ့လည်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ မြန်မာအစိုးရ အနေနဲ့ ထိုးစစ်တွေ ဆင်နွှဲနေတာကို ရပ်တန့်ဖို့နဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အတွက်လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG