သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် ကွယ်လွန်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် ကွယ်လွန်
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် ကွယ်လွန်

လျှို့ဝှက်မှုတွေနဲ့ပြည့်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် (Kim Jong Il) ဟာ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ကျန် အာဏာရှင်တွေထဲက တဦးဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရုတ်တရက် ကွယ်လွန်သွားတဲ့အပေါ် အမြင်တွေနဲ့ နိုင်ငံတချို့ရဲ့ တုန့်ပြန်ချက် တွေအကြောင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Stephanie Ho သတင်း ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ရုပ်မြင်သံကြား သတင်းကြေညာသူက ကင်မ် ဂျုံ အီလ် ကွယ်လွန်သွားတဲ့ သတင်းကို တနင်္လာနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ မျက်ရည်တွေကျရင်း ငိုသံနဲ့ ကြေညာသွားခဲ့ပါတယ်။

မစ္စတာကင်မ်ဟာ စနေနေ့က ကွယ်လွန်သွားခဲ့ပြီး ရုပ်မြင်သံကြားကနေကြေညာသူရဲ့ စကားအရ စိတ်ပိုင်း ရုပ်ပိုင်း ပင်ပန်း နွမ်းနယ်လွန်းတဲ့အတွက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ သူတို့အခေါ်အားဖြင့် စစ်ဆေးရေးခရီးစဉ်တခုသွားရင်း ရထားပေါ်မှာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး ကွယ်လွန်သွားခဲ့တာလို့ တရားဝင်ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ သူ့အသက်ကိုကယ်တင်ဖို့ လုပ်နိုင်ခြေ ရှိသမျှအားလုံး လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပေမဲ့ တနင်္ဂနွေနေ့ က ရင်ခွဲစစ်ဆေးပြီးတဲ့နောက်မှာတော့ သေဆုံးရခြင်း အကြောင်းရင်းကို အတည်ပြုခဲ့တာပါ။

မစ္စတာကင်မ်ဟာ ၂၀၀၈ ခုနှစ်တုန်းက လေဖြတ်ခဲ့တယ်လို့ ယုံကြည်ထားကြပြီး မကြာသေးခင်ကထွက်ခဲ့တဲ့ ဓာတ်ပုံ အနည်းအကျဉ်းထဲမှာတောင်မှပဲ သိသိသာသာကြီးကို ကျုံလှီ ဖျော့လျော့နေတာကို တွေ့ခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံတခုဖြစ်ပြီး ခုချိန်ထိတော့ သားစဉ်မြေးဆက် အာဏာဆက်ခံတဲ့စနစ်ကို ကျင့်သုံးနေဆဲပါပဲ။ မစ္စတာကင်မ်ဟာ ၁၉၉၄ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူ ကင်မ် အီလ် ဆွန်းဂ် ဆီကနေ နိုင်ငံခေါင်းဆောင်အမွေ ကိုဆက်ခံခဲ့တာပါ။ သူ့အလှည့်ကျတော့လည်း သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သားအငယ်ဆုံးဖြစ်တဲ့ ကင်မ် ဂျုံ အွန်း (Kim Jong Un) ကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလကတည်းက ကြေညာထားခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ပီကင်းတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဇူ ဖန်းဂ် (Zhu Feng) က မစ္စတာကင်မ် ကွယ်လွန်သွားတဲ့အပေါ် အံ့သြဖွယ်ပါပဲလို့ ဆိုပါတယ်။

“မြောက်ကိုရီးယားနိုင်ငံဟာ မအောင်မမြင်နဲ့ ကျဆုံးနေတဲ့ နိုင်ငံတခုသာ မကပါဘူး၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့အတွက် အန္တရာယ်ကြီးတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ခေါင်းဆောင်ကြီး ရုတ်တရက် ကွယ်လွန်သွားတာက စိုးရိမ်ပူပန်မှုတွေ၊ မရေရာမသေချာမှုတွေ အကြီးအကျယ်ဖြစ်စေပြီး မတည်မငြိမ်တောင်မှ ဖြစ်သွားနိုင်ပါတယ်။”

မစ္စတာကင်မ် ကွယ်လွန်သွားပြီလို့ ကြေညာခဲ့အပြီး ချက်ခြင်းလိုပဲ တောင်ကိုရီးယားနိုင်ငံက သူ့ရဲ့စစ်တပ်ကို တပ်လှန့်ထားလိုက်ပြီးတော့ သမ္မတ အီလ် မြောင်ဂ်-ဘာ့က် က နိုင်ငံတော်လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) ကို မစ္စတာကင်မ် ကွယ်လွန် သွားတဲ့သတင်း အကြောင်းကြား အသိပေးထားပြီးပြီဖြစ်ပြီး အမေရိကန်တာဝန်ရှိသူတွေဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် လုပ်ဆောင်နေတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

ကင်မ် ဂျုံ အီလ် ကွယ်လွန်သွားတဲ့သတင်းကြောင့် စိုးရိမ်ပူပန်မိပြီး မြောက်ကိုရီးယားလူထုအတွက် ဝမ်းနည်း ကြေကွဲရပါကြောင်း တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံကို မြောက်ကိုရီးယားရဲ့ အနီးဆုံးမဟာမိတ်နဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံအဖြစ် မြင်ထားကြတာပါ။

သူတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုဟာ “နှုတ်ခမ်းနဲ့သွား” တွေလောက်အထိကို နီးစပ်တဲ့ဆက်ဆံရေး အဖြစ် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့က အစဉ်အလာအားဖြင့် ပုံဖော် ပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ကင်မ် ဂျုံ အီလ်နဲ့ ပတ်သက်လို့ တရုတ်ခေါင်းဆောင်တွေမှာ ခံစားချက် အရောရော အထွေးထွေးရှိခဲ့တယ်လို့ ပီကင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာ ပါမောက္ခ ဇူက ပြောပါတယ်။

“တဘက်မှာတော့ သူဟာ အာဏာရှင်တယောက်ဖြစ်ပြီး သူ့တိုင်းပြည်ကို ဆက် အုပ်ချုပ်သွားခဲ့တာပါပဲ။ တခြား တဘက်မှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ တည်ငြိမ်နေတယ်ဆိုပေမဲ့ နိုင်ငံတကာမှာ သူ့လုပ်ရပ်က ထိပ်တိုက် ရင်ဆိုင်နေတယ်လို့လည်း သူ့အုပ်ချုပ်ရေးအပေါ် ကျနော်တို့က မြင်ပါတယ်။”

ကင်မ်ရဲ့ နျူကလီးယားဆိုင်ရာ ရည်မှန်းချက်တွေအပေါ် တရုတ်ခေါင်းဆောင်တွေက စိုးရိမ်ပူပန်မှု အဖြစ်ဆုံး ပဲလို့လည်း ပါမောက္ခ ဇူက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က လက်ကျန် ကွန်မြူနစ်ငါးနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ဖြစ်ပါတယ်။ အဲဒီထဲမှာမှ အစိုးရက လုံး၀ ထိန်းချုပ်ထားလုနီးပါး၊ နိုင်ငံကစီမံခန့်ခွဲတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့ ကွန်မြူနစ် နှစ်နိုင်ငံထဲမှာ ပါဝင်ပါတယ်။ နောက်တနိုင်ငံကတော့ ကျူးဘားပါ။

မစ္စတာကင်မ်အတွက် နိုင်ငံတော်ဈာပနကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ်လို့ မြောက်ကိုရီးယားက ကြေညာထားပါတယ်။ သူ့ရဲ့သားအငယ်ဆုံးဖြစ်ပြီး သူ့ရဲ့ အာဏာအရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ထားတဲ့ ကင်မ် ဂျုံ-အွန်းကို ဈာပနအခမ်းအနားကျင်းပရေးကော်မတီရဲ့ အကြီးအကဲအဖြစ် ကြေညာထားပါတယ်။

XS
SM
MD
LG