သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးပွဲ KIA ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားမြို့ရောက်ရှိ


ကချင်လွတ်မြောက်ရေးတပ် KIA ။
ကချင်လွတ်မြောက်ရေးတပ် KIA ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လိုင်ဇာမြို့က လာရောက်မယ့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကိုယ်စားလှယ်တွေကို လိုင်ဇာ- မြစ်ကြီးနား လမ်းက လာရောက်ဖို့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သဘောတူညီ လိုက်ပြီး ဒီကနေ့ မြစ်ကြီးနားကို ရောက်လာပြီဖြစ်ပါတယ်။ မန္တလေးကနေ ရန်ကုန်မြို့ကို သွားရောက်မယ့် ခရီးစဉ်မှာ KIO ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်ကိုလည်း ဝင်ရောက်ဖို့ ရှိပေမဲ့ အစိုးရနဲ့ တပ်မတော် အကြီးအကဲတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိ-မရှိဆိုတာကိုတော့ တိတိကျကျ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လိုင်ဇာကနေတက်ရောက်မယ် KIO ကိုယ်စားလှယ် အဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လိုင်ဇာ-မြစ်ကြီးနားလမ်း လုံခြုံရေးအခြေအနေအရခရီးစဉ် ဆိုင်းငံ ထားခဲ့ရာက ပြီးခဲ့တဲ့ရက်က ခွင့်ပြုလိုက်ပါတယ်။

ဒီကနေ့မှာတော့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနား ကို ရောက်ရှိလာပြီဖြစ် တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCGက ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

"ဒီနေ့ပဲ လိုင်ဇာကနေ သွားကြိုနေပြီဗျ။ အခုလောက်ဆို ရောက်လောက်ပြီထင်တယ်။ မနက်ဖြန် ဒီကို ဆင်းလာမယ် မန္တလေးကို မန္တလေးကနေပြီး နေပြည်တော်ကို ပြန်သွားမယ်ဗျ။"

လိုင်ဇာက လာတဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ ညနေ ၄နာရီကျော် မှာ မြစ်ကြီးနားမြို့ ကို ရောက်ခဲ့ပါတယ်။ မြစ်ကြီးနားက လာတဲ့ ကိုယ်စားလှယ် အဖွဲ့ကို KIO ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ပြီး ရုံးအဖွဲ့ဝင်တွေနဲ့ဆို အင်အား ၂၀လောက် ရောက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ လာရောက်မယ့် အထွေထွေအတွင်းရေးမှုးဒေါက်တာ လဂျာနဲ့ အဖွဲ့ကတော့ တာချီလိတ်ကနေ ဒီညနေမှာ မန္တလေးကို ရောက်ရှိမှာဖြစ်ပါတယ်။

မန္တလေးကနေ ရန်ကုန်ကို မော်တော်ယာဉ်နဲ့ လာရောက်မယ့် ခရီးစဉ်မှာတော့ နေပြည်တော်ကို ဝင်ရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြီးတဲ့ ရက်တွေကတော့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCGက ဦးလမိုင်ဂွမ်ဂျာက နေပြည်တော်မှာ ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာ သေချာ မသိရသေးကြောင်း အခုလို ပြောပါတယ်။

" အဲ့တာ ဘယ်သူနဲ့တွေ့ဆုံမယ်လို့ မသိရသေးဘူး။ ဒါက MPC ကနေ စီစဉ်ထားတယ်ပြောတယ် ဟိုမှာ။ ဘယ်သူနဲ့တွေ့မလဲတော့ မသိဘူးဗျ။"

မြန်မာငြိမ်းချမ်းရေးစင်တာ MPCကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရပါဘူး။

KIO နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကတော့ နေပြည်တော် ဝင်ဖို့ စီစဉ်ထားပေမဲ့ အခြေအနေ အသေးစိတ်ကို မြစ်ကြီးနားရောက်မှ ထပ်မံဆွေးနွေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။

"အပေါ်ယံအားဖြင့်တော့ အဲ့လိုဟုတ်တယ်။ ဒါပေမဲ့ အဲ့တာတွေ ညှိရဦးမှာဖြစ်လို့ အခုညှိတာ မပြတ်သေးလို့ မြစ်ကြီးနားရောက်မှပဲ အဲ့တာကို ညှိပြီးမှ ဆုံးဖြတ်မယ်။"

ဒီလ ၁၆ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT တို့ဟာ ရန်ကုန်မြို့မှာ အပစ်ရပ် စာချုပ် NCA ရေးဆွဲဖို့ အတွက် ၇ကြိမ်မြောက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲ ပထမရက်မှာတော့ အရင်နှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ KIO ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိနေပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခုလို ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ကချင်ပြည်နယ်အတွင်းမှာ ကြိုးကြားတိုက်ပွဲတွေဖြစ်နေသလို ကိုးကန့်ဒေသမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

XS
SM
MD
LG