သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေးအဖွဲ့နဲ့ KIO အပစ်ရပ် ပူးတွဲ စောင့်ကြည့်ရေးဆွေးနွေး


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က Technical Advisory Team ခေါ် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ ဆက်လက်ကျင်းပခဲ့ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည်ရေးအဖွဲ့ ပူးပေါင်း ဖွဲ့စည်းဖို့နဲ့ နှစ်ဘက်တပ်တွေ ဆက်လက် နေရာချထားရေးကိစ္စတွေကို လာမယ့်လမှာ ကျင်းပမယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးနိုင်ဖို့အတွက် ညှိနှိုင်းခဲ့ကြပါတယ်။

လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ရဲ့ ၂ရက်ကြာ ဆွေးနွေးပွဲမှာတော့ အချက် ၅ ချက်ကို အလေးထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIO နဲ့ MPC ရဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ရဲ့ ဒုတိယနေ့ ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့က KIO အဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ရုံးမှာ မနက် ၉ နာရီခွဲကနေ ၃ နာရီခွဲထိ ကျင်းပခဲ့ပြီး အချက်၂ ချက်ကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေကို KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

“ဒီကနေ့ အစည်းအဝေးမှာတော့ Joint Monitoring Committee ဖွဲ့စည်းရေးပဲ ကျနော်တို့ ဆွေးနွေးတယ်။ ပြီးရင် ဒီ တပ်ပိုင်းဆိုင်ရာကို တပ်အရေအတွက်နဲ့ တပ်နေရာချထားရေး၊ နှစ်ဘက်တပ်များတည်ရှိမှု အနေအထားပြမြေပုံ ဒီဥစ္စာလုပ်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။”

Joint Monitoring Group ခေါ် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည်ရေးအဖွဲ့ ပူးပေါင်း ဖွဲ့စည်းဖို့မှာတော့ အစိုးရဘက်က တခြား အပစ်အရပ်အဖွဲ့ ၅ ဖွဲ့နဲ့ လုပ်ဆောင်နေပြီ ဖြစ်တာကြောင့် KIO ဘက်က တင်ပြချက်နဲ့ အများအားဖြင့် ကိုက်ညီမှုရှိကြောင်း ပြောပါတယ်။ တပ်တွေ နေရာချထားရေး ကိစ္စနဲ့ပတ်သက်ပြီး KIO ရဲ့ တင်ပြချက်ကိုတော့ ဦးဒေါင်ခါးက အခုလို ရှင်းပြပါတယ်။

“စက်တင်ဘာ ၃၀ ရက်နေ့အထိတော့ နှစ်ဘက်တပ်များ တည်ရှိမှု အနေအထားပြမြေပုံကို နှစ်ဘက်ကိုယ်စားလှယ် ဆွေးနွေးပွဲမှာ အစည်းအဝေးအတွင်းမှာ ကျနော်တို့ ဒါ အတည်ပြုမှုပေါ့ မှတ်တမ်းတင်မှုကို ကျနော်တို့ လုပ်မယ်။ အဲ့ဒီကနေမှတဆင့် ကျနော်တို့ဟာ ရှေ့တန်းပြဿနာတွေကို ဖြေရှင်းမယ်။ သဘောတရားက နီးကပ်လွန်းတဲ့ စစ်တပ်တွေကို ဘယ်လိုခွာမလဲ၊ ပြီးရင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ဘယ်လိုထားရှိမလဲ၊ အရပ်တပ်တွေရဲ့ သွားလာမှုကို ဘယ်လိုသဘောထားမလဲ စသည်ဖြင့်ပေါ့။ အဲ့ဒီအခြေခံပေါ်မူတည်ပြီးတော့ ဒီ Monitoring Program တွေကို လုပ်သွားမယ်။”
မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ လုပ်ငန်းညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ၂ ရက်တာ ဆွေးနွေးမှုမှာ အချက် ၅ ချက်ကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ Agenda ၅ ခု ဆွေးနွေးဖို့ သဘောတူတော့ အဲ့ဒီ ၅ ခုလုံး ဒီကနေ့ ဆွေးနွေးလို့ပြီးတယ်ဗျ။ နောက်တကြိမ် ကျင်းပမယ့်အစည်းအဝေး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၊ နောက် ကျနော်တို့ IDP ကိစ္စ၊ အပစ်အခတ် စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ Ceasefire Monitoring ကိစ္စ ဆိုပြီးတော့မှ ကျနော်တို့ဘက်က အဆိုပြုထားတဲ့ Nationwide Ceasefire ပေါ့နော် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲနိုင်မှုနဲ့ အထွေထွေဆိုပြီး ၅ ချက် ဆွေးနွေးတယ်ဗျ။ အဲ့ဒီ ၅ ချက်လုံး ကျနော်တို့ ဒီနေ့တော့ ဆွေးနွေးလို့ ပြီးပါတယ်။”

အောက်တိုဘာလ ပထမပတ်မှာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေ ဆွေးနွေးရေးကိုတော့ နှစ်ဘက်အဖွဲ့တွေက သက်ဆိုင်ရာ ဗဟိုကို တင်ပြသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အထွေထွေခေါင်းစဉ်အောက်မှာတော့ ပြည်ထောင်စုအဆင့် မဆွေးနွေးမှီ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ ထပ်မံ တွေ့ဆုံဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ လက်ရှိ ပြီးဆုံးသွားတဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲအပေါ်မှာတော့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဟုတ်တယ်ဗျ။ ဒီဆွေးနွေးပွဲဖြစ်ဖို့ ကျနော်တို့ဘက်က ၃ လခွဲလောက် စောင့်လိုက်ရတဲ့ သဘောတော့ ဆောင်ပေမဲ့ တကယ် ဆွေးနွေးကြည့်တဲ့အခါကျတော့လည်း တော်တော်လေး ကျနော်တို့ ကြိုတင်မျှော်လင့်ထားတာထက်ကို ကောင်းတယ်လို့ ပြောရမယ်။ နောက် ကျေနပ်အားရမှုကတော့ ခေါင်းစဉ် ၅ ခုလုံးမှာလည်း ရှိသလို၊ ကျနော်တို့ဘက်က တင်ပြလိုတဲ့ Nationwide Ceasefire ပေါ့လေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ကျနော်တို့ဘက်က သေသေချာချာ တင်ပြနိုင်ခဲ့တဲ့အတွက်ကို ကျနော်ကတော့ ပိုအားရပါတယ်။”

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးအင်ရှန်ဆန်အောင် ကတော့ တပ်နေရာချထားရေးနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းနိုင်ရင် IDP ခေါ် ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့နဲ့ အခြားကိစ္စတွေ ဆောင်ရွက်ဖို့အတွက် အလားအလာ ပိုကောင်းလာမယ်လို့ သုံးသပ်ပါတယ်။

“အဓိက လက်မှတ်ရေးထိုးရင်လည်း အဲ့ဒါတွေ မလုပ်ထားရင်တော့ တိုက်ပွဲက အချိန်မရွေးပဲ ပြန်ဖြစ်မှာပါ။ အဲ့ဒါကြောင့် ဒီ တပ်နေရာချထားရေးနဲ့ Joint Monitoring ကတော့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဲ့ဒါတွေ လုပ်ပြီးမှပဲ မိုင်းရှင်းလင်းရေးတွေ ဘာတွေကလည်း အဲ့ဒီအခါကျတော့မှပဲ လုပ်ရမှာပေါ့။ ပြီးတော့ IDP တွေလည်း ပြန်နေရာချထားလို့ ရပြီပေါ့။ အဲ့ဒါတွေလုပ်နိုင်မှ ရှေ့ဆက်ပြီးမှ ကျန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး လုပ်လို့ရမယ့် အနေအထားမျိုးလို့ သုံးသပ်လို့ ရတယ်ပေါ့။”

KIO နဲ့ အစိုးရတပ်အကြား၂ နှစ်ကျော်ကြာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာတော့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေဟာ အနည်းဆုံး ၁၅ ကြိမ်လောက် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဆွေးနွေးပွဲမှာတော့ တိုက်ပွဲတွေ လျှော့ချဖို့၊ တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းဖို့ အပါအဝင် အချက် ၇ ချက်ကို သဘောတူညီခဲ့ပေမဲ့ ဆွေးနွေးပွဲပြီးနောက်မှာ ကချင်ပြည်နယ်အတွင်းက နေရာဒေသ ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပူတာအိုခရိုင် မချမ်းဘောဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ KIA တပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ တပ်မတော် အရာရှိတဦးကို ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက KIO အဖွဲ့ကို စာရေးမေးမြန်းထားပြီး ဒီရက်ပိုင်းတွေအတွင်းမှာ KIO ဗဟိုက တရားဝင် အကြောင်းပြန်ကြားဖို့ ရှိနေပါတယ်။
XS
SM
MD
LG