သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un ရက် ၄၀ ကျော်မှာ ပထမဆုံး လူထုရှေ့မှောက်ထွက်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ရက်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အများပြည်သူ မြင်ကွင်းကို ထွက်လာခဲ့ပါတယ်။

လူနေရပ်ကွက်တခုနဲ့ သိပ္ပံဌာနတခုကို ကွင်းဆင်းသွားရောက်ပြီး ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရပိုင် သတင်းဌာန KCNA ကကြေညာပါတယ်။ အခုလို Kim Jong Un အပြင်ကို ထွက်လာခဲ့တာကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ အာဏာ ဆက်လက်ချုပ်ကိုင်ထားမှုတွေအပေါ် အမျိုးမျိုး ခန့်မှန်း ပြောဆိုနေတာတွေကို အဆုံးသပ်သွားစေပါတယ်။

Kim Jong Un ရဲ့သတင်းကို အင်္ဂါနေ့မှာ ကြေညာသွားတာဖြစ်ပေမယ့် သူသွားရောက်တဲ့ခဲ့တာ ဘယ်နေ့ကလဲဆိုတာတော့ ပြောမသွားပါဘူး။

သူ့ရဲ့ဖခင်ဖြစ်တဲ့ Kim Jong Ii ရဲ့ အရိုက်အရာကို ၂၀၁၁ ခုနှစ်က ဆက်ခံခဲ့တဲ့ Kim Jong Un ကို နောက်ဆုံးအဖြစ် စက်တင်ဘာလ ၃ ရက်နေ့က မြင်တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက သူ အနှစ်သက်ဆုံးဖြစ်တဲ့ Moranbong အမည်ရှိ Pop တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂီတအဖွဲ့ဟာ အမျိုးသမီးငယ် ၅ ယောက် ပါဝင်သီဆိုတာဖြစ်ပြီး အားလုံးကို Kim Jong Un ကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ နှောင်းပိုင်း မြောက်ကိုရီးယား လွှတ်တော် ခေါ်ယူကျင်းပရာမှာ Kim Jong Un မတက်ရောက်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်လကျော်က Kim Jong Un ဟာ သူ့ရဲ့အဖိုး တိုင်းပြည်ကိုတည်ထောင်ခဲ့သူ Kim Ii Sung ကွယ်လွန်တဲ့ နှစ် ၂၀ ပြည့်အခမ်းအနားကို အားနည်းပြီး ထော့နဲ့ထော့နဲ့ပုံစံနဲ့ တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူဘာကြောင့် အများပြည်သူ မြင်ကွင်းကနေ ရက်အတန်ကြာ ပျောက်နေရသလဲဆိုတာလည်း အင်္ဂါနေ့ သတင်းမှာ ပြောသွားခြင်း မရှိပါဘူး။

XS
SM
MD
LG