သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးသမိုင်းသစ်စတင်


ရန်လို တိုက်ခိုက်ခဲ့သူတွေအကြား အမှန်တကယ်ပဲ မိတ်ဆွေအဖြစ် လက်တွဲနိုင်တယ်ဆိုတာကို သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီဆိုပြီး အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံအပြီး ဒီကနေ့ စကာၤပူမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းသစ် စဖို့ ပြင်ဆင်နေပြီလို့ ပြောဆိုသွားတဲ့တချိန်တည်းမှာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေက နျုကလီးယားဖျက်သိမ်းရေးပြီးရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိက ဦးစာပေး ဆွေးနွေးမယ့် ကိစ္စ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ မခင်ဖြူထွေးက ကောက်နုတ်တင်ပြပါလိမ့်မယ်။

အမေရိကန်ပြည်သူတွေကိုယ်စား ငြိမ်းချမ်းမျှော်လင့်ချက်၊ ရည်မှန်းချက်နဲ့ သတင်းစကားတွေ ပါးချင်ပါတယ်ဆိုပြီး အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယား ဥက္ကဋ္ဌ Kim Jong Un နဲ့ တွေ့ဆုံတဲ့ သမိုင်းဝင် ဆွေးနွေးပွဲကြီးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ သူ့တိုင်းပြည်က ပြည်သူတွေရဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် ဦးတည်ပြီး ရဲရင့်တဲ့ ပထမဆုံး ခြေလှမ်းတွေ လှမ်းခဲ့သူလို့ သမ္မတ Trump က ပြောဆိုသွားပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့လည်းသမိုင်းသစ်ကို စဖို့ ကျနော်တို့ ပြင်ဆင်ထားသလို၊ နှစ်နိုင်ငံအကြား စာမျက်နှာသစ်ကို ရေးဖို့လည်း ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ နှစ်ပေါင်း ၇၀ နီးပါးကို ပြန်ကြည့်ရင်၊ တွေးကြည့်ရင် ကိုရီးယားကျွန်းဆွယ်မှာ တောက်လောင်ခဲ့တဲ့ အလွန်အကျွံ သွေးထွက်သံယို ပဋိပက္ခတွေကြားမှာ ရဲရင့်တဲ့ ထောင်သောင်းနဲ့ချီတဲ့ အမေရိကန်တေေွ အပါအဝင် မရေမတွက်နိုင်တဲ့သူတွေ သေဆုံးခဲ့ကြပါတယ်။ စစ်ပြေငြိမ်းရေးအတွက် သဘောတူညီချက် မရသေးသလို၊ စစ်က ဘယ်တော့မှ အဆုံးမသတ်ခဲ့ပါဘူး။ အဆုံးသတ်တဲ့နေ့ကို မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီ စစ်ပွဲ မကြာခင် အဆုံးသတ်မယ်လို့ မျှော်လင့်ပါတယ်။ မကြာခင် အဆုံးသတ်ပါလိမ့်မယ်။ အတိတ်ဟာ အနာဂတ်ကို ပုံဖေါ် အဓိပ္ပါယ်ဖွင့်လို့ မရပါဘူး။ မနေ့က ပဋိပက္ခတွေကြောင့် မနက်ဖြန်ရဲ့ စစ်ကို အဖြစ်ခံလို့ မရပါဘူး။ ရန်လိုတိုက်ခိုက်ခဲ့သူတွေအကြား တကယ်ပဲ မိတ်ဆွေတွေ ဖြစ်နိုင်တယ်ဆိုတာကို သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီ။

နျုကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အခိုင်အမာလုပ်ဆောင်ဖို့ Kim Jong Un ဘက်က ကတိပေးထားသလို ဒီလို ဖျက်သိမ်းရေးမှာ ကတိကဝတ်နဲ့အညီ ဆောင်ရွက်သွာရေးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတ Trump က သတင်းထောက်တွေကို ပြောဆိုပါတယ်။ နျုကလီးယာလက်နက် ဖျက်သိမ်းလိုက်တဲ့အတွက် မြောက်ကိုရီးယားဘက်က နိုင်ငံတကာနဲ့ ကူးသန်းရောင်းဝင်ခွင့်၊ ကုန်သွယ်ခွင့်တွေနဲ့အတူ ပြည်သူတွေရဲ့ ချမ်းသာကြွယ်ဝဖို့ အခွင့်အလမ်းတွေကို ရရှိသွားမယ်လို့ သူက အလေးအနက် ပြောဆိုပါတယ်။

နျုကလီးယား လက်နက်ကို စွန့်ပစ်ပစ်ပြီး ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေလုပ်မယ်။ ကျန်တဲ့ ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံတဲ့ အတွက် မြောက်ကိုရီးယားဘက်က ပြန်ရနိုင်တာတွေက အကန့်အသတ်မရှိပါဘူး။ ဥက္ကဋ္ဌ Kim အနေနဲ့ အရင်က လူတွေ မရခဲ့ဘူးတဲ့ အခွင့်အလမ်းတွေကို ရရှိနေပါတယ်။ ကြီးမြတ်တဲ့ လုံခြုံရေး ခေတ်သစ်တခုကို တည်ဆောင်နိုင်ပြီး သူ့ပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာအောင် လုပ်နိုင်တဲ့ ခေါင်းဆောင်တယောက်အနေနဲ့ သမိုင်းမှာ မှတ်တမ်းတင်ကြမှာပါ။ ဥက္ကဋ္ဌ Kim နဲ့ ကျနော်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့အတိုင်း ကိုရီးယား ကျွန်းဆွယ် နျုကလီးယားလက်နက် ဖျက်သိမ်းရေးကို ခိုင်ခိုင်မာမာ မပြောင်းလဲဘဲ လုပ်ဆောင်မယ်လို့ သူ့ဘက်က ကတိပြုထားပါတယ်။ ဒီသဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ဖို့လည်း ကျနော်တို့ အကြီးအကျယ် ညှိ့နိုင်းခဲ့ကြပါတယ်။

ကင်ဂျုံအွန်းနဲ့ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးအခြေအနေ၊ ပြည်သူတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကို ဆွေးနွေးဖြစ်မဖြစ် သတင်းထောက်တွေက သမ္မတ Donald Trump ကို မေးခဲ့ကြပါတယ်။ သမ္မတ Trump က လူ့အခွင့်အရေး ကိစ္စက နျုကလီးယားဖျက်သိမ်းရေးပြီးရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိက ဦးစာပေး ဆွေးနွေးမယ့် ကိစ္စ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားပါတယ်။ တောင်ကိုရီးယားမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဆက်ပြီး ထားတဲ့ တချိန်တည်းမှာ အကုန်အကျများတဲ့ စစ်ရေးအရ ယှဉ်ပြိုင်တဲ့ လေ့ကျင့်မှုတွေကိုတော့ ဆက်လက်လုပ်ဆောင်မှာ မဟုတ်ဘူးဆိုပြီ းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြောက်ကိုရီးယားဘက်က နျုကလီးယားလက်နက်တွေ ဖျက်သိမ်းပစ်တဲ့အထိ၊ အရေးယူပိတ်ဆို့မှုတွေ ဆက်ပြီး ပြဌာန်းထားမယ်လို့လည်း သမ္မတ Trump က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG