သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်နဲ့ KIA ဖားကန့်တိုက်ပွဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်


Myanmar Ethnic Rebel
Myanmar Ethnic Rebel


[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA နဲ့ ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ် ရာအနီးက ကျေးရွာအချို့ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ နှစ်ရက်အတွင်း ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားနေတာပါ။ ပူတာအိုမြို့နယ်ဘက်မှာလည်း ကြာသပတေးနေ့ လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲ တွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေပြီး အများအားဖြင့် ကချင်တိုင်းရင်းသားလက်နက်ကိုင် KIA ဘက်က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက် နေတာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်နဲ့ကာမိုင်း ကားလမ်းတလျှောက်မှာရှိတဲ့ ခွန်ဆိုင်ယန်နဲ့ ဆိုင်းဖရာအကြားမှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းကတည်းက တိုက်ပွဲတွေ စတင်တိုက်ပွဲဖြစ်ပွားနေပြီး ဒီကနေ့နေ့ခင်းမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

နန့်ယားအခြေစိုက်တပ်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“လေယာဉ်နဲ့ဝဲပြီး ပစ်၊ ပစ် လုပ်နေတယ်။ သူတို့ပစ်တာက ကျနော်တို့ အဝေးကနေပဲ တွေ့နေရတာ။ မနေ့က တိုက်ပွဲဖြစ်တဲ့ အနီးပတ်ဝန်းကျင်ပဲဗျ။ မနေ့ကနေ ဒီမနက်ထိတိုက်ပွဲဖြစ်တာ မာနော့ပတ်ဝန်းကျင်ပဲ။ အဲဒီ ခွန်ဆိုင်ယန်နဲ့ ဆိုင်းဖရာကြားက မာနော့ ပတ်ဝန်းကျင်မှာပဲ။ မာနော့မှော်ရှိတယ်။ အဲဒီပတ်ဝန်းကျင်ပဲ။ နန့်ယားကလည်း တနေကုန်ပစ်နေတယ်။ လက်နက်ကြီးတွေ အလုံး ၂၀ ကျော်လောက်ရှိနေပြီ။”

လေယာဉ်နဲ့ ပစ်ခတ်တာကတော့ ၁၂ နာရီလောက်မှာတော့ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ ရဟတ်ယာဉ် ၁ စီးနဲ့ ပစ်ခတ်ခဲ့တာပါ။ ဂျက်တိုက်လေယာဉ် ၂ စီးက ညနေ ၃ နာရီလောက်မှာတကြိမ် ။ ညနေ ၄ နာရီခွဲလောက်မှာတကြိမ်၊ စုစုပေါင်း ၃ ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညနေပိုင်းမှာ သူက ထပ်မံပြောဆိုလာပါတယ်။

“အခု အခု အခု ပစ်နေတုန်းပဲ။ အခုတောင် ဝဲနေတုန်းပဲ။ အခုက ၃ ကြိမ်မြောက်ပဲ။ အခုက ၂ စီးဆိုတော့ ၇ စီးရှိသွားပြီ။”

ဖားကန့်မြို့နယ်ထဲမှာ စစ်တပ်ဘက်က ဝေဟင်ကနေ တိုက်ခိုက်တာ ဒီနေ့ ၇ ကြိမ်ထက် မနည်းဖြစ်ပါတယ်။ ဖားကန့်မြို့နယ်တွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို KIA က ကြားဖြတ်တိုက်ခိုက်ရင်း အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒီလ ၃ ရက်နေ့ညနေပိုင်းက ၂ ကြိမ်ဖြစ်ခဲ့ပြီး ဒီကနေ့မှာတော့ မနက်နဲ့ နေ့ခင်းပိုင်းမှာ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ ရက်ဆက် တိုက်ပွဲဖြစ်နေတာကြောင့် ခွန်ဆိုင်ယန်က ရွာသားတွေဟာ ဆိုင်းဖရာရွာဘက်ကို ထွက်ပြေးခိုလှုံနေကြောင်းနောက်ဒေသခံကလည်း ခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ ခွန်ဆိုင်ယန်က စစ်ရှောင်တွေက ကျနော်တို့ဘုရားကျောင်းမှာ အယောက် ၄၅ ယောက်လောက် ရောက်နေပြီဗျ။ သူတို့အသိအိမ်တွေ ၄ အိမ်၊ ၅ အိမ်လောက်မှာ အယောက် ၂၀ လောက်တော့ သွားနေကြတာပေါ့။ တချို့တွေက ကိုယ့်အသင်းတော်နဲ့ အသင်းတော် အဲလိုမျိုးသွားနေကြတာ။”

ညနေပိုင်းမှာ တံတားညီနောင်ဘက်ကလည်း တိမ်းရှောင်လာသူတွေ ရှိသလို လမ်းမှာလည်း တချို့ ရှိနေသေးကြောင်း ပြောပါတယ်။

ဒီလ ၃ ရက်နေ့ ညနေပိုင်းကလည်း ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ စစ်ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ဦးထိခိုက်ခဲ့သလိုနေအိမ် အချို့လည်း ပျက်စီးခဲ့ကြောင်းနဲ့ ရွာသား ၁ ထောင်လောက် တိမ်းရှောင်နေရကြောင်း KNG ခေါ် ကချင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အင်္ဂါနေ့က KIAက ပူတာအိုမြို့နယ်က စစ်ကောင်စီ တပ်စခန်း ၃ နေရာ၊ ၃ ရက်နေ့မှာ ဖားကန့်၊ မိုးညှင်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်က တပ်စခန်း၂ နေရာနဲ့ ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာ PDF အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ကြောင်း KIA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ်က တိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီနဲ့ KIA က ပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]















===========

XS
SM
MD
LG