သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်


မြန်မာစစ်တပ်နဲ့ ကချင်သူပုန်တွေကြား တိုက်ပွဲသတင်းတွေကြောင့် နုနယ်သေးတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှုအတွက် ပြည်တွင်း မှာရော နိုင်ငံတကာအသိုင်းအဝိုင်းအတွင်းမှာပါ စိုးရိမ်မှုတွေ တိုးပွားလာစေပါ တယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟာလည်း ကချင်ပြည်နယ်တွင်း အခြေအနေမှန်ကို သိရှိနိုင်ရေး အတွက် ကချင် ပြည်နယ်ကို ပထမဆုံး အကြိမ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ တော်ကနေ ဗွီအိုအေ သတင်းထောက် Deniel Schearf ပေးပို့ထားတဲ့သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာအစိုးရတပ်တွေဟာ ရုရှားလုပ် စက်သေနတ်တင် ရဟတ် ယာဉ်တွေ အသုံးပြုပြီး တရုတ်နယ်စပ်အနီးမှာ အခြေစိုက်တဲ့ ကချင် လက်နက်ကိုင် တပ်တွေ ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ပြည်ပ အခြေစိုက် မြန်မာသတင်း ဌာနတွေ က ဖော်ပြခဲ့ကြပါတယ်။

အစိုးရတပ်တွေဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်စခန်းနဲ့ သိပ်မဝေးတဲ့ နေရာ အထိ လာ ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပြောခွင့်ရ ဦးလာနန် ပြောကြား ချက်ကို ကိုးကားပြီး ကချင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ခွဲ တစ်ခုက ကချင်လက်နက်ကိုင်တချို့နဲ့ တိုက်ခိုက်မှုတွေအတွင်း မြန်မာစစ်သား ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့ ဦးလာနန်က ပြောပါတယ်။

ဒီဒေသက ဝေးလံခေါင်သီပြီး မြန်မာအစိုးရကလည်း ဒီလို တိုက်ပွဲသတင်းတွေကို ထုတ်ပြန်မှု သိပ်မရှိလှတာကြောင့် သတင်းတွေကို အတည်ပြုချက်ရယူဖို့ကတော့ ခက်ခဲပါတယ်။

အရာရှိတွေက စစ်တပ်က ထိုးစစ်ဆင်နေတယ်ဆိုတာကို ငြင်းနေကြပေမယ့် တကယ်မှာတော့ အစိုးရ တပ်တွေက တိုက်ခိုက်နေပါတယ်လို့ လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဒေါ်ဒွဲဘူက ပြော ပါတယ်။

“လွှတ်တော်မှာ မေးမြန်းတဲ့အခါမှာလည်း တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ဖြေဆို သွားတာ ကတော့ သူတို့အနေနဲ့ သမ္မတကြီး ပြောတဲ့အတိုင်းပဲ ထိုးစစ်တွေမဆင်ပါဘူးလို့ လွှတ်တော်မှာ လာရောက်ဖြေဆိုသွားပါတယ်။ အဲလိုပဲ သမ္မတဘက်ကလည်း အောက်ခြေမှာ ဒီလိုမျိုးဖြစ်နေတာ တွေဟာ ပြင်းပြင်းထန်ထန် မဖြစ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အောက်ခြေက လူထုကိုယ်စား လှယ်တွေ အနေနဲ့ရော၊ လူထုတွေ အနေနဲ့ရော သိတာကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီ တပ်မတော်တွေသာ ကချင်ပြည်နယ်ဘက်ကို ထိုးစစ်လာ မဆင် လို့ရှိရင်တော့ ဒီပြဿနာတွေက ဖြစ်ပွားမှာ မဟုတ်ပါဘူး။”

ဦးမင်းဇော်ဦးကတော့ ရန်ကုန် အခြေစိုက် မြန်မာ ငြိမ်းချမ်းရေး စင်တာက အပစ်အခတ် ညှိနှိုင်းရေးနဲ့ အကောင်အထည်ဖော်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ စစ်တပ် ဘက်ကတော့ သူပုန်တွေက တိုက်ခိုက်တာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ လို့ ပြောဆိုနေကြောင်း သူက ပြောပါတယ်။

“ကချင်တွေဘက်က ပြီးခဲ့တဲ့နှစ်က စစ်တပ်ဘက်က သိမ်းယူလိုက်တဲ့ သူတို့ရဲ့ နယ်မြေ ကို ပြန်ရဖို့ တိုက်တာ ဖြစ်နိုင်ပါတယ်။ တချိန်တည်းမှာဘဲ မြန်မာ့ တပ်မတော်ဘက်ကလည်း ဒီဒေသတွင်း ထောက်ပံ့ရေးနဲ့ ဗျူဟာကျတဲ့ လမ်းမကြီးတွေကို ကာကွယ်ဖို့ တပ်အင်အားကို တိုးနေပါတယ်။”

အင်္ဂါနေ့တုန်းကတော့ ကချင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတစ်ခုကို KIA ဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ရပါတယ်။

KIA နဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေက အပစ်အခတ်ရပ်စဲထားတာ ၁၇ နှစ်တာ ကာလ နောက်ပိုင်း ပြီးခဲ့တဲ့နှစ်ဇွန်လက ပြန်ဖြစ်ခဲ့တာပါ။ မြန်မာအစိုးရက လက်နက်ကိုင် တိုင်းရင်းသား သူပုန်တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခဲ့ တာကလည်း တိုက်ပွဲတွေ ပြန်ဖြစ်စေခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ KIO တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတော်များများ လုပ်ခဲ့ပေမယ့်လည်း ဖြစ်ထွန်းမှုကတော့ သိပ်မရှိလှပါဘူး။ KIO ဘက်က အတိမ်းအစောင်း မခံတဲ့ ကိစ္စ တခုဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စကို ဆွေးနွေးချင်နေပေမယ့် အစိုးရ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကိုပဲ အာရုံစိုက် ဆွေးနွေးချင်နေတာပါ။

မြန်မာ ငြိမ်းချမ်းရေး စင်တာဘက်ကနေ နှစ်ဘက်စလုံးကို တပ်တွေရုပ်သိမ်းဖို့ တိုက်တွန်း ခဲ့ပေမယ့် KIO ဘက်ကတော့ မြန်မာအာဏာပိုင်တွေကို အယုံအကြည် မရှိဘူးလို့ ပြောဆို ထားပြီး ဆုံးဖြတ်ချက် ချခွင့်ရှိတဲ့ စစ်ဦးစီးချုပ်တယောက် စေလွှတ်ဖို့ဆိုတာကိုလည်း သဘောမတူ ဖြစ်နေပါတယ်။

တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေပေမယ့်လည်း အစိုးရ စစ်တပ်ဘက်က စိုးရိမ်မှုတချို့ရှိနေပြီး သူပုန်တွေကို အပြုတ်တိုက်မယ့်ပုံတော့ မရှိဘူးလို့ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါ တယ်။ လတ်တလော တိုက်ပွဲတွေက တဖက်နဲ့တဖက် စစ်ဆင်ရေး အကဲစမ်းမှုလုပ်တဲ့ ပွင့်လင်းရာသီနဲ့လည်း တိုက်ဆိုင်နေပါတယ်လို့ ဦးမင်းဇော်ဦးက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲဖို့ရာက နှစ်ဘက်လုံးအနေနဲ့ စွန့်စားရမှာ ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အနည်းဆုံးတော့ အချိန်သိပ်မကြာစေဘဲ တပ်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ ပြန်လည်နေရာ ချထားဖို့ လုပ်ကြရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အခုလို ပွင့်လင်းရာသီမှာ ပဋိပက္ခတွေ ပိုပြီး ဆိုးလာနိုင်ပါတယ်။”

အရပ်သားအစိုးရရဲ့ သမ္မတအဖြစ် ဦးသိန်းစိန် တာဝန်ယူလိုက်ချိန်ကစပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသား သွေးစည်းညီညွတ်မှုတွေကို ထိပ်တန်း ဦးစားပေးအဖြစ် အရေးယူ လုပ်ဆောင်ခဲ့ပါတယ်။

သူပုန်အဖွဲ့အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ လက်မှတ်ရေး ထိုးခဲ့သလို ထိုးစစ်ဆင်တာတွေကိုလည်း အဆုံးသတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် သမ္မတက စစ်တပ်ကို ထိန်းချုပ်မှုမရှိသေးတဲ့အပေါ်မှာတော့ စိုးရိမ်မှုတွေ တိုးလာပါတယ်။

ကုလသမဂ္ဂကတော့ KIA ထိန်းချုပ်ရာ ကယ်ဆယ်ရေး စခန်းတွေမှာ လူသားချင်းစာနာမှု အထောက် အပံ့တွေ ပေးခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အရင်တုန်းကတော့ အစိုးရက ဒီလို အထောက်အပံ့တွေကို အကန့်အသတ်နဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီလတွေအတွင်းမှာတော့ ဒေသ မအေးချမ်းတာကို အကြောင်းပြပြီး ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတဲ့ ကယ်ဆယ်ရေး စခန်းတွေကို အကူအညီပေးခွင့် ပိတ်ပင်ထားပါတယ်။

အစိုးရစစ်တပ်က သူပုန်တွေကို ထောက်ပံ့ရေး ဖြတ်တောက်ပြီး ဖိအားပေးချင်တာ ဖြစ်တယ် လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်ဟာလည်း နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို ဒီသီတင်းပတ်အတွင်း သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သူ့အနေနဲ့ ဇူလိုင်လက သံအမတ်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်ဟာ KIA ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်းတွေအပါအဝင် ကယ်ဆယ်ရေးစခန်းတွေဆီကို သွားရောက် ခဲ့ပြီး ဒေသခံ ခေါင်းဆောင်တွေနဲ့လည်း လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
XS
SM
MD
LG