သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ဆက်ဆွေးနွေးဖို့ အစိုးရနဲ့ KIO သဘောတူ


ဦးအောင်မင်း၊ စောမူတူးစေးဖိုး၊၊ ဗိုလ်မှူးချုပ် ဂွမ်မော် တို့ကို ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တွေ့ရစဉ် ဖေဖော်ဝါရီ ၄၊ ၂၀၁၃
ဦးအောင်မင်း၊ စောမူတူးစေးဖိုး၊၊ ဗိုလ်မှူးချုပ် ဂွမ်မော် တို့ကို ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တွေ့ရစဉ် ဖေဖော်ဝါရီ ၄၊ ၂၀၁၃
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေး တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့ ဆွေးနွေး ပြီးတော့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆက်လက် တွေ့ဆုံသွား ကြဖို့ သဘောတူညီခဲ့ကြပါတယ်။ ကချင်ပြည်နယ်က ငြိမ်းချမ်းရေး အလားအလာတွေ ဘယ်လောက်ရှိမလဲ ဆိုတာကို တော့ ရွှေလီမြို့မှာ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီငြိမ်းကို မေးကြည့်မှာ ဖြစ်ပါတယ်။


မေး။ ။ ဦးရော်နီရေ ဒီကနေ့ ဆွေးနွေးပွဲက တရက်ထဲနဲ့ အဆုံးသတ်သွားတယ်ဆိုတော့ ထူးထူးခြားခြား ရလဒ်တွေ ဘာတွေများ ရခဲ့သလဲရှင့် ပြောပါဦး။

ဖြေ။ ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ပွဲထက်တော့ ထူးခြားပါ တယ်။ ဘာကြောင့်လဲဆိုတော့ အသိသက်သေ သဘောမျိုးနဲ့ ပေါ့နော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီး မစ္စတာ (Luo Zhaohui) တို့၊ နောက်တခါ ကရင်အမျိုးသားအစည်းရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ နောက်တခါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က ဗိုလ်မှူးချုပ် စိုင်းလူနဲ့ ဗိုလ်မှူးကြီးနှစ်ယောက်တို့လည်း တက်ပါတယ်။ နောက်တခါ Euro-Burma Office က ဦးဟန်ညောင်ေ၀ တို့ ဦး ဗစ်တာ ဘျတ် လျံ (Victor Biak Lian) တို့လည်း တက်တာကြောင့် ထူးခြားတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

နောက်ပြီးတော့ ဒီတခေါက်မှာက တပ်မတော်ဘက်က ခေါင်းဆောင်တွေတော့ တက်ရောက်ခြင်း မရှိဘူး။ သို့သော် KIA ဘက်ကတော့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ကိုယ်တိုင် တက်ရောက် ပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ကို ကျနော် မေးကြည့်တဲ့အခါမှာ ဗိုလ်မှူးချုပ် ဂွမ်မော် က ဒီနေ့ ဆွေးနွေးပွဲရဲ့ ထွက်ပေါ်လာတဲ့ ရလဒ်နဲ့ ရှေ့အလားအလာကို ကျနော့်ကို အခုလို ရှင်းပြပါတယ်။

“ဒီဆွေးနွေးပွဲမှာတော့ ကျနော်တို့ ယုံကြည်မှု ပြန်လည် တည်ဆောက်ရေးနဲ့ ကချင်ဒေသမှာ ဆက်လက်ပြီးတော့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်စဲမလဲဆိုတဲ့ အပိုင်းကို အဓိကထား ပြီးတော့ ဆွေးနွေးတာပါ။ ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားပါမယ်။ နောက်ပြီး စစ်အရှိန်တွေ ကို လျှော့ပြီးတော့ စစ်ပြေငြိမ်းရေးဆိုတဲ့ အဆင့်အထိ ငြိမ်းချမ်းရေးဘက်ကို ရောက်အောင် ကျနော်တို့ သွားကြမယ်လို့ ကတိကဝတ် ပြုကြတဲ့ အစည်းအဝေးဖြစ်ပါတယ်။”

မြန်မာ့တပ်မတော်နဲ့ အရင် မြန်မာစစ်အစိုးရဖက်က ခေါင်းဆောင်တွေဟာ စေ့စပ်ဆွေးနွေးတတ်တဲ့ သဘောတရားကို တကယ်တမ်းမှာ မသိဘူး၊ စေ့စပ်ဆွေးနွေးပြီ ဆိုလို့ရှိရင် ကိုယ်လိုချင်တာ အကုန်ရရေးပဲ ဆိုပြီးတော့ အပေးနဲ့ အယူဆိုတာကို နားလည်ခြင်း မရှိဘူးလို့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်တွေ ရှိနေတဲ့အပေါ် အခု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီရဲ့ ဒုဥက္ကဋ္ဌ၊ ဆွေးနွေးပွဲကို ဦးဆောင်လာတဲ့ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်း ကို ဗွီအိုအေက မေးကြည့်ပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာ ကျနော်က တောင်းဆိုတာ တခုမှမရှိဘူး။ သူတို့တောင်းဆိုတာတွေ အားလုံးကို ကျနော်က ပေးနိုင်အောင်ပဲ ပြင်ဆင်ထားတယ်။ သူတို့တောင်းဆိုတာတွေ အားလုံးကို ပေးခဲ့တာပဲဖြစ်တယ်။ တချို့တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲတွေမှာ တခါတလေကျရင် သူတို့ပြောလာတာရှိတယ်။ ဟာ ဦးအောင်မင်း ကျနော်တို့ တောင်းတာတွေ အများကြီးပဲ ခင်ဗျားအနေနဲ့ ဘာများတောင်းဦးမလဲ ဆိုပြီး ပြန်မေးတာရှိတယ်။ ကျနော် တောင်းဖို့ လာတာမဟုတ်ဘူး ပေးဖို့လာတာဖြစ်တယ်၊ ကျနော် ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့တောင်းတာ အားလုံးကို ပေးနိုင်အောင် လုပ်သွားမယ် ဆိုပြီးတော့ပဲ သူတို့ကို ပြောပြခဲ့တာပဲ။ အခုလည်း ဒီတိုင်းပဲ ဘာမှ မတောင်းခဲ့ဘူး ပေးတာပဲရှိတယ်။”

ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ကနေပြီးတော့မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အနေနဲ့ ဆောင်ရွက်နေတဲ့ ဦးလှမောင်ရွှေကို မေးကြည့်တဲ့အခါမှာလည်း သူ့ရဲ့ အမြင်ကိုလည်း ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော့်အမြင်ကို ပြောရရင်တော့ တနေ့တာ ဆွေးနွေးပွဲ အခြေအနေကို ကြည့်ရတာကတော့ အများကြီး ပွင့်ပွင့်လင်းလင်းနဲ့ ကျနော်တို့ ရင်းရင်းနှီးနှီး ဆွေးနွေးကြတယ်။ နောက်ထပ် ဆွေးနွေးဖို့ အတွက်လည်း ကျနော်တို့ ပြင်ဆင်နိုင်တယ်။ ဒီလို ပူးတွဲကြေညာချက်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရှေ့ပိုင်းတုန်းက မထုတ်နိုင်ဘဲနဲ့ အခု ကျနော်တို့ ဒီလိုမျိုး ထုတ်နိုင် တာကိုက ဒါ အများကြီး အပြုသဘောဆောင်ပြီးတော့ နှစ်ဘက်ကလည်း ယုံကြည်မှု ကျနော် တို့ ကြိုးစားပြီးတော့ ပြန်လည် တည်ဆောက်နေတယ်လို့ပဲ ကျနော်တို့က ဒီလိုပဲ ခံစားရပါတယ်။ ကျနော်တို့အားလုံးကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ယုံကြည်မှုကို အားလုံးက ဝိုင်းဆောက်ဖို့ လိုတယ်။ ရလာတဲ့ ငြိမ်ချမ်းရေးကိုလည်း ဝိုင်းတော့ အားလုံး တာဝန်ကိုယ်စီယူပြီးတော့ ဆက်ပြီးတော့ စောင့်ထိန်းနိုင်မှပဲ ဒီဟာတွေက ခိုင်မြဲမယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

နောက်တကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေနဲ့ UNFC နဲ့ ညှိနှိုင်းပြီးတဲ့နောက် ဖေဖော်ဝါရီလ မကုန်ခင်မှာ ထပ်ပြီး ကျင်းပဖို့၊ ဒီအစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားဖို့ ဆိုပြီးတော့ သူတို့ သဘောတူခဲ့ကြပါတယ်။ နောက်တခါ ခိုင်မာတဲ့ စစ်ပြေငြိမ်း ရေးကို နှစ်ဘက် အလျှင်အမြန် အကောင်အထည် ဖော်ဖို့အတွက် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ လေ့လာ
စောင့်ကြည့်ရေးစနစ် ပေါ်ပေါက်ရေးကိုလည်း သူတို့ ဆက်ပြီး ဆွေးနွေး ကြဖို့အတွက်ကို ဒီနေ့ သဘောတူညီခဲ့ကြတာကိုလည်း တွေ့ရပါတယ်ခင်ဗျ။

မေး။ ။ ဒါပေမဲ့ မကြာသေးခင်ကအထိ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပြီး KIO ဌာနချုပ်နားအထိ စစ်တပ်က ထိန်းချုပ်ထားလိုက်တဲ့အတွက် ဒါဟာ သူတို့ကို လက်လိမ်ချိုးပြီးမှ စကားပြောဖို့ လုပ်တာမျိုးလို KIO ဘက်က ခံစားရတယ်လို့ ပြောတာမျိုးတွေ ရှိပါတယ်။ ဦးရော်နီ ဘာတွေများ ကြားမိသေးလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ အဲ့ဒါ အခု ဒီမှာ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာကိုပဲ ဟိုမှာ တိုက်ပွဲ ဖြစ်နေ တယ်ဆိုတဲ့ သတင်းကို ရရှိတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါက တပိုင်းပေါ့နော်။ အခုဟာကတော့ စောစောက ကျနော်ပြောသလိုပေါ့ ယုံကြည်မှုက တော်တော်လေး ပြန်ရလာတဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ ဗိုလ်မှူးချုပ် ဂွမ်မော် ကိုယ်တိုင် KIA ဘက်ကနေ တက်လာတာကို ကျနော်တို့ တွေ့ရပါတယ်။

နောက်တခါ သူတို့ တရက်တည်းနဲ့ မပြီးပြတ်အောင် ဆွေးနွေးတယ်ဆိုတာကလည်း တကယ့် ဆွေးနွေးပွဲကြီးကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ KIO အဖွဲ့နဲ့ တကယ့် ဆွေးနွေးပွဲကြီး လုပ်ဖို့ အတွက် ပဏာမ ဆွေးနွေးပွဲ ဒီနေ့ အောင်မြင်တယ်ဆိုတော့ တကယ့် ဆွေးနွေးပွဲကြီးကို ဆက်သွားဖို့ အတွက် အောင်မြင်တယ်လို့ပဲ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်တခါ KIO ကိုယ်စားလှယ် ဘက်တွေက ဟိုတခေါက်ရဲ့ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် လည်း တက်ရောက်တာကို တွေ့ရပါ တယ်။ ဟိုတခေါက်တုန်းက ပါလာတဲ့ ဒုဗိုလ်မှူးကြီး လဖိုင်လ၊ ဒုဗိုလ်မှူးကြီး ဖုန်ဂမ်ခွန်နော် စတဲ့ KIO ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ တက်တာကို တွေ့ရတဲ့အတွက် တရက်တည်းနဲ့ဆိုပေမဲ့ ဒီနေ့ဟာ နောက်ပိုင်း တကယ့်ပွဲကြီး အတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောကို တွေ့ရတဲ့အတွက်ကြောင့်မို့ ဒါ ထူးခြားတယ်လို့ အတိုင်းအတာတခုထိ အောင်မြင်တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။

ဒါကတော့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်း ကနေ တိုက်ရိုက်သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG