သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ KIA ဆွေးနွေးပွဲ အချက်အလက်အဆင်သင့်မရှိလို့ အလုပ်မဖြစ်


အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်ပြည်မှာ တွေ့ဆုံကြရာမှာ တင်ပြတဲ့ ဆွေးနွေးမယ့် အခြေခံအချက်တွေအပေါ်မှာ နှစ်ဘက်စလုံးက အဆင်သင့်မရှိသေးတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ ကချင်သတင်းဌာနရဲ့ အယ်ဒီတာက ပြောပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပတဲ့ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှာတော့ KIO အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလွတ်တွေ့ဆုံညှိနှိုင်းဖို့ သဘောတူထားတာလည်း ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ အကြား ငြိမ်းချမ်းရေးအလားအလာကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးအပြီးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIOဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဇူုလိုင်လ ၂၀ရက်နေ့က တွေ့ဆုံခဲ့သလို တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်နိုင်ငံမှာ ဒီလ ၅ရက်နေ့က ထပ်မံတွေ့ဆုံခဲ့တာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့ ဆွေးနွေးပွဲကိုတော့ တပ်မတော်ဘက်က အမှတ်၁ စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်ခဲ့ပြီး KIO ဘက်ကတော့ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ စတင်ပြီး မကြာခင်မှာပဲ ပျက်ပြားခဲ့ရကြောင်း KIO နဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

KNG ခေါ် ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းကတော့ ဆွေးနွေးပွဲမအောင်မြင်ရတဲ့အကြောင်းကို အခုလို ပြောပါတယ်။

“ KIO ဘက်ကတော့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေများတော့ ပြည်သူလူထုတွေက ဒုက္ခရောက်တော့ ဘာပဲဖြစ်ဖြစ် စစ်ပွဲအရှိန်တွေကို လျှော့ချဖို့ ရယ် နောက်တခုကတော့ အဲဒါထက်ပိုပြီးမှ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးဟာမျိုးတွေ လုပ်ဖို့ မျှော်လင့်တာပေါ့။ သို့သော်လည်းပဲ တပ်မတော်ဘက်ကတော့ အဲဒီဟာကို သူတို့က မဆွေးနွေးနွေးမီမှာ အကျပ်ကိုင်တဲ့ပုံစံနဲ့သူတို့က တင်ပြပြီးတော့ ဆွေးနွေးလာတော့ အစည်းအဝေးက ပျက်သွားတယ်လို့ ပြောတယ်လေ။ ”

တပ်မတော်ဘက်က တင်ပြချက်တွေကို အခုလို ဆက်ပြောပါတယ်။

“ သူတို့ကတော့ ဒီခွဲမထွက်ရဆိုတဲ့ဟာကို လက်ခံရမယ်။ ဒုတိယကတော့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံရမယ်။ နောက်တခုက တို့တာဝန်အရေးသုံးပါးဆိုတာကို လက်ခံရမယ်ဆိုတဲ့ အချက် ၃ချက်ကို သူတို့က ဒီဟာကို KIO က လက်ခံမှသာ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ဆွေးနွေးရအောင်လို့ ဆိုတဲ့ဟာတွေ သူတို့ ဖက်က အကျပ်ကိုင်တော့ KIO ဘက်ကလည်း အဲဒီဟာ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်သေးဘူး။ ပြင်ဆင်ထားတဲ့ဟာလည်း မရှိသေးဘူးဆိုတော့ အစည်းအဝေးကတော့ အဲဒီမှာ ရပ်သွားတဲ့ ပုံစံဖြစ်တယ်။”

ဒီဆွေးနွေးပွဲမှာ KIO ဘက်က တင်ပြဖို့ ရှိနေတဲ့အချက်တွေကိုလည်း ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းက အခုလို ဆက်ပြောပါတယ်။

“ KIO ဘက် ရည်ရွယ်တာက ၁၉၉၄ အပစ်အခတ် ရပ်စဲရေးစာချုပ်အတိုင်း ဒီ စစ်တပ်တွေကို ဘယ်လို နေရာချမယ်ဆိုတဲ့ ကိစ္စတွေ ပါတယ်။နောက်ပြီးတော့ ဒီ ၂၀၁၃မှာ တရုတ်အစိုးရကနေပြီးတော့ ကြားဝင်ပြီးတော့ သူတို့ ကချင်ပြည်နယ်မှာ စစ်ရှိန် လျှော့ချဖို့အတွက် သဘောတူစာချုပ်တွေ ရှိတယ်လေ။ အဲဒါတွေကို အခြေခံပြီးမှ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေးဟာမျိုး လုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ KIO ဘက်က လာဆွေးနွေးတာဖြစ်တယ်။ ဒါပေမဲ့ ခုအစည်းအဝေးမှာကတော့ ဒီကိစ္စတွေကို တပ်မတော်ဘက်က ဆွေးနွေးဖို့ လက်မခံသေးဘူး။ အဓိက ပြဿနာကတော့ အဲဒါဖြစ်တာကိုး။ ”

ဒီလ ၅ရက်နေ့တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တပ်မတေ်ာရော KIO အဖွဲ့ဘက်ကပါ သတင်းထုတ်ပြန်တာမရှိသေး ပါဘူး။

ဒီနှစ် ဖေဖော်ဝါရီလဆန်းကလည်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ ပထမအကြိမ် တရုတ်ပြည်မှာ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာသဘောတူညီချက် တစုံတရာ မရခဲ့သလို ဆွေးနွေးပွဲနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပတဲ့ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကာလမှာတော့ KIO အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလွတ်တွေ့ဆုံညှိနှိုင်းဖို့ သဘောတူထားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ဇူလိုင်လ ၁၁ရက်နေ့မှာ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့ဝင်ဖြစ်တဲ့ PSLF/TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ဆေးမှုးရဲမေ ၆ယောက်ကို တပ်မတော်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒီလ ၆ရက်နေ့မှာ တအာင်း(ပလောင်) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဆေးမှုးရဲမေတွေကို အဓမ္မပြု့ကျင့်သတ်ဖြတ်တာနဲ့ပတ်သက်လို့ တိတိကျကျစစ်ဆေးအရေးယူဖို့အတွက်လည်း PSLF/TNLA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတာ့အိုက်ကျော်က ပြောဆိုပြီး ဒီဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သီးခြားစီဆောင်ရွက်မှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ ဒီဟာကို စနစ်တကျ၊ မျှမျှတတ ဖော်ထုတ်စစ်ဆေးအရေးယူဖို့တော့ လိုတယ်။ ဒီဟာက ငြိမ်းချမ်းရေးကိစ္စကြောင့် ဖြစ်လာတာမဟုတ်ဘူး။ သူတို့ ကျူးလွန်တဲ့ ပြစ်မှုက သပ်သပ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ကျနော်တို့ ဆက်လက်ပြီးဆွေးနွေးဖို့တော့ လိုတာပေါ့။ ဒါက သပ်သပ်တလိုင်းပေါ့။”

တပ်မတော်ဘက်ကတော့ ဒီတိုက်ပွဲအတွင်းမှာ လက်နက်မျိုးစုံ ၃လက်နဲ့အတူ အလောင်း၈လောင်း သိမ်းဆည်းရမိကြောင်း ဇူလိုင်လ ၁၉ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိပြီး အဖွဲ့ ၁၀ဖွဲ့ကသာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ KIO ၊ PSLF/ TNLA အဖွဲ့တွေ အပါအဝင်ဖြစ်တဲ့ တရုတ်နယ်စပ်အခြေစိုက် မြောက်ပိုင်းအဖွဲ့၇ဖွဲ့ဟာ NCA ကို လက်မှတ်မရေးထိုးသေးပါဘူး။ ဒီအဖွဲ့တွေထဲက ဝနဲ့ မိုင်းလားအဖွဲ့က လွဲရင် ကျန်အဖွဲ့တွေဟာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခနဖြစ်ပွားနေဆဲရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG