သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေအတွက် အမေရိကန် ချစ်ကြည်ရေးဘောလုံးသင်တန်း


Kids Play International KPI က မြန်မာ ကျောင်းသားလူငယ်နဲ့ နည်းပြ ပေါင်း ၅၀ ကို ဘောလုံးနည်းပညာ ရက်တိုသင်တန်းပေးနေစဉ်။ (VOA)
Kids Play International KPI က မြန်မာ ကျောင်းသားလူငယ်နဲ့ နည်းပြ ပေါင်း ၅၀ ကို ဘောလုံးနည်းပညာ ရက်တိုသင်တန်းပေးနေစဉ်။ (VOA)

မတူညီတဲ့ လူမှုအသိုင်းအဝိုင်းကလူငယ်တွေကို အတူတကွပေါင်းစည်းရာမှာ အားကစားဟာ အရေးကြီး ကြောင်းနဲ့ ဆက်လက် ပံ့ပိုးကူညီဖို့ဆန္ဒရှိကြောင်း အမေရိကန် သံအမတ်ကြီး Scot Marcie က ဒီကနေ့ ရန်ကုန် ကျိုက္ကဆံကွင်းမှာကျင်းပတဲ့ မြန်မာလူငယ်တွေကို ဘောလုံးကစားနည်းသင်တန်း ပေးရာမှာ ပြောသွားပါတယ်။ အိုလံပစ်ချန်ပီယံ အားကစားသမားဟောင်း Tracy Evens ဦးဆောင်တဲ့ Kids Play International KPI အဖွဲ့က မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေနဲ့နည်းပြစုစုပေါင်း ၅၀ လောက်ကို ဘောလုံးနည်းပညာ ရက်တို သင်တန်းတွေ ပေးနေတာပါ။ ကိုသိန်းထိုက်ဦး ရန်ကုန်ကနေ သတင်းပေးပို့ပါတယ်။

အသက် ၇ နှစ်နဲ့ ၁၈ နှစ်အကြား လူငယ်တွေ၊ ကျောင်းသားတွေ၊ နည်းပြတွေကို အမေရိကန်သံရုံးရဲ့ ကူညီ ထောက်ပံ့ပေးမှုနဲ့ KPI Kids Play International အဖွဲ့ကကြီးမှူးပြီး ဘောလုံးအားကစားနည်းတွေကို သင်ကြားပို့ချပေးတာပါ။ အားကစားနည်းပညာတွေကို သင်ကြားပို့ချတာထက် တယောက်နဲ့ တယောက် အပြန် အလှန်လေးစားမှု၊ လူမှုအဖွဲ့အစည်းအတွင်း လိုက်လျောညီထွေနေထိုင်မှု စတဲ့ အကြောင်းအရာတွေကို ဦးစားပေးပြီး ပို့ချတာလို့ သင်တန်းပို့ချသူတွေက ပြောပါတယ်။ သင်တန်းကို ကြီးကြပ်တဲ့ kPI အဖွဲ့ကို တည်ထောင်သူ သုံးထပ်ကွမ်း အိုလံပစ်ချန်ပီယံ Tracy Evens က အခုလို ပြောပါတယ်။

“အားကစားကတဆင့် အမျိုးသားအမျိုးသမီးတွေရဲ့ ပါဝင်မှုကိုမြှင့်တင်ဖို့ သုံးရက် နည်းပြတွေကို သင်တန်းပေးဖို့ ကျမတို့ ဒီကို ရောက်လာတာပါ။ ငယ်ရွယ်သူ၊ ကလေးငယ်တွေ ကစားကြတယ် ဆိုတာက မိန်းခလေး ယောကျာၤးလေး အားလုံးကြားမှာ ဆက်ဆံရေးပိုပြီး ကောင်းမွန်ဖို့အတွက်ပါ။ ကျမတို့ ဒီကိုလာတယ်ဆိုတာက သူမတူ ထူးချွန်တဲ့ ကစားသမားတွေကို လာရှာတာ မဟုတ်ပါဘူး။ အားကစားနည်းပညာ၊ ကျွမ်းကျင်မှု အရည်အသွေး ပိုပြီး မြှင့်တင်ရုံ သက်သက်တင် မဟုတ်ပါဘူး။ အားကစားကတဆင့် ဘဝအတွက် နေထိုင်မှုကို လေ့လာ သင်ကြားနိုင်ဖို့လည်း ရည်ရွယ်တာပါ။”

အားကစားကတဆင့် ရင်းနှီးခင်မင်မှုနဲ့ မျှမျှတတယှဉ်ပြိုင်မှု စတဲ့ တန်ဖိုးထားမှုတွေကို ဘဝမှာ အသုံးချ နိုင်အောင် လေ့လာနိုင်အောင်၊ ရည်ရွယ်တဲ့အကြောင်း အိုလံပစ်ချံပီယံဟောင်း Tracy Evens က ပြော သွားပါတယ်။ ကျောင်းသူကျောင်းသား လူငယ်တွေ ဘောလုံးကစားနေတဲ့ ကျိုက္ကဆံကစားကွင်းထဲကို ရောက်လာသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel လည်း ပါဝင်ပါတယ်။

“အမေရိကန်ပြည်ထောင်စုက အားကစားသမားတွေကိုယ်တိုင်လာပြီး ဒီနိုင်ငံက မတူညီတဲ့ နောက်ခံ အသီးသီး၊ အသိုင်းအဝိုင်းမျိုးစုံက လာကြတဲ့ လူငယ်တွေ၊ နည်းပြတွေ၊ အားကစားသမားတွေနဲ့ အတူ အခုလို လက်တွဲ လေ့ကျင့်နေတာ မြင်ရတော့ ကျနော့အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ နည်းပြ သင်တန်းပေးတယ် ဆိုတာထက် မတူညီတဲ့နောက်ခံနဲ့ အသိုင်းအဝိုင်းတွေက ရောက်လာကြသူတွေ ကို ပေါင်းစည်းနိုင်အောင်၊ လက်တွဲအလုပ်လုပ်နိုင်အောင် အခွင့်အလမ်းတခု ပေးလိုက်တာပါ။ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို မြှင့်တင်ပြီး ကျားမ တန်းတူညီမျှရေးကို အားပေးနိုင်ဖို့ဆိုတာလည်း ဒီ အစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။”

ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် သင်တန်းပေးလေ့ကျင့်တာဖြစ်ပါတယ်။ ဒီသင်တန်းနဲ့ တပုံစံတည်း မဟုတ်ရင်တောင် လူတွေကို အတူတကွ ဆုံစည်းပေးနိုင်မယ့် အလားတူ အစီအစဉ်တွေ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ သံအမတ်ကြီး Soct Marciel က ပြောပါတယ်။

ဘောလုံးသင်တန်းမှာ အထက်တန်းကျောင်း ကျောင်းသူကျောင်းသားတချို့လည်း ပါဝင်ပါတယ်။ သင်တန်း နည်းပြတဦးဖြစ်တဲ့ မခင်ထက်ထက်နိုင်ကတော့ သင်တန်းအခြေအနေကို အခုလိုပြောပြပါတယ်။

“အခုဟာပေါ့နော် ဒီဘောလုံးနည်းပညာနဲ့အပါအဝင် အခုက ဘောလုံးရော လူနေမှုအဆင့်အတန်း ခုနေထိုင်တဲ့လူနေမှုပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်ရမယ် ကျား၊မ တန်းတူညီမျှရေးဆိုတဲ့ အကြောင်းအရာရယ် ပြီးတော့ respect တစ်ယောက်နဲ့တစ်ယောက်တဦးနဲ့ တဦးလေးစားရမယ်ဆိုတာ အခြေခံပြီးတော့ ဒီဘောလုံးနဲ့တွဲပြီးတော့ လေ့ကျင့်ဖို့စဉ်းစားထားပါတယ်။”

ဘောလုံး သင်တန်းနည်းပြတွေထဲမှာ အမေရိကန်ပြည်ထောင်စုက ရောက်လာတဲ့ Donny Mark လည်း ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကလေးငယ်တွေနဲ့ မြန်မာကလေး ငယ်တွေအကြား ကွားခြားချက် ဘာသတိထားမိ သလဲလို့ Donny ကို VOA က မေးပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်တွေက နေ့စဉ် ဘောလုံးကစားဖို့ အခွင့်အရေး ရတယ် ဆိုတာက စနစ်တကျ လေ့ကျင့်သင်ပေးတဲ့ ပတ်ဝန်းကျင်မှာ ကစားနိုင်ကြတာပါ။ ဒီမှာက နေ့စဉ် ကစားခွင့်ရတယ် ဆိုရင်တောင် သင်တန်းကနေ စနစ်တကျ လေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်မျိုးမှာ အမြဲတမ်း မဖြစ်နိုင်ပါဘူး။ ဒီက ကလေးတွေ အချင်းအချင်းကြား အပြန်အလှန် ဆက်သွယ်မှု၊ သတင်းအချက်အလက်ဖလှယ်တာ၊ သင်ယူတာတွေဟာ ကျနောတိုနဲ့ မတူပါဘူး၊ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။”

လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့အတူတူကစားရင်း အပြန်အလှန်သင်ယူရတဲ့ မြန်မာနိုင်ငံက ကလေးတွေထဲမှာ ဘောလုံး ထူးချွန်တဲ့သူတွေ အများအပြားရှိနေတာကို တွေ့ရတာကိုလည်း Donny က ပြောပါတယ်။ ဘောလုံးကစားနည်း သင်တန်းကို အဓိက သင်ကြားပေးတဲ့ Kids Play International (KPI) အဖွဲ့ဟာ တောင်အာဖရိကတိုက် ရာဝမ်ဒါနိုင်ငံမှာ ကလေးငယ်တွေကို နှစ်ပေါက် လေ့ကျင့်ပေးတဲ့အစီအစဉ်တွေချ ကူညီခဲ့တာ ရှစ်နှစ်ရှိပါပြီ။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း အလားတူ အစီအစဉ်တွေ ချပြီး ကလေးငယ်တွေကို ဘောလုံးကစားနည်းပညာတွေ သင်ကြားပို့ချပေးပါတယ်။

KPI အဖွဲ့ရဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာန ပညာရေးနဲ့ ယဉ်ကျေးမှု ဗျူရို အားကစားဆိုင်ရာ သံတမန်ဌာနခွဲကလည်း ကူညီပံ့ပိုးပေးပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG