သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ မြန်မာအစိုးရ ရွှေလီမှာ ဒုတိယအကြိမ် ဆွေးနွေးမည်


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့ဟာ ဒီလ ၈ ရက်နေ့ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားပြီး KIO ဘက်က အချက် ၃ ချက်အပေါ်မှာ မူတည်ပြီး အပစ်အခတ် ရပ်စဲရေးအပါအဝင် သဘောတူညီချက်တွေ ရရှိအောင် ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဆက်လက် ဖြစ်ပွားနေပါတယ်။ နယ်စပ်ဒေသကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာလည်း မကြာခင် မိုးရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အမိုးအကာ၊ စားနပ်ရိက္ခာအပြင် ဆေးဝါးတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ အကြား နေရာ ရွေးချယ်မရတာကြောင့် နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ ကြန့်ကြာနေရာက ဒီရက်ပိုင်းမှာတော့ ဆွေးနွေးဖို့ နေရာနဲ့ နေ့ရက်ကို နှစ်ဘက်သဘောတူ သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်း နှစ်ဘက် ထပ်မံတွေ့ဆုံမယ့် အစီအစဉ်ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

“ဒီမတ်လ ၈ ရက်မှာ စပြီး တွေ့ဖို့ ကျနော်တို့ ညှိနှိုင်းနေတယ်ခင်ဗျ။ ကျနော်တို့ ၈ ရက်နေ့ တွေ့ဖို့ကို အတည်ပြုပါပြီ။ အခုကတော့ သွားရေးလာရေးနဲ့ အခြားကိစ္စတွေကို အပြန်အလှန် ဆက်သွယ်နေကြတဲ့ သဘောပါ။ နေရာကတော့ အရင်နေရာပါပဲ၊ ရွှေလီမှာပဲ တွေ့ဖို့ပါ။”

KIO ကိုယ်စားလှယ် အဖွဲ့နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ နောက်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ဆုံး တွေ့ဆုံပွဲမှာ စစ်ရေးတိုက်ခိုက်မှု အရှိန်လျော့ချဖို့နဲ့ ပြဿနာဖြစ်နိုင်တဲ့ ဒေသအတွင်း နှစ်ဘက်တပ်တွေ ကိစ္စကို ညှိနှိုင်း ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒီတစ်ခေါက် ထပ်မံဆွေးနွေးရင်တော့ KIO ဘက်က အချက် ၃ ချက်အပေါ်မှာ မူတည်ပြီး သဘောတူညီချက် တစ်စုံတစ်ရာ ရရှိအောင် ပြင်ဆင်ထားတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

“ကျနော်တို့က ခိုင်ခိုင်မာမာနဲ့ အပစ်အခတ် ရပ်ဆိုင်းတာ ဖြစ်ချင်တယ်။ အဲတော့ ဘယ်လို ပုံစံမျိုးနဲ့ အပစ်ရပ်မလဲ။ ဘယ်လိုအချက်အပေါ်မှာ အခြေခံပြီး လက်မှတ်ထိုးကြမလဲ ဆိုတာကို ကျနော်တို့ ဦးအောင်သောင်းတို့ဆီကို စာနဲ့ proposal တင်ထားတာရှိပါတယ်။ အဲတော့ ဒီတစ်ခေါက်မှာ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်လု့ိ ရှိရင်တော့ အဖြေတစ်ခုခု ထွက်လာမယ်လို့ ထင်တယ်လေ။ ကျနော်တို့ မူအရ ပြောမယ်ဆိုရင်တော့ နိုင်ငံရေးအရ ဆွေးနွေးလိုသော စိတ်ဓါတ်ပေါ့နော်၊ political will ရှိရမယ်။ နောက်ပြီးတော့ ဆက်ပြီးမှ ဘယ်လို ဆွေးနွေးမလဲဆိုတဲ့ လမ်းကြောင်းတွေ နှစ်ဘက် သေသေချာချာ ဆွေးနွေးရမယ်။ နောက် တတိယအချက်ကတော့ ပြဿနာဖြစ်ပွားနိုင်တဲ့ ဒေသမှာရှိတဲ့ နှစ်ဘက်တပ်တွေ ကိစ္စကို ဆွေးနွေးအဖြေရှာမယ်။ လက်တွေ့ အကောင်အထည်ဖော်မယ်။ ဒီအခြေအနေ ၃ ခုပေါ်မှာ မူတည်ပြီး ကျနော်တို့က cease fire agreement ပဲဖြစ်ဖြစ်၊ agreement တစ်ခုခုကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ဟာကတော့ အဲဒီအပေါ်မှာပဲ မူတည်မှာပါ။”

လောလောဆယ်မှာတော့ KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြားမှာ နေ့စဉ်လို တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်သလို အစိုးရဘက်က ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ လိုင်ဇာ၊ ဟိုပင် ဒေသဘက်တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်ဖွဲ့အခြေစိုက်ရာ ဒေသဘက်တွေကို တပ်ရင်းတပ်ဖွဲ့တွေ ထပ်မံစေလွှတ်နေတယ်လို့ ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ အခုဆိုရင် ၉ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ခြောက်သောင်း ကျော်လောက်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်း စတဲ့ ကချင်ပြည်နယ် အတွင်းက မြို့တွေဆီကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တရုတ်နယ်စပ်က ဒုက္ခသည်အရေး ကူညီနေသူတစ်ယောက်ကတော့ နယ်စပ်ဒေသမှာ ဒုက္ခသည် လေးသောင်းခွဲ လောက်ရှိပြီး သူတို့ အများစုနေထိုင်ရာ မိုးကာတဲတွေဟာ ဟောင်းနွမ်း စုတ်ပြဲကုန်တာကြောင့် မိုးကာစတွေ လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

အထူးသဖြင့် မကြာခင် မိုးရာသီကို ရောက်ရှိတော့မှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ဖို့လည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

“လိုတာတွေတော့ အများကြီးပဲ။ ဆေးဝါးတွေတော့ မိုးတွင်းအတွက်လည်း ကြိုတင်ပြင်ဆင်ရမယ့် အခြေအနေတွေတော့ ရှိပါတယ်။ အများအားဖြင့်တော့ ငှက်ဖျားတွေ၊ ဝမ်းရောဂါနဲ့ ပတ်သက်တာတွေတော့ ပိုပြီးမှ လိုတာပဲ။ မိုးတွင်းအတွက် ဆိုရင်တော့ နေရေးထိုင်ရေး၊ တဲတွေ အိမ်တွေ ဒါတွေက မိုးလုံလေလုံ လုပ်ရမှာတွေ ရှိတယ်။ တချို့နေရာမှာဆိုရင် လမ်းပန်း ဆက်သွယ်ရေး ခက်တယ်ဆိုတော့ ကျနော်တို့ ရိက္ခာတွေ ဆန်တွေဘာတွေလည်းပဲ တတ်နိုင်ရင်တော့ တစ်လအတွက်တော့ စုထားမှ စိတ်ချရတာပေါ့။ လူလည်း များတယ်။ နေ့တိုင်းလိုလို သုံးနေတယ်ဆိုတော့ ဗြုံးကနဲ စီစဉ်ဖို့လည်း အခက်အခဲရှိတယ် ဆိုတော့၊ ဒီလို အခက်အခဲ ရှိပါတယ်။”

နယ်စပ်ဒေသက ဒုက္ခသည်တွေကိုတော့ KIO အဖွဲ့နဲ့ တရုတ်နယ်စပ် ဒေသက ကချင်လူမှုအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီနေတာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းက မြို့ပေါ်ဒေသတွေကို ထွက်ပြေးကြတဲ့ ဒုကသည်တွေကိုတော့ အစိုးရအပါအဝင် ကုလသမဂ အဖွဲ့အစည်းတွေနဲ့ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့တွေက ကူညီထားတာဖြစ်ပါတယ်။

XS
SM
MD
LG