သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်စနစ်ကို လက်ခံကြရင် KIA ငြိမ်းချမ်းရေးလုပ်မည်


(ကာကွယ်ရေးဝန်ကြီးဌာန) ဗိုလ်ချုပ်မြင့်စိုး(ယာ) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ဂွမ်မော် (ဝဲ) တို့ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးနှုတ်ဆက်နေစဉ်။ (အောက်တိုဘာ ၁၀၊ ၁၃)
(ကာကွယ်ရေးဝန်ကြီးဌာန) ဗိုလ်ချုပ်မြင့်စိုး(ယာ) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ဂွမ်မော် (ဝဲ) တို့ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးနှုတ်ဆက်နေစဉ်။ (အောက်တိုဘာ ၁၀၊ ၁၃)
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ကနေ့အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတာဟာ ပြည့်ဝတဲ့ ဖက်ဒရယ်စံနစ် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ KIO ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဒေါင်ခါးက ပြောပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာရေး အတွက်ပဲ တိုင်းရင်းသားတွေက လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ထွက်လာရင် ပြည်တွင်းစစ်လည်း ငြိမ်းချမ်းသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဖက်ဒရယ်စနစ်ကို အစိုးရနဲ့ စစ်တပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေဘက်က နားလည်သဘောပေါက်ရင် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ထိုးစရာမလိုဘဲ ပြည်တွင်းစစ် အလိုလိုငြိမ်းချမ်းသွားမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ကေအိုင်အို ခေါင်းဆောင်တွေအကြား မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာ တွေ့ဆုံ ဆွေးနွေးပြီး နောက်တနေ့မှာပဲ KIO အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို ပြောကြားလိုက်တာပါ။

“သမိုင်းကြောင်းတလျှောက်အရ ပြောမယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်ပေါ့ဗျာ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တော်လှန်ရေးဟာ ဒီ ဖက်ဒရယ်ကြောင့်ပဲလေ။ ဒီတော့ ခွဲထွက်ရေးဆိုပြီး အစိုးရက ထိုးစစ်ဆင်တယ်၊ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ကြောင့် ခုခံစစ်လုပ်တယ်၊ ဆိုတော့ ဒီအတွက်ကြောင့်ပဲ ပြည်တွင်းစစ်ဖြစ်လာတယ်။
“..ဆိုတော့ ဒီ ဖက်ဒရယ်ဆိုတဲ့ဟာကို အားလုံးက ကောင်းကောင်း သဘောပေါက်ပြီး လက်ခံသွားပြီဆိုလို့ရှိရင် ဒါ စနစ်တစ်ခုဖြစ်တယ်၊ ဒီစနစ်ကို နိုင်ငံအတွင်းမှာ တည်ဆောက်သွားလို့ရှိရင် ပြည်တွင်းစစ်က ငြိမ်းသွားမှာပဲ။ ဘာမှ တမင်တကာ Ceasefire agreement တွေတောင် လုပ်နေစရာ မလိုဘူးပေါ့နော်။
“…ဆိုတော့ ဒီဥစ္စာက ကြန့်ကြာစေတဲ့အချက်ဖြစ်သလို သဘောပေါက်သွားရင် အမြန်ဆုံးပြီးသွားစေမယ့် ဖက်ဒရယ်က priority ဖြစ်ပါတယ်။ အခုက ဖက်ဒရယ်ကိစ္စကို ဝန်ကြီးဦးအောင်မင်းရော - လွှတ်တော်ထဲမှာရော အစိုးရရော တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေပါ ပြောနေကြပြီဆိုတော့ သူတို့လည်း အတိုင်းအတာတစ်ခုမှာ လက်ခံတဲ့အနေအထား ရှိလာပြီဆိုတော့ လွန်ခဲ့တဲ့အချိန်မှာလာခဲ့သလောက် ဒီတကြိမ်မှာ သူတို့ဒီအဆင့်ကို လက်ခံခြင်းအားဖြင့် အမြန်ဆုံးပြီးသွားမယ်တော့ ထင်တာပဲ။”

မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မြန်မာအစိုးရနဲ့ ကေအိုင်အိုအကြား သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တော့ မရနိုင်သေးပါဘူး။ အဲဒီလို ကြန့်ကြာနေတာဟာ နှစ်ဖက် အသေးစိတ် နားလည်မှုရအောင် တည်ဆောက်နေတဲ့အတွက်ဖြစ်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“တဘက်နဲ့တဘက် အရစ်ရှည်တာမျိုးတော့ မဟုတ်ပါဘူး။ ပိုပြီးတော့ ခိုင်မာတဲ့အနေအထားတစ်ခုကို ဖန်တီးသွားဖို့အတွက်က အနုစိတ်သွားတဲ့ ခြေလှမ်းမျိုး ဖြစ်နေတော့ ကြန့်ကြာသလို ဖြစ်တာပေါ့။ ဒါ ပိုပီးတော့ ခိုင်မာတဲ့အနေအထားတရပ်ကို၊ နိုင်ငံရေးစနစ်ကိုရောက်သွားအောင် အနုစိတ်ဆန်တဲ့ခြေလှမ်းနဲ့သွားနေလို့ ကြာနေတယ်လို့ ကျနော်က အဲလိုမြင်တယ်။”

နောက်ဆွေးနွေးပွဲတွေမှာ သူတို့ဘက်က ထည့်သွင်းဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့အချက်တွေနဲ့ ပတ်သက်လို့လည်း ဦးဒေါင်ခါးက အခုလို ဆက်ပြောပါတယ်။

“သဘောတရားက- Nationwide Ceasefire က အစိုးရရော ဒီအဆင့်ကို ကျော်ဖြတ်ပြီးတော့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးကိုလုပ်ရမယ်။ အုပ်ချုပ်ပုံစနစ်တွေကို ပြည်သူဗဟိုပြုစနစ်နဲ့တည်ဆောက်သွားရမယ်။ ကျနော်တို့လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကလည်း ဒီနိုင်ငံရဲ့ Transition တစ်ခုကို ကျော်ဖြတ်ရမယ် ဆိုတာ သိတယ်။
“…ဆိုတော့ Nationwide Ceasefire ဟာ အစိုးရတစ်ခုတည်းတင်မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတွက်လည်း လိုပါတယ်။ ဒီလို သဘောပေါက်တဲ့အနေအထားမှာ နှစ်ဦးနှစ်ဘက်က အပြုသဘောဆောင်တဲ့ခြေလှမ်းမျိုးနဲ့ သွားသင့်ပါတယ်။ အဲဒီတော့ ဒီ စစ်ရေးပိုင်းဆိုင်ရာ ကိစ္စကို ကျနော်တို့ကလည်း အခုနကပြောသလိုမျိုးပေါ့နော် အသေးစိတ် ဆွေးနွေးရမယ့် အနေအထားရှိတယ်။
“...ဆိုတော့ နောက်တစ်ခေါက် agenda ကျရင် Nationwide Ceasefire ကို ဘယ်ပုံဘယ်နည်း ချဉ်းကပ်မယ်ဆိုတဲ့ဟာကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ …ဆိုတော့ ဘယ်အခြေခံပေါ်မှာ ဆွေးနွေးမလဲလို့စဉ်းစားရင် ကျနော်တို့အားလုံးကို ကြည့်တဲ့အတိုင်းပဲ။ ကျနော်တို့မေးထားတဲ့ဟာက အစိုးရဘက်ကနေ စီမံချက် ဘယ်လိုမျိုးရှိသလဲဆိုတဲ့ဟာကို ကျနော်တို့ တောင်းထားတယ်။ အခု ဆက်တောင်းတုန်းပဲ။ အစိုးရကလည်း ဒါကို ပေးပို့မယ်လို့ ပြောပါတယ်။
“…ဆိုတော့ ဒီအစိုးရကနေ ရေးဆွဲထားတဲ့ စီမံချက်တွေ အပေါ်မှာ ကျနော်တို့က Nationwide Ceasefire ကို ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍကနေ ပါရမယ်၊ ဘယ်ဘက်ကို ဦးတည်သွားရမယ်ဆိုတဲ့ဟာကို အဲဒီအပေါ်မှာ ကျနော်တို့ ဆွေးနွေးမှာပါ။”

KIO ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးဆောင်ပါဝင်ခဲ့တဲ့ ဦဆွန်လွတ်ဂန်နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့က ကချင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်တွေကို ဒီကနေ့ ပြန်လည် ရှင်းလင်းပြခဲ့တယ်လို့ သိရပါတယ်။

KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီတို့ နောက်တကြိမ်တွေ့ကြဖို့ စီစဉ်ထားပေမယ့်လည်း ဘယ်တော့ တွေ့ဖြစ်မယ်ဆိုတဲ့အပေါ် ရက်အတိအကျ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ် ခင်ဗျား။
မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရာက်သူများ။
မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရာက်သူများ။
XS
SM
MD
LG