သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်သား ၆ ဦးကို KIA ဖမ်းဆီး


တိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည့် မြန်မာစစ်တပ် အသုံးအဆောင်နှင့် လက်နက်ခဲယမ်းအချို့။ ဇွန် ၁၅၊ ၂၀၁၁။
တိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည့် မြန်မာစစ်တပ် အသုံးအဆောင်နှင့် လက်နက်ခဲယမ်းအချို့။ ဇွန် ၁၅၊ ၂၀၁၁။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာသလို အထိအခိုက် အကျအဆုံးတွေလည်း ပိုလာပါတယ်။ KIA ဘက်က ပြည်တွင်းစစ်အထိ တိုက်သွားမယ်လို့ စစ်ကြေညာပြီး ၃ ရက်အကြာ ဒီကနေ့အထိ KIA ဘက်က တိုးစစ်ဆင်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်တွေကို ခံစစ်အနေနဲ့ တိုက်ခိုက်နေရဆဲ ရှိပါတယ်။ ဒါပေမဲ့ စစ်သားတွေ တင်ဆောင်လာတဲ့ မြန်မာစစ်ကား အချို့ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး မြန်မာဘက်က စစ်သား ၆ ဦးကို ဖမ်းဆီးထားလိုက်နိုင်တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ဟာ အစိုးရတပ်တွေ လက်နက်ကြီးတွေနဲ့ စစ်အင်အားတွေ သယ်ယူပို့ဆောင်မှုကို ဖြတ်တောက်တဲ့ အနေနဲ့ တံတားတွေ ဖောက်ခွဲခဲ့ရာမှာ တပ်ရင်းမှူးနဲ့ တပ်သားတွေ ၁၀ ယောက်ထက်မနည်း ကျသွားခဲ့ပြီး ၆ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗဟို KIO အရာရှိတွေက အတည်ပြု ပြောပါတယ်။

KIA တပ်မဟာ ၂ ရှိရာ တနိုင်းဘက်မှာ မြန်မာတပ် ခမရ ၂၉၇ က အမြောက်ကားတွေ၊ လက်နက်ကြီးတွေနဲ့အတူ ချဉ်းကပ်လာချိန်မှာ ပစ်ခတ်ခဲ့ပြီး တံတားနဲ့အတူ ကားကို ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ရာမှာ ၁၀ ယောက် ကျသွားတာလို့ KIA အရာရှိ တယောက်က ကချင်လို အတည်ပြု ပြောပါတယ်။

“ကားဖောက်ခွဲဖြစ်တာကတော့ ဗန်းမော်လမ်းဘက်မှာ ရှိတယ်၊ တနိုင်းလမ်းဘက်မှာ ရှိတယ်။ သူတို့ဘက်ကနေ ထိုးစစ်ဆင်လာတာမျိုး ဖြစ်လာတာကို ကျနော်တို့ဘက်ကနေ ပစ်တယ်ဆိုတာမျိုးပဲ ရှိပါတယ်။ တနိုင်းလမ်းဘက်က ယုဇနကုမ္ပဏီ လုပ်ထားတဲ့ တံတားမှာ အဲဒီက တပ်ရင်းမှူးတွေ လာကြည့်ပြီး လာတိုက်တာပေါ့။ အဲဒီမှာ ဖောက်ခွဲလိုက်တာ။”

အဓိက KIA ဘက်က မြန်မာတပ်တွေရဲ့ လက်နက်ကြီးတွေ ဖြတ်လိ့ုမရအောင် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အခုချိန်ထိ တံတား ၁၀ စင်းအထက် ဖျက်ဆီးခဲ့ပြီလို့လည်း အရာရှိတွေက ပြောပါတယ်။

မြန်မာတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်တွင်း ကား ၂ စီးကို ဖောက်ခွဲခဲ့တာဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ မန္တလေး ကားလမ်း အရှေ့ဘက် မူဆယ် နမ့်ဖတ်ကာကြား တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ့်မတူရွာက မြန်မာတပ် ခြေမြန်တပ်ရင်း ၃၄၂ စခန်းမှူး အပါအဝင် တပ်သားတွေကို ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ကျနော်တို့ ပို့စ် တပ်ရင်း ၈ ကပါ။ အဲဒီကနေ မြန်မာစစ်တပ်တွေရှိတဲ့ ရွာမှာ ဝင်ပြီး သေနတ်တော့ ပါပေမဲ့ မဖောက်ခွဲဘူး။ တပ်ရင်းမှူး အပါအဝင် တပ်သားတွေ ၆ ယောက်ကို ဖမ်းလိုက်တယ်။ အကြိတ်အနယ် ပစ်ခတ်ကြတာတော့ မရှိသေးဘူး။ ဟိုမှာနည်းနည်း၊ ဒီမှာနည်းနည်း ပြောက်ကျား ပစ်ခတ်တာမျိုးတော့ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ပရမ်းပတာ မလုပ်သေးပါဘူး။”

ဒီကနေ့ မနက်ပိုင်းမှာလည်း KIO ဌာနချုပ် လိုင်ဇာသွားလမ်း KIO မလိချောင်းရေ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နေရာမှာ မြန်မာတပ်တွေနဲ့ တိုက်ပွဲငယ် ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နှစ်ဘက် အကျအဆုံး မရှိပေမဲ့ အခုချိန် ဒဘတ်ရွာတွင်း မြန်မာစစ်တပ်တွေက တပ်ချနေတဲ့အတွက် ဒေသခံတွေက ကြောက်လန့်နေကြပါတယ်။

ခုချိန်မှာလည်း KIO ခေါင်းဆောင်တွေနဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့တို့ဟာ ရှေ့ခရီးအတွက် ဌာနချုပ် လိုင်ဇာမှာ အစည်းအဝေး ပြုလုပ်နေပြီး တဘက်မှာလည်း မြန်မာစစ်တပ်နဲ့ KIA တပ်ရင်း ၅ ဆင်ဘိုမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗန်းမော် ဒေသခံတွေဟာ မြန်မာတပ်တွေက ညမထွက်ရအမိန့် ထုတ်ထားတဲ့အတွက် လူငယ်တွေကလည်း ကြောက်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA တပ်မဟာ ၁ နယ်မြေနဲ့ နီးစပ်တဲ့ ရပ်ရွာတွေမှာ အာဏာပိုင်တွေက တံတားတွေကို လုံခြုံရေးယူ စောင့်ကြည့်ခိုင်းထားတယ်လို့ တန်ဖရဲ ဒေသခံ အမျိုးသမီးက ကချင်လို ပြောပါတယ်။

“ရွာက တံတားတွေမှာတော့ ကိုယ့်ရပ်ရွာက တံတားမှာ ကိုယ်စောင့်ရမယ်လို့ ပြောတယ်။ အခု ရွာအောက်ပိုင်းက တံတားမှာကျတော့ မီးသတ်အဖွဲ့တွေက စောင့်နေတယ်။ ရွာထိပ်ဘက်မှာကျတော့ ရွာသားတွေ ၇ အိမ် တလှည့်စီ စောင့်ကြည့်ခိုင်းနေတယ်။ တံတားတွေက ရွာတဝိုက်မှာ အကြီးအသေး ရှိတယ်လေ။”

နောက် မြစ်ကြီးနား မြို့တွင်းမှာလည်း မြန်မာတပ်တွေ လုံခြုံရေး အပြည့်ယူထားပြီး မီးသတ်၊ ရဲတွေက စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA က ခံစစ်ကို ဦးတည် တိုက်ခိုက်နေပြီး မြန်မာတပ်တွေက လက်နက်ကြီးတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေဆဲ ဖြစ်တဲ့အတွက် မြန်မာနဲ့ KIA ကြား စစ်ပွဲဟာ ချက်ချင်း တည်ငြိမ်သွားဖို့ အခြေအနေ မရှိဘူးလို့လည်း ကချင် နိုင်ငံရေးသမားတွေက သုံးသပ်နေကြပါတယ်။

အခုချိန် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တွေ တရုတ်နိုင်ငံဘက်ကို အဆက်မပြတ် ထွက်ပြေး တိမ်းရှောင်နေကြပြီး လူဦးရေ ၁၀,၀၀၀ ကျော် ရှိနေပြီလို့လည်း KIA အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG