သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အရေး ပြေလည်အောင် ဖြေရှင်းဖို့ တရုတ်ထပ်မံတိုက်တွန်း


မြန်မာပြည်မြောက်ပိုင်း၊ ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ကင်းလှည့်နေကြသော KIA တပ်သားများ။
မြန်မာပြည်မြောက်ပိုင်း၊ ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ကင်းလှည့်နေကြသော KIA တပ်သားများ။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေက တိုက်တွန်းနေကြပါတယ်။ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေ နယ်စပ်ဖြတ်ကျော် ကျရောက်တဲ့အထိ ကြုံခဲ့ရပြီး တဲ့နောက် တရုတ်နိုင်ငံဘက်က ပြောဆိုလာကြတာပါ။ ထိုးစစ်တွေ ရပ်စဲဖို့ အစိုးရက ကြေညာထားပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ အချိန်မှာပဲ တရုတ်ထိပ်တန်း အရာရှိတွေရဲ့တိုက်တွန်းမှုတွေ ထွက်ပေါ်လာနေတဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တာတွေ ပြေလည်အောင် ဆွေးနွေး ညှိနှိုင်းပြီး နယ်စပ်ဒေသမှာ တည်ငြိမ်အောင် ဆောင် ရွက်ဖို့ တရုတ်အစိုးရ တာဝန်ရှိသူတွေ ထပ်မံ တိုက်တွန်းလိုက် တာ ဖြစ်ပါတယ်။ အခုနောက်ဆုံးမှာဆိုရင်လည်း မြန်မာ့တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံ ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Qi Jianguo က ထပ်ပြီး တိုက်တွန်းလိုက်တာပါ။ တရုတ်နဲ့ မြန်မာစစ်တပ်တို့ကြား မဟာ ဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ နေပြည်တော်မှာ ကျင်းပချိန်မှာ တရုတ်စစ်တပ် အဆင့်မြင့် ခေါင်းဆောင်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ် ဒုတိယ စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံ စစ်တပ်တွင်း ပူးပေါင်း ဆောင်ရွက်မှုတွေ အပြင် တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ်တွင်းက ပဋိပက္ခတွေကိုလည်း အလေး ထား ဆွေးနွေးဖြစ်တဲ့ အကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ နိုင်ငံခြားရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Guan Youfei က ပြောပါတယ်။

“ခရီးစဉ်မှာ ရည်ရွယ်ချက် ၂ ခုပါပါတယ်။ တခုကတော့ ၂ နိုင်ငံကြားနဲ့ ၂ ဘက်စစ်တပ်ကြား ဆက်ဆံရေးတွေ တိုးတက်ဖို့ပါ။ နောက်တခုကတော့ တရုတ်-မြန်မာ နယ်ခြားဒေသမှာ ငြိမ်းချမ်းရေးတွေ တိုးတက်လာစေဖို့ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှာ အရင်က ရှိခဲ့ဖူးတဲ့ အခြေအနေကောင်းတွေကိုလည်း တရုတ်နိုင်ငံ အနေနဲ့ တန်ဖိုးထား သလို မြန်မာနိုင်ငံမြောက်ပိုင်းက ကိစ္စတွေမှာ အင်အားသုံး ဖြေရှင်းတာမျိုးကိုလည်း ကျနော်တု့ိက ဆန့်ကျင်ပါတယ်။”

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီးနောက် မြန်မာစစ်တပ်နဲ့ KIO တပ်တွေကြား တိုက်ပွဲတွေ တနှစ်ခွဲလောက် ပြန်ဖြစ်နေရာမှာ မကြာသေခင်း သီတင်း ပတ်တွေမှာတော့ တိုက်ခိုက်မှုတွေလည်း ပြင်းထန်လာခဲ့တာပါ။ တိုက်ခိုက်မှုတွေအတွင်း လက်နက်ကြီး ကျည်ဆံတွေ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ ကျရောက်ခဲ့တဲ့အတွက် လည်း တရုတ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြင်းပြင်းထန်ထန် သတိပေးထား တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ မြန်မာအစိုးရက ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ် ထိုးစစ်တွေကို အဆုံးသတ်မယ့်အကြောင်း ကြေညာထားတာပါ။ ဒါပေမဲ့လည်း တိုက်ပွဲတွေ တနင်္လာနေ့အထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တဲ့အကြောင်း ကချင်ပြည်နယ် ရှေ့တန်းတနေရာမှာ သတင်းယူနေတဲ့ ဓာတ်ပုံ သတင်းထောက် Ryan Roco က ဗွီအိုအေ ကိုပြောပါတယ်။

“အခြေအနေကတော့ တင်းမာနေပါတယ်။ တခါတခါ လက်နက်ကြီး ပစ်သံတွေ၊ သေနတ် သံတွေကို ကြားနေရပါတယ်။ အချိန်မရွေး တိုက်ပွဲအပြင်းအထန် ဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။”

မြန်မာအစိုးရက တိုက်ခိုက်မှုတွေ ရပ်ဖို့ ကြေညာခဲ့တဲ့ စနေနေ့မှာ တိုက်ပွဲတွေ ခေတ္တ စဲသွားခဲ့သလို လေကြောင်း တိုက်ခိုက်မှုတွေ ရပ်သွားခဲ့ပေမဲ့ ကြာကြာမခံလိုက်ဘူးလို့ သူက ပြောပါတယ်။ မနက်အစောပိုင်းမှာ အပစ်ရပ်သွားပေမဲ့ စနေနေ့ နေ့လည်ပိုင်းကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြန်စခဲ့သလို ကချင်လက်နက်ကိုင်တွေကလည်း ရှေ့ တက်လာတဲ့ မြန်မာစစ်တပ်ကို ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ အလွတ်သတင်းထောက် Roco ကပြောပါတယ်။

“တိုက်ပွဲတွေက တကယ်တမ်း ရပ်မသွားဘူးလို့ ပြောရင် ပိုပြီးမှန်လိမ့်မယ်လို့ ထင်ပါတယ်။ တိုက်ပွဲသံတွေ တိတ်သွားခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်က တိုက်ခိုက်တာတွေ ရပ်သွားပြီ လို့တော့ ကျနော်မထင်ပါဘူး။ မနေ့က နေ့လည် ၁၂ နာရီလောက်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်တုန်းကလည်း လိုင်ဇာအပြင်ဘက်က ခံစစ်အတွက် အဓိက တောင်ကုန်းတကုန်းဖြစ်တဲ့ ခါရာဘွမ် ကို မြန်မာစစ်တပ်က တက်လာရာက စဖြစ်တာပါ။”

တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Fu Ying ကတော့ နယ်စပ်ဒေသ တည်ငြိမ်မှုရှိစေရေး သမ္မတ ဦးသိန်းစိန် နဲ့ စနေနေ့ တွေ့ဆုံစဉ်မှာ ကတိပြုခဲ့တဲ့အကြောင်း တရုတ်အစိုးရပိုင် သတင်း မှာ ဖော်ပြခဲ့တာပါ။ ၂ နာရီကြာ တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနဲ့ ပဋိပက္ခတွေကြောင့် ဒေသခံတွေအပေါ် ရိုက်ခတ်လာမယ့် အခြေအနေတွေကို ဟန့်တား ဖို့လည်း နှစ်ဘက်အကြား သဘောတူခဲ့ကြောင်းလည်း တရုတ်ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကို ကိုးကားပြီး သတင်းကဖော်ပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG