သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း


ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း
ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း

ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဟာ ပြည်သူ့စစ် ဖွဲ့စည်းရေးမှာ ကချင်လူထုတရပ်လုံး ပါဝင်ပြီး တာဝန်ထမ်းဆောင်သွားဖို့အတွက် ပြောဆိုခဲ့ရာမှာ ကချင်လူထု အများစုက လက်ခံနေကြပါတယ်။ မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ အသက်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်မှာ အမှုထမ်းဆောင်နေရမယ့် အတူတူ မိမိရဲ့ လူမျိုးအတွက် ထမ်းဆောင်ဖို့ကိုပဲ ပိုပြီး စိတ်ဆန္ဒ ပြင်းပြနေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

တိုင်းပြည်ကို စည်းလုံးညီညွတ်စွာ ကာကွယ်နိုင်ဖို့ ဆိုရာမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) နဲ့အတူ လူထုတရပ်လုံး ပါဝင်နိုင်အောင် ပြည်သူ့စစ် ဖွဲ့စည်းရေးဆိုတဲ့ KIA တိုက်တွန်းချက်ကို ကချင်လူထုက လက်ခံလာကြတာပါ။

ကချင်လွတ်မြောက်ရေးတပ် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်နဲ့ နယ်ဘက် အထွေထွေ အုပ်ချုပ်ရေးဌာန တာဝန်ခံ လဂျောင်ခေါင်လွဏ်းတို့က တနင်္လာနေ့ကမှ တရားဝင် ပြောဆိုခဲ့တဲ့ အပေါ်မှာ အများစုက လက်ခံခဲ့တာလို့ လိုင်ဇာဒေသခံ တယောက်က အခုလို ပြောပါတယ်။

“နအဖဘက်က ပြည်သူတွေ မကြိုက်တဲ့ အစိုးရဆီမှာ အမှုထမ်းမလား၊ ကိုယ့်ရဲ့အမျိုးသားပေါ်မှာပဲ အမှုထမ်းမလား ဆိုပြီးတော့ အပေါ်ယံသဘောပေါ့နော် အဲလိုမျိုးတော့ လမ်းခင်းပြတာပေါ့။ အဓိကအချက်တော့ လူထုတရပ်လုံး ပိုပြီးတော့ ပါဝင်နိုင်အောင်၊ အားလုံး စုစုစည်းစည်းနဲ့ တခါထဲ ပါဝင်နိုင်အောင် အင်အားကြီးမားတဲ့ အဖွဲ့အစည်းတခု ဖြစ်အောင်ပေါ့၊ အဲဒီလို ရည်ရွယ်ပြီးတော့ လုပ်တယ်လို့တော့ ပြောတယ်။ အဲဒီအဖွဲ့ထဲမှာ အားလုံး ပါဝင်ရမယ် ဆိုတာကို တော်တော်များများက လက်ခံကြပါတယ်။ တကယ်လိုအပ်လို့ ကချင်တမျိုးသားလုံးအတွက် လိုအပ်လို့ လုပ်တယ်၊ တာဝန်ထမ်းဆောင်တယ် ဆိုတာ တော်တော်လေးတော့ သဘောပေါက်တာတော့ ရှိကြပါတယ်။”

KIO အနေနဲ့ ပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကို မူချမှတ်ထားခဲ့ပြီး ဖြစ်ပေမဲ့ စစ်အစိုးရနဲ့ တင်းမာမှု တစတစ ကြီးလာပြီး နောက်ပိုင်း မနှစ်ကစပြီးမှ တပ်မဟာ ၅ ဌာနချုပ်နေရာမှာ စတင် အကောင်အထည် ဖော်လာတာလို့ KIO အရာရှိတွေက ပြောပါတယ်။

အခုလို ပြည်သူ့စစ်တပ် ဖွဲ့စည်းတာကိုလည်း ကချင်လူထုက သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိသေးတာတွေ ရှိနေပြီး သဘောမတူတာတွေ ရှိခဲ့တဲ့အတွက် ဘယ်သူတွေက အမှုထမ်းဆောင်သင့်တယ် ဆိုတဲ့ အသေးစိတ်ကိုလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က ရှင်းပြခဲ့တယ်လို့ ဆက်ပြောပါတယ်။

“ပြည်သ့ူစစ် မဟာဗျူဟာ ဖော်ဆောင်ဖို့ပေါ့။ KIA အနေနဲ့ ဒေသခံပြည်သူတွေ အားလုံး ပါဝင်တဲ့ တော်လှန်ရေးဖြစ်ဖို့ အဲဒီအကြောင်းကို ပိုပြီး ရှင်းပြသွားတာပေါ့။ ပြည်သူတွေလည်း အားလုံး ပါဝင်ရမယ် ဆိုပြီးတော့ အဓိကအဖြစ်တော့ ပြည်သူတွေအားလုံး တချို့က နားမလည်တဲ့ဟာတွေ ရှိတယ်။ တချို့က ကောင်းကောင်းမသိဘဲနဲ့ လုပ်နေတဲ့ဟာ ရှိတယ်။ အဲဒါကြောင့် ပြည်သူတွေ နားလည်သွားအောင် အသေးစိတ် ပြန်ပြီးတော့ ရှင်းပြတာပေါ့။

“ပြည်သူ့စစ် အဖွဲ့ထဲမှာတော့ အရင်တုန်းက KIA တပ်ဖွဲ့ဝင်ဟောင်းတွေ၊ ပြီးတော့ ကျန်းမာရေးကောင်းတဲ့ တပ်ဖွဲ့ဝင်ဟောင်းနဲ့ အသက်ပြည့်ပြီးတဲ့ လူငယ်ပိုင်းတွေရော KIA တပ်ဖွဲ့နဲ့အတူ ၂၄ နာရီ တာဝန်ထမ်းဆောင်နိုင်တဲ့ အဆင့်ထိပေါ့၊ တကယ်လို့ အရေးကြုံလာရင် အဲလောက်ထိ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတယ်၊ သူတို့က။”

ကချင်လူထုတရပ်လုံး KIO နဲ့အတူ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တော်လှန်ရေး တိုက်ပွဲဝင်ဖို့ ဆိုပေမဲ့ တကယ်တမ်း တဘက်မှာတော့ စစ်အစိုးရနဲ့ မပြေလည်နေတာတွေကို နိုင်ငံရေးအရ အချင်းချင်း နာလည်မှုနဲ့ စားပွဲပေါ်မှာသာ ဆွေးနွေးလိုတာ ဖြစ်တယ်လို့ KIO နိုင်ငံခြားရေး ဒု-တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်က ဖရိုဖရဲ၊ ဟိုပြောဒီပြော ဖြစ်လာတဲ့အခါမှာ ကျနော်တို့က ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုကို လိုအပ်မယ် ဆိုတဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု ရရှိအောင် လုပ်ခြင်းသာ ဖြစ်တယ်။ ပြည်သူ့စစ်ဆိုတာက ဒါကို တိုက်ပွဲဝင်ဖို့ အင်မတန် အားကိုးလို့ မဟုတ်ပါဘူး။ သွားပြီးတော့မှ တိုက်ပွဲဝင်ဖို့၊ ဘယ်သူနဲ့ တိုက်ပွဲဝင်ဖို့ ကျနော်တို့ အာရုံစူးစိုက်တာ မဟုတ်ပါဘူး။ အခု KIO တွေ လက်နက်ကိုင်ခြင်းဟာ ကိုယ့်အမျိုးတွေ၊ ကိုယ့်လူမျိုးစုတွေ သော်လည်းကောင်း၊ တိုင်းပြည်က လူတွေသော်လည်းကောင်း ရသင့်ရထိုက်တဲ့ အခွင့်အရေး မရရှိလို့သာလည်း ရလိုရငြား ဆိုပြီးတော့မှ ကိုယ်ထူကိုယ်ထ လုပ်ခြင်းသာ ဖြစ်တယ်။ အဲဒီဟာသာ ရလိုက်တယ်ဆိုရင် ဒါတွေဟာ လုံးဝရှိတော့မှာ မဟုတ်ဘူး။ ဒါက မုချပဲ။”

အခုချိန် နှစ်ဘက် တင်းမာနေဆဲ အခြေအနေအရ နိုင်ငံရေးနဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ လူထုတော်လှန်ရေး ဖြစ်တဲ့အားလျော်စွာ ကချင်တိုင်းရင်းသားထုများ အားလုံး ပြည်သူ့စစ်တပ် ဖွဲ့စည်းရေးမှာ ပါဝင်ဖို့အတွက် ဌာနချုပ် အရာရှိတွေက တိုက်တွန်းခဲ့ပါတယ်။

အခုလို မြန်မာစစ်တပ်နဲ့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေမှာ လူငယ်များ အဓိက ပါဝင်သင့်တယ်လို့လည်း ဒေသခံ မိဘများက ပြောဆိုနေကြပါတယ်။ အခုလို တိုက်တွန်းချက်တွေကို KIO က ဌာနချုပ် လိုင်ဇာမြို့က တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၁,၀၀၀ ကျော်ကို ခေါ်ယူရှင်းပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG