သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရလက်နက်ကြီးကြောင့် KIA ဗိုလ်လောင်း ၂၀ သေဆုံး


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး သင်တန်းသား ၂၀ သေဆုံးခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်က ပြောပါတယ်။

လောလောဆယ်မှာ ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ဟိုပင်မြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကြား ညှိနှိုင်းနိုင်ဖို့ ကြိုးစားနေပေမဲ့ အလားအလာ မကောင်းဘူးလို့လည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ KIA အကြား ကာလအတော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေရာက ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး ဒီကနေ့မှာတော့ KIA ဌာနချုပ် လိုင်ဇာမြို့အနီးကို လက်နက်ကြီးနဲ့ စတင် ပစ်ခတ်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒီကနေ့ အစိုးရတပ်က တိုက်ခိုက်တာကြောင့် ထိခိုက်တဲ့အခြေအနေကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီ မိနစ် ၂၀ မှာ ခရာတောင်ကနေပြီးတော့မှ ဒီ KIO-KIA ဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီး ၁၀၅ နဲ့ ၂ လုံး လှမ်းပစ်တယ်ခင်ဗျ။ လှမ်းပစ်တဲ့နေရာမှာ သူတို့ KIO ဘက်ကတော့ သင်တန်းသားတွေပေါ့လေ ဗိုလ်လောင်းသင်တန်းသားတွေ အယောက် ၂၀ သေပြီးတော့မှ ၁၆ ယောက် ဒဏ်ရာရသွားတယ်ဆိုတာ သိရတယ်ဗျ။”

ခရာတောင်ဟာ လိုင်ဇာဒေသမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ဒီတောင်ကုန်းကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက အစိုးရတပ်တွေက သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့မနက် အစောပိုင်းက ဟိုပင်မြို့နယ် အင်းတော်ကြီးဒေသဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

“လုံးသိုဘက်ပေါ့လေ မိုင်းလောင်ဘက် KIA ရဲ့ တပ်ရင်း ၂၆ ရှိတဲ့ နေရာအနီးတဝိုက်မှာရှိတဲ့ ရှေ့တန်း Post တခုမှာလည်းပဲ ဒီမနက် ၃ နာရီမှာ တပ်ကနေပြီးတော့မှ တိုက်ပွဲဖြစ်လို့ အဲ့ဒီ Post ကိုလည်း တပ်က မီးရှို့ပစ်လိုက်ပြီဆိုတာ သတင်းတော့ ကြားရတယ်။”

ဒီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက မန်စီမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ အခြေအနေကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က အစိုးရဘက်ကို အကြောင်းကြားထားပေမဲ့ နှစ်ဘက် ညှိနှိုင်းဆွေးနွေးဖို့ကတော့ မသေချာသေးပါဘူး။

“ဟုတ်ကဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့လည်း အခု လောလောဆယ်မှာ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီး သန်းအောင်ကိုလည်း ကျနော်တို့က အကြောင်းကြားပြီးပြီဗျ။ နောက်ပြီး တိုင်းကိုလည်း ကျနော်တို့က အကြောင်းကြားပြီးပါပြီ။ ဒီကနေ့ဖြစ်ခဲ့တဲ့ ပြဿနာ ဖြစ်စဉ်တွေကို။ MPC ဖက်မှာလည်း ဦးအောင်မင်းတို့ဆီမှာလည်းပဲ အကြောင်းကြားထားတာ ရှိတယ်ဗျ။ အဲ မကြာခင်မှာတော့ ပဋိပက္ခညှိနှိုင်းရေး တွေ့ဆုံဖို့ အစီအစဉ် ရှိမလား။ သို့မဟုတ်လို့ ရှိရင်လည်း နေရာအနှံ့မှာ အခုလိုပဲ တိုက်ပွဲတွေ ပြန်ထပ်ဖြစ်နေမယ် ဆိုလို့ကတော့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စ ဘာညာလည်းပဲ သိပ်တော့ အလားအလာတော့ မကောင်းသေးပါဘူးပေါ့ဗျာ။”

ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ KIO ရဲ့ ဒုက္ခသည်ရေးရာ ကော်မတီ တာဝန်ခံ ဦးဒွဲပီဆာကတော့ -

“ကျနော်တို့ တပ်ကိုပေါ့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။”

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျအရာရှိ မရှိကြောင်းသာ ပြန်ကြားပါတယ်။ KIO အဖွ့ဲဟာ ၁၉၉၄ ခုနှစ်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရတက်လာပြီးနောက်မှာ အစိုးရတပ်နဲ့ KIO အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ မရပ်ဆိုင်းနိုင်ခဲ့ပါဘူး။

လက်ရှိ ၃ နှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်းမှာတော့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စတဲ့ မြို့တွေအပြင် တရုတ်မြန်မာနယ်စပ်က KIO ထိန်းချုပ်ရာ စခန်းတွေမှာပါ ထွက်ပြေးခိုလှုံနေရပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဟာလည်း ၂ လနီးပါးကြာ ရပ်တန့်နေခဲ့ပြီး ဒီလမကုန်ခင်မှာတော့ နှစ်ဘက်ကိုယ်စားလှယ်တွေ ပြန်လည်တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

XS
SM
MD
LG