သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ပြည်သူတွေ လုံခြုံရေးကင်းမဲ့နေ 


Hpakant township
Hpakant township

[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အနန့်ပါရွာအပေါ် ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA ကြား စစ်ရေးတင်းမာမှုတွေ ပိုပြီးမြင့်တက်နေပါတယ်။ မိုင်းခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဒီရက်ပိုင်း ဆက်တိုက် ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ အရပ်သားပြည်သူတွေကြား လက်သည်မပေါ်ဘဲ မကြာခဏ သတ်ဖြတ်ခံနေရတာတွေကြောင့် လုံခြုံမှုကင်းမဲ့တယ်လို့ ခံစားနေကြရပါတယ်။ ဖားကန့်ဒေသက လက်ရှိ အခြေအနေကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်လွတ်မြောက်ရေး KIO ထိန်းချုပ်နယ်မြေထဲက အနန့်ပါကျေးရွာအပေါ် စစ်တပ်က အောက်တိုဘာလကုန်ပိုင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အခုနိုဝင်ဘာလထဲမှာ ဖားကန့်မြို့နယ်အတွင်း စစ်တပ်က လုံခြုံရေးကို ပိုမို တင်းကျပ်ခဲ့သလို စစ်ဆေးမှုတွေလည်း တိုးမြှင့်လုပ်လာခဲ့တာပါ။ စစ်ကောင်စီတပ်တွေနဲ့ KIA ကချင်တပ်တွေကြား ဒီရက်ပိုင်း စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာပြီး ထိခိုက်မှုရှိလာနေပါတယ်။ ဒီကနေ့ ကြာသပတေးနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတချို့ ဝင်ရောက်စစ်ဆေးတာရှိခဲ့သလို မနေ့ကတည်းက မိုင်းခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“မနက်ကတော့ ဟင်းတင့်မှာတော့ စစ်ဆေးတာတွေ ဘာတွေ ရှိတယ်တဲ့။ မသင်္ကာတဲ့အိမ်တွေကို ဝင်ထွက်ပြီးတော့။ ဒါပေမဲ့ မနေ့ကတော့ လက်နက်ကြီးကွဲတာ ရှိတယ်။ မိုင်းကွဲတဲ့အနေအထားလည်း ရှိတယ်။ အဲဒါ ကွဲတော့ ကားမောင်းတဲ့လူတယောက်တော့ သေသွားတယ်။ လက်နက်ကြီးနဲ့ပစ်တာတော့ ဆွတ်အောင်နဲ့ မမုံနဲ့အစပ်က မြန်မာစည်သူထဲမှာကိုတော့ အာပီဂျီ တလုံးကျတယ်။ ဘေးနားကအိမ်က ကလေးတယောက် ခေါင်းထိသွားတာပေါ့။ နည်းနည်း။ နောက်တယောက်ကတော့ ပါးကိုတော့ ရှပ်မှန်တယ်ခင်ဗျ။ အဖမ်းအဆီးက ကရင်ချောင်ကတော့ ၁၂ ယောက်လား စစ်ဆေးစရာရှိလို့ ခေါ်သွားတာတော့ ရှိတယ်။ နောက် ဟင်းတင့်ကတော့ ၄ ယောက်လား မသိဘူး။”

စစ်ကောင်စီတပ်တွေ အသုံးပြုတဲ့ အရပ်သုံးမော်တော်ကား မနက်က မိုင်းခွဲတိုက်ခိုက်ခံရတာဖြစ်ကြောင်းနဲ့ ညနေပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်သံကြားရကြောင်းလည်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းကလည်း ဆိုင်းတောင် ဖားပြင်တံတားစစ်ဆေးရေးဂိတ်မှာ အရပ်သား ကား ၂ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်တာရှိခဲ့ကြောင်း အခြား ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညဆို ၂ ယောက်ပေါ့နော်။ ၂ ယောက် အဲဒါလည်း ဆိုင်းတောင် ဖားပြင် တံတားပေါ့နော။ အဲဒီမှာလည်း Kluga အဖြူနဲ့ပေါ့၊ ပြည်သူပါပဲ။ ကားမောင်းပြီးပြန်လာတဲ့အခါမှာ ရှေ့တည့်တည့်ကနေပြီး ပစ်တယ်။ ပွဲချင်းပြီး ဆုံးသွားတယ် တယောက်။ နောက်တယောက်ကျတော့ သူလည်း Kluga နဲ့ပဲ။ ကားနဲ့ပဲ သူလည်းတယောက်တည်း မောင်းခဲ့တာ။ အဲဒါလည်းပဲ သေနတ်နဲ့ ပစ်တဲ့အခါကျတော့ ဒဏ်ရာတော်တော်များတယ်ပေါ့နော်။ အဲလိုမျိုးတွေလေ။”

ဗုဒ္ဓဟူးနေ့ညမှာပဲ ကောင်ဆန်ရွာမှာ လက်နက်ကြီးကျတာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေခဲ့ကြရကြာင်း ပြောပါတယ်။ KIA နဲ့ စစ်တပ်ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေချိန်မှာပဲ အရပ်သားပြည်သူတွေကြား လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရမှုတွေလည်းဖြစ်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ၂၃ ရက်နေ့ ည ၇ နာရီကျော်လောက်က လုံးခင်းကျေးရွာမှာ ကျောက်ဝိုင်းကပြန်လာတဲ့ အမျိုးသားတဦးကို အမည်မသိ သေနတ်သမားက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၉ ရက်နေ့တုန်းကလည်း့ဖားကန့်မြို့ပေါ်က KTV မှာ ဗုံးခွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က အရာရှိ တဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ရပါတယ်။ ဖားကန့်ဒေသမှာ နှစ် ၃၀ကျော်နေထိုင်နေတဲ့ မြို့မိမြို့ဖတဦးကတော့ ဖားကန့်ရဲ့ လက်ရှိ အခြေအနေဟာ အလွန်ဆိုးဝါးနေပြီး ပြည်သူတွေဟာ လုံခြုံမှုကင်းမဲ့နေရတယ်လို့ ပြောပါတယ်။

“မနေ့က ဖြစ်သွားတဲ့ကိစ္စကတော့ ပြည်သူက နှစ်ယောက် ထိခိုက်သွားတာလေ။ တယောက်က ဆုံးသွားတယ်။ တယောက်ဒဏ်ရာရတယ်။ လောလောဆယ်က ပြည်သူလူထုအတွက် လုံခြုံမှုက ဘာမှ မရှိဘူးလေ။ ခါတိုင်းအခြေအနေထက် ပိုဆိုးတယ် ပြောရမှာပေ့ါ။”

လတ်တလော ဖားကန့်မြို့နယ်အတွင်းက စစ်ရေးနဲ့ လုံခြုံရေးအခြေအနေဟာ အောက်တိုဘာလ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပိုမို တင်းမာလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့က ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှုမှာ KIA တပ်မဟာ ၉ တပ်မဟာမှူးနဲ့ အရာရှိတွေ အပါအဝင် လူ ၆၀ ကျော်သေဆုံးခဲ့ပြီး လူ ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]










XS
SM
MD
LG