သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲများ နှစ်ဖက် ပြန်သုံးသပ်မည်


အောက်တိုဘာ ၁၀၊ ၂၀၁၃ ခုနှစ်က မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့ မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြစဉ်။
အောက်တိုဘာ ၁၀၊ ၂၀၁၃ ခုနှစ်က မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့ မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြစဉ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေချိန် တိုက်ပွဲတွေ အရှိန်မြင့်လာနေတာကို ပြန်သုံးသပ်ဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ မနက်ဖြန် အင်္ဂါနေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ရှေ့တိုးနိုင်ဖို့ရာ တပ်မတော်ရဲ့ ထောက်ခံမှု အဓိက လိုအပ်တယ်လို့ အမေရိကန်က ပြောဆိုပြီး မကြာခင်မှာပဲ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂနဲ့ တရုတ်ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲနဲ့ KIO ဘက်က ဖမ်းဆီးထားတဲ့ အရပ်သားတချို့ ပြန်လွှတ်ပေးခဲ့တဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ UWPC ကိုယ်စားလှယ်အဖွဲ့တို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အင်္ဂါ နဲ့ ဗုဒ္ဓဟူး ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား နဲ့ တရုတ်အထူးသံကိုယ်စားလှယ် အပါအဝင် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ နဲ့ PCG ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တို့ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတာပါ။ အဲ့ဒီလို နှစ်ဘက် တွေ့ဆုံတဲ့အခါမှာ KIO ဘက်က အဓိက ဆွေးနွေးမယ့် အချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို တက်ရောက်မယ့် PCG အဖွဲ့မှ ဦးစန်းအောင် က အခုလို ပြောပြပါတယ်။

“အဓိကဆွေးနွေးမယ့်အကြောင်းအရာက ကျနော်တို့ သိရသလောက်ဆိုရင်တော့ ၂၀၁၃ မေလကနေ အောက်တိုဘာလအတွင်းမှာ အစိုးရနဲ့ KIO နဲ့ လက်ရှိအကောင်အထည်ဖော်နေတဲ့ဟာ တချက်လောက်ပဲ ရှိတဲ့အခါကျတော့ ကျန်တဲ့ဟာတွေ အကောင်အထည်ဖော်နိုင်ရေးအတွက်ကို သူတို့ ဆွေးနွေးကြမယ်။ အကောင်အထည်ဖော်နိုင်တဲ့အချက်က KIO Techanical Team ရုံးရှိပြီးသား အဲဒီဟာ တချက်ပဲ ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်တယ်။ ကျန်တဲ့ဟာကတော့ အားလုံးက (၆) ချက်ကျန်တာပေါ့။ IDP ကိစ္စ၊ စစ်အရှိန်လျှော့ဖို့ကိစ္စ၊ Joint monitor ကိစ္စ၊ ပြီးရင်နိုင်ငံရေးဆွေးနွေးဖို့ ကိစ္စ၊ အဲဒါလေးတွေပါ။ အဓိက ကတော့ တပ်နဲ့ ပတ်သက်တာလေးတွေ ပါပါလိမ့်မယ်။”

တပ်ပိုင်းဆိုင်ရာကိစ္စတွေကို အဓိကထားဆွေးနွေးမယ့် ဒီဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တပ်မတော်အရာရှိကြီးလည်း တက်ရောက်မှာဖြစ်ပြီး လက်ရှိ
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဝန်ကြီးဦးအောင်မင်းတို့ဘက်က ဘယ်လိုဖြေရှင်းသွားဖို့ရှိသလဲ ဆိုတာကိုတော့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေ က -

“နှစ်ဘက်ပေါ့လေ။ ဒါကတော့ ဒိုင်ယာလော့ဂ် ပါတနာ (Dialogue partner) အနေနဲ့ နှစ်ဘက် စားပွဲဝိုင်းမှာ ညှိနှိုင်းကြဖို့ပါပဲ။ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ - အဓိက ကတော့ နှစ်ဘက်ဆွေးနွေးတဲ့အပေါ်မှာပဲ မူတည်တဲ့သဘောရှိတယ်။ တပ်မတော်အပိုင်းကတော့ စားပွဲဝိုင်း ရောက်တဲ့အခါကျတော့လည်း သူတို့ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်။”
ဒီဆွေးနွေးပွဲမတိုင်ခင်မှာတော့ KIO ဘက်ကနေ သူတို့ဖမ်းဆီးထားတဲ့ အရပ်သားတချို့ကို တနင်္ဂနွေနေ့က ပြန်လွှတ်ပေးခဲ့ပြီး ဒီလူတွေကို PCG က သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ ဦးစန်းအောင် က ဆက်ပြောပြပါတယ်။
“ကျနော်တို့အဖွဲ့တွေ သွားကြိုနေပါတယ်။ မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်ရှိတဲ့--- ရွာမှာ သွားကြိုနေပါတယ်။ ဝန်ထမ်း ၂ ဦး အပါဆိုရင် အားလုံး ၁၆ ယောက်လောက်ရှိတယ်။ အခု သဘက်ခါလုပ်မယ့် ဆွေးနွေးပွဲကို လေးစားတဲ့အနေနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရတယ်။”

အခုပြန်လွှတ်ပေးခဲ့တဲ့ လူတွေကို ဒီလဆန်းပိုင်းမှာ KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ ကနေ မြစ်ကြီးနားမြို့အနီး ပတ်ဝန်းကျင်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ပြန်မလွတ်သေးတဲ့သူတွေလည်း ရှိနေသေးပြီး တချို့ကတော့ တပ်ပြေးနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ဖြစ်ကြတယ်လို့ PCG က ပြောဆိုပါတယ်။ အလားတူ မြန်မာစစ်တပ်ကလည်း ကချင်ပြည်နယ် မန်စီမြို့နယ်တွင်းမှာရှိတဲ့ လဂတ်ယန် IDP စခန်းက ဒုက္ခသည် ၁၄ ယောက်ကို ပြီးခဲ့တဲ့လက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။

ဒါ့အပြင် မြန်မာအစိုးရတပ်တွေနဲ့ ကချင်၊ ပလောင်၊ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ စနေနေ့ကအထိ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေခဲ့တာပါ။ ဒီတိုက်ပွဲတွေအပြင် မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီးသား SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ဆက်ဆံရေးရုံးတခုကို စစ်တပ်က ကြိုတင်ပြောဆိုချက်မရှိဘဲ ရုတ်တရက် ဝင်ရောက် ရှာဖွေမှုတွေ လုပ်ခဲ့တာကြောင့် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်နေတာကို ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

လာမယ့် ၁၉ ရက်နေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ဝန်ကြီးဦးအောင်မင်းတို့ ထပ်မံ တွေ့ဆုံတဲ့အခါ ဒီအခြေအနေတွေကို တင်ပြဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ကလည်း - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ - မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်ဖို့အတွက် တပ်မတော်ရဲ့ ထောက်ခံမှုကို အမေရိကန်က မြင်တွေ့လိုကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG