သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်စွဲထားတဲ့ ကန့်ဘလူမြို့နယ်တွင်း ရွာခံတွေ ပြန်လာအောင်ခြိမ်းခြောက် 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ကုန်း၊ ဘောရွာနဲ့ ဇင်းရွာများ။ (Crd: MIMU)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ကုန်း၊ ဘောရွာနဲ့ ဇင်းရွာများ။ (Crd: MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေက လက်ခုပ်ကုန်းကျေးရွာအပါအဝင် ကျေးရွာတချို့ကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ဂါထာရွာမှာလည်း နိုဝင်ဘာလလယ်လောက်ကတည်းက စစ်တပ် တပ်စွဲထားပြီး ပြည်သူ့စစ်ဖွဲ့ခိုင်းတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်း စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေ ပေးပို့ထားတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကန့်ဘလူနယ်တွင်း ဘောရွာနဲ့ လက်ခုပ်ကုန်းကျေးရွာကြားမှာ မြန်မာစစ်ကောင်စီတပ်နဲ့ PDF ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဒီရက်ပိုင်းတွေအတွင်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပြီးတဲ့နောက် မြန်မာစစ်တပ်က အိမ်ခြေ ၈၀ ဝန်းကျင်ရှိတဲ့ လက်ခုပ်ကုန်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးစစ်ကြောင်းက ရွာစဉ်တလျှောက် လိုက်လံမီးရှို့နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခမရ ၃၆၈ က ဂါထာရွာကနေမှာ လက်ပံပင်၊ လက်ပံပင်ကနေမှ လွှဲဆိပ်၊ လွှဲဆိပ်ကျတော့ တခါ မီးဝင်ရှို့၊ အဲ့ကနေတခါ ၁၁ ပေါက်ရွာကို ပြန်ကူး၊ ၁၁ ပေါက်ကို တခါ မီးဝင်ရှို့၊ အဲ့ကနေမှ ဘော၊ ဘောကိုကျတော့ ဘောကိုရောက်တော့ သူတို့မီးမရှို့သေးဘူးဗျ။ ဘောရဲ့ အရှေ့ဘက်က လက်ခုပ်ကုန်းဘက်ကိုသွားတဲ့အချိန်မှာ ကာကွယ်ရေး ကန့်ဘလူ KD 3၊ ရင်း ၃ ကာကွယ်ရေး PDF တပ်နဲ့ ထိတွေ့မှုတွေ ဖြစ်ကြတယ်။ သူတို့ဘက်က အသေအပျောက်တွေများသွားတော့ အဲ့ရွာ(လက်ခုပ်ကုန်း) ကို ဝင်ပြီးတော့ မီးရှို့ဖျက်ပစ်လိုက်တာ။ အကုန်ရှို့သွားတယ်။ ၇ အိမ်ပဲ ကျန်တယ်။ အဲ့လို ရှို့ပြီးပြီဆိုတော့ ဘောကို ပြန်ဝင်တာ။ ဘောကနေ ဒီနေ့မနက် ၇ နာရီခွဲလောက် ဘောကိုပြန်ရှို့ပြီးတော့ ပြန်ထွက်သွားတယ်။ ခု ဇင်းကို ရောက်သွားပြီ။”

ကန့်ဘလူမြို့နယ်တွင်း လက်ခုပ်ကုန်းနဲ့ကျေးရွာတချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။ မြန်မာစစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ချက်လည်းမတွေ့ပါဘူး။

ကန့်ဘလူမြို့နယ် ဂါထာရွာကို နိုဝင်ဘာလ အစောပိုင်းကတည်းက ဝင်ရောက်တပ်စွဲထားတဲ့ မြန်မာစစ်ကောင်စီတပ်ကတော့ ရွာသားတွေ ကျေးရွာကိုပြန်လာဖို့ ခြိမ်းခြောက်ခေါ်ယူပြီး အဲဒီနောက် ပြည်သူစစ်တပ်ဖွဲ့ထဲကို အတင်းဝင်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာအတွင်း နေအိမ်တချို့ကို ဖြိုဖျက်ပြီး ကင်းတဲတွေ၊ မျှော်စင်တွေ ဆောက်ထားကြသလို ရွာထဲမှာ ထွက်မပြေးနိုင်ဘဲ ကျန်နေခဲ့သူတချို့ကိုလည်း ကတုပ်ကျင်းတွေ တူးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေကိုတော့ ဖြုတ်ပြီးတော့ သူတို့လိုချင်တဲ့ဟာ ဆောက်တယ်ပေါ့။ ကင်းစင်တွေ မျှော်စင်တွေ ဆောက်တယ်။ လူ ၂ ယောက်လောက်ကို ပစ်သတ်ပြလိုက်တာဆိုတော့ သူတို့ကလည်း မလုပ်ချင်လည်း လုပ်ရတော့တာ။ အဲ့လို ၂ ယောက်လောက် ပစ်သတ်ပြတော့မှ ကျန်တဲ့သူတွေကလည်း ထွက်ပြေးလာကြတာ။ အသက်က တယောက်ကတော့ ၂၅၊ တယောက်ကတော့ ၃၀ ကျော်လောက်ဗျ။ အမျိုးသားတွေ။ သူတို့က ဘယ်လိုလဲ ဆိုတော့ သူတို့ကို ဘယ်သူတွေနဲ့ အဆက်အစပ်ရှိလား၊ ဘာလုပ်တဲ့ ညာလုပ်တဲ့ PDF တွေနဲ့ အဆက်အစပ်ရှိလား အဲ့လိုမေးတာပေါ့။ သူတို့ကတော့ ရိုးရိုးသားသားတွေပါ။ သူတို့လုပ်ငန်းနဲ့သူတို့ တောင်သူလုပ်နေတဲ့သူတွေ။ မဖြေတော့ ပစ်သတ်တာ။ နောက် ပျူလုပ်ဖို့ရာတွေရော၊ သူတို့က ပျူလည်း မလုပ်ချင်တဲ့ အပိုင်းပါတာပေါ့။ အဲ့တော့ သူတို့က ပိုပြီးတော့ ထင်သွားတာပေါ့။ ထင်တော့ အဲ့လိုပစ်သတ်လိုက်တာ။”

လက်ရှိမှာတော့ စစ်ပြေးဒုက္ခသည်တွေအတွက် စားသောက်ရေးနဲ့ စောင်၊ အဝတ်အထည် စတဲ့ အခြေခံပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပြန်ထွက်ပြေးလာရတော့ သူတို့မှာ ပထမ ထွက်ပြေးသလို စားဝတ်နေရေးတွေ မပါခဲ့ဘူးဗျာ၊ စားနပ်ရိက္ခာ၊ အဝတ်အစား၊ စောင် မပါခဲ့ဘူး။ ပထမကသာ ပါခဲ့တာ။ နောက်တခေါက်ကျ လူအတိုင်းပဲ အလွတ်ထွက်ပြေးလာခဲ့ကြရတာ။ နွားတွေကမှ အစ ထားခဲ့ရတာပေါ့၊ (ရွာထဲမှာ) ၃၀ ကျော် ၄၀ လောက်တော့ ကျန်ခဲ့တယ်ဗျ။ အကုန်လုံး ပျူစာရင်းဝင်ပေါ့၊ ရွာထဲက မိသားစုတွေ။ မိသားစုတွေနဲ့ တခြားစီ ပိတ်မိပြီးတော့ ထွက်မရတဲ့သူတွေလည်း ကျန်ခဲ့တယ်။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း တန်ပြန်စွပ်စွဲတာရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]











XS
SM
MD
LG