သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်


KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်
KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်

တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဘက် တိုက်ပွဲတွေ မရပ်မနား ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ KIA တပ်တွေ ချထားတဲ့ နေရာတချို့မှာ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ KIA ဘက်ကလည်း အစိုးရတပ်တွေကို အဟန့်အတား ဖြစ်စေဖို့ လမ်းတံတား ဖျက်ဆီးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

နောက်ဆုံးအချိန်ထိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရတပ်တို့ အခြေအနေ ပြင်းထန်နေဆဲဖြစ်ပြီး မနေ့ညမှာတော့ KIA တပ်ချထားတဲ့နေရာ မိုးမောက်၊ ဗန်းမော်၊ မန်စီမြို့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အကျအဆုံး ရှိခဲ့တယ်လို့ KIO ဌာနချုပ် ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဗန်းမော်တဝိုက်တွေမှာလည်းဖြစ်တယ်၊ ကျန်တဲ့ နေရာတွေမှာလည်း ဖြစ်တယ်လို့ ကြားပါတယ်။ ဒီ ဗန်းမော်၊ မန်စီ ဒေသမှာလည်း ဖြစ်တယ်။ ပြီးတော့ သူတို့တက်လာတဲ့ ယာဉ်တန်းတွေနဲ့လည်း ဖြစ်တယ်။ အဲဒီယာဉ်တန်းက ကား ၁ စီး တစစီ ဖြစ်သွားတယ်လို့ ကြားထားပါတယ်၊ အစိုးရဘက်က။ အဲဒီမှာ လူ ၆ ယောက် ဒဏ်ရာရတယ်။ သေသွားတဲ့လူ ၂ ယောက်လောက် ရှိတယ်လို့ ကြားပါတယ်။ ပြီးတော့ မန်စီမှာ ဖြစ်တုန်းကတော့ ၁၂ ယောက်လောက် ဒဏ်ရာရပြီးတော့ ၂ ယောက် သေတယ်လို့လည်း ကြားထားပါတယ်။ လိုင်ဇာ အနီးတဝိုက်မှာတော့ သေနတ်သံ မကြားရသေးပါဘူး။”

အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာလည်း မြန်မာတပ်တွေဘက်ကနေ သင်္ဘောနဲ့ ကားနဲ့ စစ်အင်အားတွေ ဖြည့်နေဆဲ ဖြစ်တဲ့အတွက် KIA တပ်တွေဘက်က အဟန့်အတားဖြစ်အောင် အဆက်အသွယ် ဖြတ်တဲ့နည်းနဲ့ တံတားတွေ ချိုးဖောက်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မနေ့ညမှာလည်း ကချင်ပြည်နယ် အနောက်ဘက် KIA တပ်မဟာ ၂ နယ်မြေအတွင်း လီဒိုလမ်းမပိုင်း တနေရာမှာတော့ ယုဇနကုမ္ပဏီ တည်ဆောက်ထားတဲ့ တံတား ၂ စင်းကို KIA တပ်ရင်း ၁၄ က ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့လည်း သိရပါတယ်။

KIA အနေနဲ့ အခုလို မြန်မာစစ်တပ်တွေကနေ KIA တပ်နားကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်နေတဲ့ အပေါ်မှာ လမ်းပန်းဆက်သွယ်ရေး ပျက်အောင် ပြုလုပ်ခြင်း ဖြစ်တယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

“တံတားဖောက်ခွဲတာက မိုးကောင်းဘက်မှာ တချက်၊ နမ္မတီးဘက်မှာ တချက်၊ မြစ်ကြီးနား လိုင်ဇာလမ်း တချက်၊ ဗန်းမော် ကိုင်ထိတ် ဆင်လွမ်ဘွမ် လွယ်ဂျယ်လမ်း အဲဒီလမ်းတွေ၊ ပြီးတော့ မူဆယ်နဲ့ နမ့်ဖတ်ကာကြားက မုန်းပေါ်တံတား၊ အဲဒါတွေ ပြောရမယ်ဆိုရင် ၆ စင်း၊ ၇ စင်းလောက်တော့ ရှိနေပါပြီ။ ဘာကြောင့်ဆိုရင် ဒီတံတားတွေ မဖျက်လိုက်ရင်လည်း မလွယ်ဘူး။ သူတို့အတွက် ရိက္ခာတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ အဲဒီကနေ လွယ်လွယ်ကူကူ ပို့ပေးနိုင်တာပေါ့။”

နောက်ပြီး ဖားကန့်ဒေသ ဂွေခါလမ်း၊ ဟိုပင် နမ်မွန်ကြားက တံတား ၂ စင်းကိုတော့ KIA တပ်ရင်း ၂၆ က ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၂ အရာရှိတွေကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး အတည်ပြု ပြောခဲ့ပါတယ်။ အခုချိန်မှာ မြစ်ကြီးနားမြို့ တဝိုက်မှာလည်း မြန်မာစစ်တပ်ရဲ့ အမြောက်ကားတွေနဲ့ စစ်ကားတွေဟာ အဆက်မပြတ် ပို့နေတာ တွေ့ရပြီး မြစ်ကြီးနားမြို့ တဝိုက်မှာလည်း ရဲတွေနဲ့ ယာဉ်ထိန်းရဲတွေက သေနတ်တွေ ကိုင်ဆောင်ပြီး လုံခြုံရေးတွေ နေရာယူထားတယ်လို့လည်း ဒေသခံက အခုလို ပြောပါတယ်။

“မြစ်ကြီးနားမြို့ တဝိုက်မှာ အစိုးရ အဆောက်အဦးတွေမှာလည်း လုံခြုံရေး ချထားတယ်။ ဝန်ကြီးချုပ်အိမ်ရာ၊ ဝန်ကြီးချုပ်နေတဲ့ အိမ်ဘက်ပေါ့နော်၊ သံဆူးကြိုးတွေနဲ့ ရဲတွေလည်း သေနတ်အကောင်းစားတွေနဲ့ အစောင့်တွေ အပြည့်အစုံ လုံခြုံရေး ချထားတာ တွေ့ရှိရတယ်။”

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရဲ့ တဘက်ကမ်းက ဒေသခံ အမျိုးသားတွေကိုလည်း မြန်မာစစ်တပ်က ခြိမ်းခြောက်ပြီး မောင်းထုတ်နေတဲ့အတွက် ဒေသခံ အမျိုးသားတွေက မြစ်ကြီးနားဘက်ကို ရှောင်ပြေးလာကြတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ် တပ်မဟာ ၄ ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲငယ်တွေ ဖြစ်ပွားနေပြီး တပ်မဟာ ၁ နဲ့ ၂ ဘက်မှာလည်း ဆက်လက်ပြီး တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဘက်မှာလည်း မြန်မာစစ်တပ်တွေက တပ်ရင်းချပြီး နေရာယူထားတဲ့အတွက် ဒေသခံတွေက စိုးရိမ် ကြောက်လန့်နေတယ်လို့ အခုလို ပြောပါတယ်။

“နမ့်ခမ်းနဲ့ ဗန်းမော်ကြားက နယ်စပ်ဒေသမှာ အရင်တုန်းက ရှမ်းလူမျိုးတွေရဲ့ လယ်ကွက်တွေ ရှိတယ်။ အခု လောလောလတ်လတ်လည်း လယ်ကွက်တွေရှိတယ်။ အဲဒီနားမှာ မြန်မာစစ်သားတွေ တပ်စွဲထားတယ်။ အရင်တုန်းက အဲဒီမှာ စစ်တပ်ဆိုတာ မရှိဘူးပေါ့။ အခု လောလောလတ်လတ် အနေနဲ့ တပ်စွဲထားတဲ့ အနေအထားမှာ ရှိတယ်။

“နောက်ပြီး ဧည့်စာရင်းတွေ လိုက်စစ်နေတယ်လို့ ကြားတယ်။ ကချင်အိမ်တွေပဲ လိုက်စစ်နေတယ်လို့ ကြားတယ်။ အဲဒါကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်ချင်တာ ဘယ်ဘက် ထွက်ပြေးရမှန်းမသိ ဖြစ်နေတယ်။ တောင်ပေါ်ဘက် ထွက်ပြေးရင်လည်း ဗမာစစ်သားတွေ တောင်ပေါ်တွေမှာ အကုန်လုံး နေရာယူထားတဲ့ အတွက်ကြောင့်မို့လို့ ဘယ်ဘက်သွားရမှန်းမသိ အဲဒီမှာ နေရာပျောက်နေတယ်။ အဲဒီလို အနေအထားမှာ ရောက်နေတယ်။”

အခုလို စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ အိုးအိမ်စွန့်ပြီး တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ လူဦးရေ ၁၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရပ်ဘက် အုပ်ချုပ်ရေး အရာရှိ ဦးဒွဲပီဆာကလည်း ပြောပါတယ်။ အခုလို အခြေအနေတွေ ပိုမိုပြင်းထန်လာတဲ့ အချိန်မှာ တဘက်မှာလည်း KIA က မြန်မာစစ်အစိုးရတပ်နဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လည်း အဆင်သင့် ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က KIA အနေနဲ့ ကြေညာချက် ထုတ်ပြန်တဲ့ နေရာမှာလည်း ဘုံရန်သူအဖြစ် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းဖို့ ဆန္ဒရှိတဲ့ သူတွေကို ကြိုဆိုလျက် ရှိနေကြောင်း ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်သူလူထုတွေ ကြားမှာတော့ အခုလို တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ မိမိရဲ့ အိုးအိမ်နေရာကို စွန့်ခွာပြီး လုံခြုံတဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။

XS
SM
MD
LG