မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ကို အရင် အပစ်မရပ်ခင်ကာလက သုံးနှုန်းတဲ့ သောင်းကျန်းသူများအဖြစ် ယနေ့သတင်းစာမှာ စစ်အစိုးရက ဖော်ပြလိုက်ပါတယ်။ ဒီတပတ်အတွင်း မိုးကောင်းမြို့ ကချင်အထူးဒေသ (၂) ၀န်းကျင်တွင်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးမှုဖြစ်ရပ်ဟာ ကေအိုင်အေ သောင်းကျန်းသူများ မြှုပ်ထားတဲ့မိုင်း နင်းမိတာဖြစ်တယ်လို့ ပြောပါတယ်။ ကေအိုင်အိုနဲ့ စစ်အစိုးရက ဆက်ဆံရေး ဘယ်လိုရှိပါသလဲ၊ ရန်သူတွေလို ဖြစ်နေကြပြီလား ဆိုတာ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က တင်ပြထားပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားတဲ့ မိုင်းကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး တစ်ဦး ဒါဏ်ရာရသွားတယ်လို့ အစိုးရ ကြေးမုံသတင်းစာမှာ ဖော်ပြလိုက်တာပါ။
မိုးကောင်းမြို့ ကေအိုင်အေ တပ်ရင်း (၅) အခြေစိုက်တဲ့နယ်မြေက နွားလပို့ တောင်ပေါ်မှာ ပင်းဘော ကျေးရွာအုပ်စု ပင်းကြိုင်းကျေးရွာက ရွာသား ၅ ယောက်က သားကောင်ဖမ်းဖို့ ထောင်ထားတဲ့ တုတ်ကိုင်းများ သွားဖြုတ်ချိန် ခုလို တောင်ထိပ်မှာ ကေအိုင်အေ သောင်းကျန်းသူများ မြှုပ်ထားတဲ့ မိုင်းနင်းမိတာကြောင့် သေးဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကေအိုင်အို အနေနဲ့ကတော့ ခုလို မိုင်းပေါက်ကွဲမှု ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် တစုံတရာ မှတ်ချက်မပေးလိုဘူးလို့ ကေအိုင်အို ဒု-အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောပါတယ်။
ဒါပေမဲ့ အခုလို စစ်အစိုးရအနေနဲ့ ကေအိုင်အိုကို သောင်းကျန်းသူများ အဖြစ် သတင်းစာမှာ ရေးသားဖော်ပြ လိုက်တာကတော့ သူတို့အပေါ် တင်းမာနေတဲ့ အခြေအနေတခု ဖြစ်သွားခဲ့တယ်လို့ ကေအိုင်အို ဒု-နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းလွမ်းဒေါင်က ပြောပါတယ်။
“ဒါက အရင်အရင် ကျတော်တို့ အပစ်အခတ် ရပ်စဲခြင်းမလုပ်သေးခင် သူတို့ပေးနေကျ နာမည်ဖြစ်ပါတယ်။ ဒီစက်တင်ဘာလ ၁ ရက်၊ ပြီးခဲ့တဲ့ ၁ လမှ စပြီးတော့မှ ကျနော်တို့ကို ပြန်ပြီးမှ သူတို့ရဲ့ အသိအမှတ်ကတော့ မိတ်ဆွေအသိအမှတ် မဟုတ်ဘဲနဲ့ ရန်သူ အသိအမှတ် ပြန်လုပ်လိုက်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်တယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့မှ သောင်းကျန်းသူပုန်လို့ ဒါ ပြောနိုင်ပါလိမ့်မယ်။”
အစိုးရသတင်းအရ ၂၀၁၀ ခုနှစ် ဇန်န၀ါရီကနေ အောက်တိုဘာ ၁၄ ရက်အထိ နိုင်ငံတ၀န်းက သောင်းကျန်းသူတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် သေးဆုံးတဲ့သူ ၂၅ ယောက်နဲ့ ဒါဏ်ရာရသူ ၅၉ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်အစိုးရက အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဖိအားပေးခဲ့တာကို ငြင်းဆန်ခဲ့တဲ့နောက်ပိုင်း တင်းမာမှုတွေရှိလာတာကြောင့် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်လာရင် ကာကွယ်ဖို့အတွက်တော့ လက်နက်တွေ တပ်ဆင်တာတွေ ရှိတယ်လို့ ကေအိုင်အို သတင်းရပ်ကွက်က သိရပါတယ်။
ခုလို အပြန်အလှန် စစ်ရေးပြင်ဆင်တာရှိပေမဲ့ သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကတော့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးမယူခင်က အခြေအနေ ပြန်ရောက်သွားတယ်လို့ တရုတ်နယ်စပ်ရှိ စစ်ရေးအကဲခတ် လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“ဒီမှာ ထူးခြားတာက သောင်းကျန်းသူလို့ စကားလုံး သုံးထားတာက တကယ်မကောင်းတဲ့ ကိစ္စပါ။ အတော်မကောင်းတဲ့ ကိစ္စပါ။ ဒါက အရင်တုန်းက သုံးစွဲမိတဲ့ ၉၄ ငြိမ်းချမ်းရေး မရခင် ခုတော့ငြိမ်းချမ်းရေး ပျက်ပြားပြီဆိုတဲ့ သဘော ပြောချင်တာပါ။ မရှိတော့ဘူးဆိုတဲ့သဘော။”
တင်းမာမှုတွေ ဘယ်လောက်ရှိနေပေမဲ့ ရွေးကောက်ပွဲကာလအတွင်းတော့ မြန်မာစစ်အစိုးရက ထိုးစစ်ဆင်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ကေအိုင်အို အနေနဲ့ကတော့ စစ်အစိုးရက ရန်သူလိုသဘောထားပေမဲ့ ငြိမ်းချမ်းစွာ ဆက်လက် ညှိနှိုင်းဖို့ကို လိုလားတယ်လို့ ဗိုလ်မှူး ဂျိမ်းလွမ်းဒေါင်က ပြောပါတယ်။
“ဘာကြောင့်လဲဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေး ရယူဖို့ဟာ တိုက်ပွဲဝင်ခြင်းအားဖြစ်သာ ဖြစ်မယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်မှာ ငြိမ်းချမ်းရေး ရပြီပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့က ဒီကနေ့ အပစ်အခတ် ရပ်စဲထားတယ်။ ဒါကြောင့် ကျနော်တို့ မိသားစုအနေနဲ့ ဆွေးနွေးသွားဖို့။ ဒီတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို မိသားစုအနေနဲ့ လုပ်သွားဖို့သာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ နောင်တော်ကြီးဖြစ်တဲ့ အစ်ကိုကြီး တစ်ယောက်ပေါ်မှာ နားလည်မှုထားပါတယ်။ အခု ဘာဖြစ်လို့ ကျနော်တို့ကို ဒီလိုခေါ်သလဲ ဆိုတာ။”
မြန်မာစစ်အစိုးရက ကေအိုင်အိုကို စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံး ထားပြီး အသွင်ပြောင်းဖို့၊ မပြောင်းရင် တရားမ၀င်အသင်းအဖြစ် ကြေညာမယ်လို့ သတိပေးခဲ့တာကို ငြင်းဆိုခဲ့တဲ့နောက်မှာတော့ ဒါဟာ အပစ်ရပ်ကာလမှာ ပထမဦးဆုံးအကြိမ် သုံးနှုန်းဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။