သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဌာနချုပ် လိုင်ဇာမြို့အနီးကို လက်နက်ကြီးတွေနဲ့  စစ်ကောင်စီ တိုက်ခိုက်နေ


KIA/KIO ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ (အောက်တိုဘာ ၃၁၊ ၂၀၁၃)
KIA/KIO ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ (အောက်တိုဘာ ၃၁၊ ၂၀၁၃)

[[Zawgyi/Unicode]]

အခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာရှိသလို ဝိုင်းမော်မြို့နယ် ကန်တောင်ယန်ရွာဘက်မှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေတယ်လို့ KIA ဘက်က ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ကချင်ပြည်နယ်ကအခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်မြန်မာနယ်စပ်မှာတည်ရှိတဲ့ ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့ကို စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်မှုပေါင်း ၁၀ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း လိုင်ဇာဒေသခံအမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

“ ၁၉ ရက်နေ့ ၃ နာရီလောက် ဆုတောင်းတောင်နဲ့ ဗိုလ်လောင်းကျောင်းအနီးနဲ့ ဂေါ်ရခါးတပ်ဘက်တွေ လက်နက်ကြီး ၁၂ ချက် ပစ်ခတ်ပါတယ်။ အထိအခိုက် ဘာမှ မကြားရဘူးရှင့်။”

လိုင်ဇာမြို့အထက်ဘက် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ဗန်းမော်လမ်းက ကန်တောင်ယန်ကျေးရွာမှာလည်း ဒီလ ၁၇ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ၁၇ ရက်ညနေ ကန်တောင်ဘက် သံကျောက်တူးတဲ့နေရာ အဲဒီဘက်မှာ ညနေ ၃ နာရီကျော်လောက် လေယာဉ်နဲ့ ဗုံးလာကြဲတာ။ ၂ ကြိမ်လာကြဲသွားပါတယ်ရှင့်။”

ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်အခြေစိုက် KIA တပ်မဟာ ၈ ရဲ့ တပ်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

KIO ဌာနချုပ် လိုင်ဇာဘက်ကို လက်နက်ကြီးပစ်ခတ်တဲ့အခြေအနေကိုတော့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို အတည်ပြုပါတယ်။

“ မနေ့က ၃ နာရီကျော်အချိန်။ ၃ နာရီ မိနစ် ၂၀ ကျော်အချိန်လားမသိဘူး။ အဲဒီအချိန်မှာ ကျနော်တို့ လိုင်ဇာဌာနချုပ်နဲ့ သိပ်မဝေးတဲ့နေရာပေါ့နော်။ သူတို့ရဲ့ဗျူဟာရုံးစိုက်တဲ့ ဘွမ်ရွယ်တောင်ကနေ လက်နက်ကြီးနဲ့ပစ်တာ ရှိပါတယ်ခင်ဗျ။ အတိအကျတော့ မသိဘူး။ အဲဒီအချိန်က အဲဒီအနီးတဝိုက်မှာ ကျနော် မရှိလို့လေ။ ၁၀ ကြိမ်လောက်တော့ ပစ်လောက်တယ်။ ၃ နေရာလောက်တော့ ကျတယ်လို့တော့ ပြည်သူလူထုတွေ ပြောတာကတော့ ကြားပါတယ်။”

လက်နက်ကြီးကျည်ကျပေမဲ့ လူအထိအခိုက်မရှိကြောင်း ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့နဲ့ ၁၉ ရက်နေ့ည ၁၂ နာရီလောက်မှာ ဝိုင်းမော်မြို့နယ် ကန်တောင်ယန်ကျေးရွာအနီး လေယာဉ်နဲ့ဗုံးကြဲတဲ့သတင်းရရှိပေမဲ့ မိုးညှင်းမြို့နယ်ဘက် လေကြောင်းက တိုက်ခိုက်တဲ့သတင်းကိုတော့ စုံစမ်းဆဲ ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုမြင့်တက်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“ခုတလောကတော့ ကျနော်တို့ ကချင်ပြည်နယ်ဘက်မှာက တင်းမာတယ်လို့ ပြောလို့ ရတာပေါ့။ ခုနက ပြောသလိုပေ့ါ။ လေယာဉ်ပျံနဲ့လည်း လာဗုံးကြဲတာတွေ ရှိတယ်။ နောက် လက်နက်ကြီး နဲ့ လှမ်းပစ်တာတွေလည်း ရှိတာပေါ့နော။ နောက် ဟို ဖားကန့်ဘက်မှာလည်း တော်တော်များများလှုပ်ရှားတာတွေ တွေ့ရပါတယ်။ ဆိုတော့ ကျနော်တို့ ကချင်ပြည်နယ်မှာလည်း စစ်ရေးအခြေအနေကတော့ တင်းမာတယ်လို့ ပြောလို့ ရပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကလည်း စစ်ကောင်စီက လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလို စစ်လေယာဉ် ပျံဝဲတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ဟာ အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပြီး နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာနေချိန်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================
















XS
SM
MD
LG