သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာအနီး မြန်မာ ထိုးစစ် ပြင်းထန်


လိုင်ဇာမြို့နားက ကချင်ပြည်နယ်၊ ဂျားယန်ဒုက္ခသည်စခန်းအတွင်းမှာ ဗုံးခိုကျင်းတွေ တူးထားရပုံ။
လိုင်ဇာမြို့နားက ကချင်ပြည်နယ်၊ ဂျားယန်ဒုက္ခသည်စခန်းအတွင်းမှာ ဗုံးခိုကျင်းတွေ တူးထားရပုံ။
ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောင့်ကျနေကြရပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေက ကချင်ရွာတွေထဲ အထိကိုပါ ကျရောက်နေပြီးတော့ စစ်ပြေးဒုက္ခသည်စခန်းတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေ ကတုတ်ကျင်းတွေမှာ ဝင်ပြီး ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းက KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ် အခြေစိုက်ရာ လိုင်ဇာမြို့တဝိုက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာကြောင်း KIA နဲ့တွဲပြီး ခုခံစစ်ဆင်နွဲနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသ ပြောရေးဆိုခွင့်ရှိသူ ကိုလဆိုင်းက ပြောပါတယ်။

“ဒီမနက် တိုက်ပွဲအခြေအနေကတော့ အခု သူတို့ မုံးလိုင်းချောင်း အရှေ့ခြမ်းပေါ့နော်။ ဖုန်းယန် တဝိုက်ပေါ့။ ဖုန်းယန်နဲ့ လွယ်မောက်ယန်ကြား တောင်ကြောမှာ သူတို့ ထိုးစစ်ဆင်လာတယ်ပေါ့။ လက်နက်ကြီး ပစ်တာ ပိုများလာတယ်။ လက်နက်ကြီးပစ်တဲ့နေရာက သုံးနေရာ- လေးနေရာလောက် ရှိတယ်။ တော့ဖုန်းယန်၊ ဖုန်းပြင်တောင်ကနေပြီးတော့ ၁၀၅ မမ သုံးလက်နဲ့ ပစ်တယ်။ နောက်တခုက ဘုမ်ဆွမ်ကနေ ပစ်တယ်။ နောက်တခုက မဲန်မော်ကနေ ပစ်တယ်။ နောက် မဲန်တေးကနေ ပစ်တယ်။ အဲဒီလိုမျိုး လက်နက်ကြီးတွေ ချိန်ထားပြီးတော့မှ ဒီဘက် တကြောလုံးကို ပစ်နေကြတယ်။ မုံးလိုင်းချောင်းရဲ့ အနောက်ဘက်က ၇၇၁ တောင်ကြော အဲဒါလည်း သူတို့ ထိုးစစ်ဆင်နေတယ်။ မုံးလိုင်းချောင်းအရှေ့ခြမ်း ၊ မြစ်ကြီးနား၊ ဗန်းမော် ကားလမ်းနဘေး တလျှောက်မှာ ရှိတဲ့ တောင်ကြောတွေကို သူတို့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် သူတို့ကတော့ လိုင်ဇာကို အဓိက အပေါ်စီးကနေ ခြိမ်းခြောက်နိုင်အောင်လို့ ထိုးစစ်ဆင်နေတယ်လို့ ကျနော်တို့က ခန့်မှန်းပါတယ်။”

နှစ်ဖက်တိုက်ပွဲတွေအတွင်းကနေ ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်ဆံတွေကြောင့်ရွာသားတွေ တိမ်းရှောင်နေရပြီး ရွာတွေအထိ လက်နက်ကြီးကျည်ဆံတွေ ကျရောက်နေတယ်လို့ ဆိုပါတယ်။

