မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး ဟာ သူ့ရဲ့ လျှို့ဝှက်တဲ့ တရုတ်နိုင်ငံ ၃ ရက်ခရီးစဉ် ပြီးဆုံးတာမို့ မြောက်ကိုရီးယားနိုင်ငံကို ပြန်နေပြီလို့ ကိုရီးယားနဲ့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ တင်ဆောင်ထားတဲ့ အထူးရထားဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျင်လင်း ခရိုင်က ချန်ချွန်း မြို့ကနေ စနေနေ့နှောင်းပိုင်းမှာ ထွက်ခွာသွားပြီလို့ ကျိုဒို သတင်းမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယား ယုံဟက် သတင်းမှာတော့ ဒီရထားကို နောက်ပိုင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ်နားမှာ ခြေရာခံမိတယ်လို့ ဆိုပါတယ်။
စနေနေ့အစောပိုင်းမှာတော့ မစ္စတာ ကင်မ်ဟာ ချန်ချွန်းမြို့ပြင်က နိုင်ငံတကာ စိုက်ပျိုးရေး ပြခန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ မစ္စတာ ကင်မ်ရဲ့ ဒီနှစ်အတွင်း တရုတ်ပြည်ကို ဒုတိယအကြိမ် သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကရော မြောက်ကိုရီးယား အစိုးရ သတင်းဌာနတွေမှာပါ သေသေချာချာ မဖော်ပြကြပါဘူး။
မစ္စတာ ကင်မ်ဟာ တရုတ်သမ္မတ ဟူးကျင်းတောင် နဲ့ သောကြာနေ့က တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်ပြတဲ့ သံတမန် သတင်းရပ်ကွက်က ကိုးကားပြီး တောင်ကိုရီးယား သတင်းတွေမှာ ရေးပါတယ်။ မစ္စတာ ကင်မ်ရဲ့ အထွေးဆုံးသား ကင်ဂျုံအမ်း ကို သူ့အရိုက်အရာ ဆက်ခံမယ့်သူအဖြစ် မိတ်ဆက်တဲ့အနေနဲ့ သူနဲ့အတူ တပါတည်း ခေါ်ဆောင်သွားတာလို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။