ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ဖမ်းဆီးထားတဲ့ မြန်မာရဲသုံးယောက်ကို ဇန်နဝါရီလ (၁၉) ရက်နေ့ညနေက ပြန် လွှတ်ပေးလိုက်ပါပြီ။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် မြန်မာအစိုးရနဲ့စစ်တပ်တာဝန်ရှိသူတွေလက်ထဲ လွှဲပြောင်းပေးလိုက်တာပါ။ ဒါပေမဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာ ကြန့်ကြာနိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
KIA က ထိန်းသိမ်းထားတဲ့ မြန်မာရဲသုံးယောက်ကို မနေ့ညနေလောက်မှာPCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က သွားရောက် ခေါ် ဆောင်ခဲ့ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးလက်ထဲ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ PCG တာဝန်ခံတဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက ဗွီအိုအေကိုပြောပါတယ်။
“မနေ့က ၁၉ ရက်နေ့ကကျတော့ နေ့လည် ၂ နာရီ ၁၅ လောက်မှာ စခန်းကနေပြီး သူတို့ကိုထိန်းချုပ်ထားတဲ့ ထိန်းသိမ်းထားတဲ့နေရာကိုသွားခဲ့ပါတယ်။ တောထဲမှာ လေးနာရီလောက်မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ သူတို့သုံးယောက်ကို လက်ထဲအပ်ပေးပြီ။ ဒါကြောင့် ကျနော်တို့လည်း ညနေ ၆ နာရီ ၁၅ လောက်မှာ ဖားကန့်မြို့နယ်ရုံး၊ မြို့နယ်မှူးနဲ့ ဖားကန့်အုပ်ချုပ်ရေးမှူးတို့လက်ထဲမှာ … တပ်မမှူးလည်းရှိတယ်။ အဲဒီတပ်ထဲကို လာပြီးတော့ အပ်ခဲ့တယ်။”
ဇန်နဝါရီလ (၁၉) ရက်နေ့မတိုင်ခင်ကတည်းက KIA ဘက်က မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး ပြန်လွှတ်ပေးဖို့ရှိပေမယ့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် ရက်အနည်းငယ် ကြန့်ကြာသွားတာဖြစ်တယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ ဇန်နဝါရီလ (၁၄) ရက်နေ့က ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးနဲ့အဖွဲ့ရဲ့ယာဉ်ကို KIA က စစ်ဆေးမေးမြန်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာအစိုးရတပ်နဲ့ KIA ကြား နှစ်ဖက် တင်းမာမှုဖြစ်ခဲ့တာပါ။
ဖားကန့်မြို့နားမှာ ဖြစ်ခဲ့တဲ့ လေးရက်ကြာတိုက်ပွဲကာလအတွင်း ဒေသခံတွေဘေးလွတ်ရာရွှေ့ပြောင်းဖို့ မြန်မာစစ်တပ်ကခွင့်မပြုဘူးလို့ စနေနေ့က KIO ကချင်လွတ်မြောက်ရေးအဖွဲ့တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
အဲဒီလိုပိတ်မိနေတဲ့သူတွေထဲမှာ ဖားကန့်မှာ ကျောက်စိမ်းလုပ်ငန်းလာရောက်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးရာနဲ့ချီပြီရှိနေတာကြောင့် သူတို့ရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ မနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောသွားပါတယ်။
မြန်မာနိုင်ငံကအခြေအနေတွေကို တရုတ်အစိုးရအနေနဲ့ ထပ်ပြီးစုံစမ်းနေပါတယ်။ ပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် အသေအချာ တာဝန် ယူပေးဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံထားတာပါ။တရုတ်သံရုံးက တာဝန်ရှိသူတွေလည်း အဲဒီကို သွားရောက်ပြီးလိုတဲ့အကူအညီတွေ ပေးနေပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာက ဖါးကန့်မြို့နဲ့ ၁၂ မိုင်ကျော်လောက်ဝေးနေတာကြောင့် ပိတ်မိနေတဲ့ဒေသခံတွေထဲ တရုတ်တွေ ပါနေတာ မတွေ့ရဘူးလို့ ဦးလမိုင်ဂွမ်ဂျာက ဗွီအိုအေကို ပြောပါတယ်။
“တိုက်ပွဲကြောင့် ပိတ်နေတယ်ဆိုတဲ့နေရာမှာ သိသလောက်က ဖားကန့်ကနေ ၁၂ မိုင်ကျော်ဝေးတဲ့ ကံစီး၊ အောင်ဘာလေမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေက တိုင်းရင်းသားတွေပဲများတယ်။ ကချင်ရော၊ ရှမ်းရော၊ ဗမာရော လူမျိုးပေါင်းစုံ နေထိုင်တဲ့နေရာဖြစ်တယ်။ ပိတ်မိတယ်ဆိုတဲ့….တိုက်ပွဲဖြစ်တဲ့ အောင်ဘာလေနေရာမှာက ရွှေ့ပြီးတော့မှ ကံစီးနားမှာ …လုပ်နေတယ်ဆိုတာပဲ သိရတယ်။ အဲဒီမှာ ကျနော် သိရသလောက် တရုတ်မပါဘူးဗျ။ ဒါပေမယ့် အခု ကျနော် ဆင်းသွားလို့ရှိရင် ဖားကန့်မှာ ကုမ္ပဏီပေါင်းအများကြီးရှိတယ်လေ။ ကုမ္ပဏီအများကြီးထဲမှာ လုပ်ငန်းလည်ပတ်တဲ့၊ လုပ်တဲ့ဟာတွေက တရုတ်ကုမ္ပဏီက တော်တော်များတယ်ဗျ။ … သူတို့ပဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တိုက်ပွဲမှာ ပိတ်မိတာတော့ မဟုတ်ဘူး။”
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်ဆဲရေး ကြိုပမ်းနေတဲ့အချိန်မှာ အခုလို တိုက်ပွဲတွေပြန်ပြီးဖြစ်တာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့သုံးသပ်သူတွေရှိပါတယ်။ ဒါပေမယ့် နှစ်ဖက်အောက်ခြေတပ်တွေ တိုက်ပွဲဖြစ်လာရင် ဆက်ပြီးပြန့်မသွားအောင် KIA နဲ့အရင်ကတည်းက ညှိနှိုင်းသဘောတူညီချက်တွေ ရှိထားပြီးသာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။
“အခု လက်ရှိဖားကန့်မှာ တိုက်ပွဲတွေဖြစ်တာရှိပေမယ့် တိုက်ပွဲတွေက တခြားနေရာကို ပြန့်သွားတဲ့အနေအထားမှာတော့ မရောက်သေးဘူးခင်ဗျ။ ဒါပေမယ့် KIO နဲ့အစိုးရကြားမှာ ၂၀၁၃ မေလမှာ သဘောတူညီချက်တခုရှိတယ်။ အောက်တိုဘာမှာ သဘောတူညီချက်တခုရှိတယ်။ ၂၀၁၄ မေမှာ တခုရှိတယ်ပေါ့ နော်။ အဲဒါတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒါတွေက တဘက်နဲ့တဘက် ပစ်ခတ်တိုက်ခတ်မှုတွေ ဖြစ်လာလို့ရှိရင် လျှော့ချနိုင်ဖို့အတွက် လုပ်ထားတဲ့ သဘောတူညီချက်တွေ။”
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကတော့ ဇန်နဝါရီလအကုန် ဖေဖေါ်ဝါရီလဆန်းလောက်မှာ လျာထားတဲ့မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ NCCT တို့ဆွေးနွေးပွဲတွေမှာ ကချင်ပြည်နယ်တိုက်ပွဲကြောင့် ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မိကြောင်း ပြောပါတယ်ရှင်။