“သူတို့ ခုနက ပစ်တာဆိုလို့ရှိရင် လဝါယန်ဆိုလို့ရှိရင်တော့ လဝါယန်၊ လဂျာနဲ့ တမိုင် နှစ်မိုင်လောက် ပဲ ဝေးတဲ့ရွာပေါ့နော-လဝါယန်မှာဆိုလို့ရှိရင်တော့ အများကြီးလာကျတယ်။ ကျောင်းမှာ လာ ကျတော့- ကျောင်းနားဝန်းကျင်မှာ လာကျတယ်။ ဘယ်သူမှတော့ မရှိတော့ဘူး။ ရွာထဲမှာ ကျတယ်။ လိုင်ဇာအထဲမှာလည်း တစ်လုံးကျတယ်။ လိုင်ဇာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ဝန်းကျင်မှာ လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲတယ်ပေါ့။ ဒေသခံတွေ အကုန်လုံးကတော့ ဘယ် အကုန် တိမ်းရှောင်နိုင်မလဲ၊ တရုတ်ပြည်ကိုပြေးဖို့ နေရာ- တရုတ်ပြည်ကို ဝင်မယ်ဆိုလို့ရှိရင်လည်း ဟိုတလောတုန်းကလည်း တရုတ်ရဲတွေက ဒုက္ခသည်တွေ အကုန်လုံးကို မောင်းပြန်ခိုင်းတယ်ဆိုတော့ ဒီဘက်က လူတွေလည်း လန့်နေတာပေါ့နော။ နေ့စဉ်နေ့တိုင်း မနက်မိုးလင်းတာနဲ့တော့ လက်နက်ကြီးသံတွေ ကြားနေရတဲ့အခါကျတော့ အထိတ်တလန့်တော့ ဖြစ်နေရတာပေါ့။ အမှန်ဆို ကျောင်းတွေ ဖွင့်ရတော့မှာ။ ကျောင်းတွေတောင်မှ လတ်တလော ထိုးစစ်ဆင်မှု အရမ်းများလာတဲ့အခါကျတော့ ခေတ္တ၊ ခဏ ပိတ်ထားတာ ကျနော်တို့ တွေ့ရတယ်။”

ကချင်ပြည်နယ်မှာ KIO/ KIA လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး ကို အဓိကပိတ်ဆို့ပြီး တပ်မတော် စစ်ကြောင်းတွေကို မိုင်းထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း နဲ့ပိတ်ဆို့ ခြိမ်းခြောက်မှုတွေလုပ်နေတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းနဲ့ ပတ်ဝန်းကျင် ဒေသကို မြန်မာ့ တပ်မတော်က ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရတယ်ဆိုပြီး မြန်မာအစိုးရက ဇန်နဝါရီလ ၄ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ခရစ္စမတ်ကာလကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်တွေသုံးပြီး ဗုံးကြဲ တိုက်ခိုက်မှု တွေကြောင့် ဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော်ဟာ ဒုက္ခသည်စခန်းတွေဆီကို ရောက် ရှိလာကြပြီး ဒီရက်ပိုင်းမှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒုက္ခသည် အရေအတွက် ပိုများ လာနေတယ်လို့ ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးဒွဲပီစက ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ လေကြောင်းကနေ အကူရိက္ခာပို့တာလို့ ပြောပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတွေက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် အန္တရာယ် ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ကြဉ်စေလိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ မှာလည်း ကချင်စစ်ပဲွဲရပ်ဖို့ တောင်းဆိုမူတွေလည်း ရှိနေပါတယ်။ ကချင်ဒုက္ခသည်စခန်းတွင်းမှာတော့ ဒုက္ခသည်တွေအတွက် စိုးရိမ်ရတာကြောင့် ကတုတ်ကျင်းတွေ တူးပြီး အရေးပေါ်အသုံးပြုနိုင်ဖို့ စီစဉ်ထားကြောင်း ကချင်ဒုက္ခသည်စခန်းကော်မတီက တာဝန်ရှိသူ ဦးဒွဲပီဆကပြောပါတယ်။

“ကျနော်တို့ပတ်ဝန်းကျင်မှာ ဆက်တိုက်လိုလို တိုက်ပွဲတွေက နေ့တိုင်းလိုလိုဖြစ်နေတယ်လေ။ နောက် လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းလိုလို လှမ်းပစ်နေတယ်။ လေယာဉ်ပျံလည်းပဲ လာတိုက်တယ်။ ဗုံးလာကြဲတယ်ဆိုတော့ ကျနော်တို့က ဒုက္ခသည်တွေကို အမှုမဲ့ အမှတ်မဲ့ မနေကြဖို့ သတိထားပေးတဲ့အနေနဲ့ ကျနော်တို့ ဒီလို လုပ်ထားပေးတာပါ။ အကယ်၍များ ဖြစ်လာရင်လည်းပဲ သိပ်ပြီး စိတ်ချလုံခြုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေက အမှုမဲ့ အမှတ်မဲ့ မနေဘဲနဲ့ သတိထားပြီးမှ နေဖို့အတွက် ကျနော်တို့ အစီအစဉ်လုပ်ထားတာပါ။ အကယ်၍များ ဖြစ်လာခဲ့ရင် ခိုအောင်းနိုင်ဖို့ သတိပေးထားတာမျိုးမရှိရင် ကျနော်တို့က စိုးရိမ်တဲ့အတွက်ကြောင့် သတိပေးတဲ့ အနေနဲ့ တပ်လှန့်တဲ့သဘောပဲ။ ”

မြန်မာအစိုးရနဲ့ KIO တို့ဟာ ၁၇ နှစ်ကြာ အပစ်ရပ်စဲပြီးမှ နိုင်ငံရေးအရ ပြေလည်မှု မရတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုက်ခိုက်မှုတွေ ပြန်စနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG