သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နယ်မြေရှင်းလင်းမှုကြောင့် ကန့်ဘလူဒေသခံ သောင်းနဲ့ချီ ထွက်ပြေး 


ကန့်ဘလူ မြို့နယ်အတွင်းက မီးရှို့ခံရတဲ့ ရွာမြင်ကွင်း (ဒီဇင်ဘာ ၅၊ ၂၀၂၂/Photo: CJ) 
ကန့်ဘလူ မြို့နယ်အတွင်းက မီးရှို့ခံရတဲ့ ရွာမြင်ကွင်း (ဒီဇင်ဘာ ၅၊ ၂၀၂၂/Photo: CJ) 

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို မြန်မာစစ်တပ်က ဆက်တိုက် နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရပါတယ်။ ပင့်သာကျေးရွာကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ၃ ကြိမ်မြောက် ထပ်ဝင်လာပြီး နေအိမ်တချို့ကိုလည်း မြန်မာစစ်တပ်ဘက်က မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ပင့်သာရွာကို ဒုတိယအကြိမ်ဝင်ရောက်ခဲ့ကြတုန်းက မြန်မာစစ်တပ်က ရွာအတွင်းမှာ မြေမြှုပ်မိုင်းထောင်ထားခဲ့လို့ ရွာကို ပြန်ဝင်ကြတဲ့အခါ ရွားသားတဦး မိုင်းထိခဲ့တာကြောင့် ခုတကြိမ်မှာ ရွာသားတွေ ရွာထဲကို ပြန်မဝင်ရဲကြဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။

ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာကို ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစစ်တပ်က ဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်ပြီး နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတကြိမ်ပါဆိုရင် ပင့်သာကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံရတာ ၃ ကြိမ်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ထဲက ၁၀၀ နီးပါး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

နိုဝင်ဘာလက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်း ထွက်သွားပြီးချိန်မှာ ပင့်သာရွာအတွင်းက နေအိမ်ခြံဝင်းမှာ မိုင်း၂ လုံး တွေ့ရှိခဲ့ပြီး တလုံးပေါက်ကွဲခဲ့တာကြောင့် ရွာသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီလို မိုင်းအန္တရာယ်ကို ကြုံရပြီးနောက် ရွာသားတွေက စစ်ကြောင်းတွေ ရွာက ထွက်ပြီးချိန်မှာတောင် ရွာထဲကို ပြန်မဝင်ရဲ ဖြစ်နေကြတယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ကျနော်တို့ဆီကို ဝင်ပြီး မီးရှို့တာဆိုရင် ဒီတကြိမ်နဲ့ဆို ၃ ကြိမ်ရှိသွားပါပြီဗျ။ ၈ လ ပိုင်းတုန်းက တကြိမ်၊ ၁၁ လပိုင်း ၁၃ ရက်နေ့တုန်းက တကြိမ် ရှို့တယ်။ အခု ၁၂ လပိုင်း ၅ ရက်နေ့မှာ တကြိမ်ဝင်ပြီးတော့မှ ရှို့သွားပါတယ်ခင်ဗျ။ ကျနော်တို့ ရွာသားတွေက ခုလောလောဆယ် ရွာထဲကို ပြန်မဝင်ရဲသေးဘူးဗျ။ ဒုတိယတကြိမ်စစ်ကြောင်းမှာက သူတို့က နင်းမိုင်းတွေပါ ထောင်ထားခဲ့တာဗျ။ နင်းမိုင်း ထောင်ထားခဲ့တော့ ပြည်သူတဦးက ခြေထောက်ပြတ်သွားတာဗျ၊ ဒုက္ခိတ ဖြစ်သွားတာပေါ့ဗျာ။ အဲ့ဒါကြောင့်မို့လို့ ခုစစ်ကြောင်းက အခု ချပ်သင်းဘက်ကို ရောက်သွားပြီ။ သို့သော် အခုလောလောဆယ် ရွာသားတွေက အဲ့လို နင်းမိုင်းတွေ ဘာတွေ ရှိနေသေးတယ်ဆိုတဲ့ အမြင်မျိုးရှိတော့ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးဗျ။ ရွာထဲကို ပြန်မဝင်ရဲ ကြဘူးဆိုတော့ ခုတော့ ရွာကလည်း သုဿာန်တစပြင်လိုပဲ တိတ်ဆိတ်ငြိမ်သက်နေတာပဲဗျ။”

မြန်မာစစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပြပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့ အကြိမ်ကြိမ် မီးရှို့ခံနေရတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ခုလို ပြောပြပါတယ်။

“ကျနော်တို့ ရွာတွေမှာ PDF တွေလို့တော့ မရှိပါဘူးဗျ။ သူတို့က (စကစ) ရွာတွေကို အဲ့လိုဝင်ပြီး သွားပြီးတော့ ရှို့နေတာ။ ကျနော်တို့ ပင့်သာရွာရဲ့ မြောက်ဘက်မှာတော့ ပျူစောထီးတွေနေတဲ့ ချက်ကြီးရွာမှာ ပျူစောထီး ရှိတယ်။ ချပ်သင်းမှာ ပျူစောထီး ရှိတယ်။ အဲ့လို သွားရင်းလာရင်းကနေ ဝင်ဝင်ပြီးတော့မှ ရွာထဲရှိတဲ့ဟာတွေ အကုန်လုံး မီးရှို့ပြီးတော့မှ ရစရာရှိတဲ့ပစ္စည်းတွေကို အိမ်တွေ ရိုက်ဖျက်ယူ၊ အဲ့ဒါမျိုးပဲ သွားကြတာဗျ။ ပြောရရင်တော့ ကျနော်တို့ ဒေသကိုတော့ ပြည်သူ့စစ်ဆိုတဲ့ ပုံစံမျိုးတော့ ဖွဲ့ခိုင်းတယ်ဗျ။ ဖွဲ့ခိုင်းတော့ ဒီဘက်က ပြည်သူ့စစ်ကလည်း ဒီဘက်ကမဖွဲ့ချင်တော့ နီးစပ်ရာကို လူငယ်တွေကလည်း ထွက်ပြေးကြတော့ သူတို့နယ်မြေစိုးမိုးမှုမရလို့ သူတို့ ခိုင်းတဲပုံစံမျိုး မရလို့ မီးရှို့တယ်လို့ပဲ ကျနော်တို့ ယူဆတယ်ဗျ။”

ပင့်သာရွာနဲ့ အနီးဝန်းကျင်မှာ ရှိကြတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်က တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။

ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း တန်ပြန်စွပ်စွဲတာ ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ကျေးရွာတွေရှိသလို စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင် ပေးတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]










XS
SM
MD
LG