သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂိုလန်ဒေသ တိုက်ခိုက်ခံရမှုကြောင့် အစ္စရေးကလေးနဲ့ ဆယ်ကျော်သက် ၁၂ ယောက် သေဆုံး


ဂိုလန်ဒေသက ဘောလုံးကွင်းထဲမှာ ရော့ကတ်ဒုံး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြသူများအား အစ္စရေး ကယ်ဆယ်ရေးအဖွဲ့ ကူညီလုပ်ဆောင်ပေးနေ
ဂိုလန်ဒေသက ဘောလုံးကွင်းထဲမှာ ရော့ကတ်ဒုံး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြသူများအား အစ္စရေး ကယ်ဆယ်ရေးအဖွဲ့ ကူညီလုပ်ဆောင်ပေးနေ

အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ဒေသက ဘောလုံးကွင်းထဲမှာ ကလေးနဲ့ ဆယ်ကျော်သက် ၁၂ ယောက် သေဆုံးခဲ့တဲ့ ရော့ကတ်ဒုံးနဲ့ တိုက်ခိုက်မှုဟာ လက်ဘနွန်နိုင်ငံက Hezbollah တွေရဲ့ လက်ချက်အဖြစ် စွပ်စွဲလိုက်ပြီး အစ္စရေးက အပြင်းအထန် လက်တုံ့ပြန်မယ့်အကြောင်း ပြောလိုက်ပါတယ်။

အီရန် အားပေးထောက်ခံထားတဲ့ ဟတ်ဇ်ဘူလာအဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဂါဇာဒေသက ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း အခုနောက်ဆုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေးနယ်မြေမှာ အသေအပျောက် အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ စစ်ပွဲတွေ ပေါ်ပေါက်ခဲ့ရသလို ဟတ်ဇ်ဘူလာတွေနဲ့ လက်ဘနွန်နယ်စပ်မှာ တိုက်ပွဲတွေအပါအဝင် ပဋိပက္ခတွေလည်း ကျယ်ပြန့်လာနေတာပါ။ အမေရိကန် ခရီးစဉ်ကနေ ဒီကနေ့ ပြန်ရောက်လာမယ့် ဝန်ကြီးချုပ် Benjamin Netanyahu ဟာ လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း အစ္စရေး သိမ်းပိုက်ခဲ့တဲ့ ဂိုလန်ကုန်းမြင့် Majdal Shams အရပ်က Druze ရွာက သေဆုံးသူတွေအတွက် ဈာပနကိုလည်း မိသားစုဝင်တွေ စီစဉ်နေကြတာပါ။ ဂိုလန်ကုန်းမြင့်ကို အစ္စရေးသိမ်းပိုက်ခဲ့တာကို နိုင်ငံတော်တော်များများကတော့ အသိအမှတ်ပြု လက်ခံမထားကြပါဘူး။

Forum

XS
SM
MD
LG